မေးမြန်းခန်း

AA နဲ့ တပ်မတော် တိုက်ပွဲကြားက ပလက်ဝမှာ ဘာတွေဖြစ်နေပြီလဲ

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အကြား ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ပလက်ဝမြို့အရှေ့ဘက်ကမ်းကို ယမန်နေ့ (ဧပြီ ၂၂) မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ့နေ့ ညနေပိုင်းမှာပင် မြို့ပေါ် လက်နက်ကြီးကျည် ကျရောက်တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ၃ ဦး ထပ်မံသေဆုံးသွားခဲ့တဲ့အတွက် ယခုအခါ ပလက်ဝမြို့မှ ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦးဟာ လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့ပါတယ်။

တပ်မတော်က မြို့ရဲ့ အရှေ့ဘက်ကုလားတန်မြစ်တစ်ဖက်ကမ်းမှာရှိနေပြီး ရက္ခိုင့်တပ်တော် AA ကတော့ မြို့ရဲ့အနောက်ဘက် တောင်တန်းတွေပေါ်မှာရှိနေတဲ့အတွက် ပလက်ဝမြို့ဟာ တပ်နှစ်ခုရဲ့ အလယ်မှာ ကျရောက်နေသလို ဖြစ်နေပါတယ်။

ပလက်ဝမြို့နယ်အတွင်း စစ်ရှောင်အရေအတွက် ၆၀၀၀ ကျော်ရှိနေပြီး တိုက်ပွဲအတွင်း သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာ မတ် ၁၄ ရက်မှ ယနေ့အထိ ၃၃ ယောက်အထိရှိနေကာ စစ်ဒဏ်သင့်သူ အရေအတွက်က ပလက်ဝ တစ်နယ်လုံးလူဦးရေရဲ့ ထက်ဝက်ခန့်ရှိလာပါတယ်။

ဒါ့အပြင် မီးလောင်ခံရတဲ့ ရွာတွေလည်းရှိနေပြီး မြို့ကိုစွန့်ခွာလာတဲ့ အရပ်သားအရေအတွက်ဟာလည်း တစ်ရာကျော်အထိ မြင့်တက်လာတာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လတ်တလော ပလက်ဝမြို့အခြေအနေ ဘယ်လိုဖြစ်နေသလဲ။

ဖြေ။ ။ မြို့သူမြို့သားတွေကတော့ ကိုယ့်အိမ်မှာပဲကိုယ်နေပြီး စောင့်ကြည့်နေရတာပေါ့ဗျာ၊ တိုက်ပွဲကလည်း အပြန်အလှန်ဖြစ်နေကြတာဆိုတော့လေ။ ပလက်ဝတစ်မြို့လုံးကတော့ လက်ရှိကတော့ အားလုံးကျီးလန့်စာစားနဲ့ ထိတ်လန့်တကြားနဲ့ နေနေရတာပေါ့။

မေး။ ။ စားရေးသောက်ရေး အခြေအနေကရော။

ဖြေ။ ။ ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီလ ၁၉ ရက်နေ့မှာ ဆန်အိတ် ၈၃၀ နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့တော့ ပို့ထားနိုင်တဲ့အတွက် အဲဒီက စစ်ဘေးဒုက္ခသည်တွေရော၊ ဆင်းရဲနွမ်းပါးတဲ့ဒေသခံတွေရော ထောက်ပံ့ထားတဲ့အတွက် အသင့်အတင့်တော့ ခံသာပါတယ်။ မြို့လူထုက ၇၅၀၀ လောက်ရှိမယ်။ စစ်ဘေးဒုက္ခသည်က ၃၇၀၀ လောက်ရှိမယ်။ အားလုံးပေါင်း ၁၁၂၀၀ လောက်ရှိမယ်။ ကျွန်တော်တို့ပို့ထားတဲ့ ဆန်က မြို့လူထုအားလုံးရော ဒုက္ခသည်အားလုံးရော ကျွေးမယ်ဆိုရင် တစ်ပတ်စာလောက်တော့ ရတယ်။

မေး။ ။ ကျောက်တော်နဲ့ စစ်တွေမှာ နှစ်လလောက် သောင်တင်နေတဲ့ ပလက်ဝကို ပို့မယ်ဆိုတဲ့ ဆန်အိတ်တွေရော ပို့နိုင်ပြီလား။

ဖြေ။ ။ မပို့နိုင်သေးဘူး။ လုံခြုံရေးအခြေအနေအရ ပလက်ဝနဲ့ ကျောက်တော်လမ်းကြောင်းကလည်း သွားလို့မရသေးတဲ့အတွက် ပို့လို့မရသေးပါဘူး။ ကျောက်တော်ကနေ ပလက်ဝအထိ တစ်လျှောက်လုံးပိတ်ဆို့ထားတာပါ။ တိုက်ပွဲကတော့ မရှိတော့ဘူးထင်တယ်။ ဒါပေမယ့် အဲဒီဘက်ကို သွားဖို့လာဖို့ကို (တပ်မတော် နှင့် AA) နှစ်ဖက်စလုံးက အားလုံးပိတ်ထားတယ်။ ပလက်ဝ ဆမီးလမ်းကလည်း ဘယ်သူမှမသွားရဲဘူး။ တိုက်ပွဲတွေ ဟိုတလောကလည်း ဖြစ်နေတုန်းဆိုတော့ သွားဖို့အခက်အခဲဖြစ်တယ်။ ဆမီးမှာတော့ ပခုက္ကူဘက်က လှူဒါန်းတာရော နယ်အသီးသီးကရော ရန်ကုန်ဘက်ကလှူဒါန်းတာရော အားလုံးက ဆမီးမှာပဲ ပုံနေတာ။ ပထမအကြိမ်ဖြစ်တဲ့ ၁၉ ရက်နေ့တစ်ရက်ထဲမှာပဲ ကျွန်တော်တို့ ဆန်အိတ် ၈၃၀ ပဲ ပို့နိုင်သေးတယ်။ ဆက်ပို့လို့မရသေးဘူး။ ဆမီးထိကတော့ သွားလို့လာလို့ အဆင်ပြေပါတယ်။

မေး။ ။ ဆမီးမှာရော ဘယ်လောက်သောင်တင်နေလဲ။

ဖြေ။ ။ ဒုက္ခသည်တွေထောက်ပံ့တာရော၊ တခြားဆင်းရဲနွမ်းပါးသူတွေရော ထောက်ပံ့တာရောဆိုရင်တော့ ပလက်ဝမြို့အတွက်ရော ဆမီးအတွက်ရော ကျွန်တော်တို့ ဆန်အိတ် ၃၄၀၀ လောက် ဆမီးမှာပုံထားပြီးသား ရှိတယ်။ အခု ဆန်အိတ် ၈၃၀ ဆိုတာက ပလက်ဝမြို့တစ်မြို့လုံးအတွက် ကျွေးရမယ်ဆိုရင်တောင် တစ်ပတ်စာပဲ ရှိတာ။ အခု ကျွန်တော်တို့က လောလောဆယ် ဒီရက်ပိုင်းမှာ ပို့နိုင်မယ်ဆိုရင်တော့ ဆန်အိတ် ၂၀၀၀ လောက် ပို့ဖို့မှန်းထားတယ်။ နောက်ပြီးတော့ လှူဒါန်းတဲ့ ပိုက်ဆံအားလုံးကိုလည်း ပေါင်းပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ပဲ ဝယ်ပြီးတော့ ဆမီးကို ပို့ဖို့လုပ်နေတယ်။ မိုးမကျခင်ပေါ့လေ၊ မိုးကျရင်တော့ မတူပီ ပလက်ဝလမ်းက မသေချာတော့ဘူး၊ သွားလို့မရတော့ဘူး။ အဲဒါကြောင့် မိုးမရွာခင်လေး ဆန်၊ ဆီ၊ ဆားတွေကို ဆမီးကိုရောက်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအတွက် ပြည်ထောင်စုကို တင်ပြပြီးတော့ ပြည်ထောင်စုအစီအစဉ်နဲ့ လုံခြုံရေးရယူပြီးတော့ ပို့ဖို့တင်ပြထားတာရှိပါတယ်။ AA တို့နဲ့ကျတော့ ညှိနှိုင်းလို့မရနိုင်ဘူးလေ။

မေး။ ။ စစ်ရှောင်အရေအတွက်က ဘယ်လောက်အထိ ရှိနေပြီလဲ။

ဖြေ။ ။ အခု ဆမီးမှာက ၂၈၀၀ နီးနီးလောက်ရှိတယ်။ ပလက်ဝမှာက ဟိုတလောကတော့ ၃၇၀၀ နီးနီးလောက်ရှိတယ်။ အခုက ကိုယ့်ရွာ၊ ကိုယ့်အိမ်ကို ပြန်ကြတာနဲ့ဆိုရင် ၃၆၀၀ နီးနီးလောက်ရှိတယ်။ ပလက်ဝမြို့ခံလူဦးရေက လူဦးရေ ၇၅၀၀ လောက်ရှိတယ်။ ဆမီးမှာလည်း ၄၀၀၀ လောက်ရှိတယ်။ အခုကတော့ ဒုက္ခသည်ကလည်း မြို့ခံလူဦးရေနီးနီးလောက် ပြန်တိုးလာတာပေါ့။ ကျွန်တော်တို့ ပလက်ဝတစ်နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းတသောင်းကျော်ရှိတယ်။ အဲဒီအထဲကဆိုရင် ကုလားတန်မြစ်ရိုးနဲ့ မီးချောင်းရိုးဘက်နဲ့ဆိုရင် အနည်းဆုံး လူဦးရေ ၆၀၀၀၀ လောက်က စစ်ဘေးဒဏ်ခံနေရတယ်။ ဆိုလိုတာက ပလက်ဝတစ်နယ်လုံးရဲ့ လူဦးရေ တစ်ဝက်လောက်က စစ်ဒဏ်သင့်နေတဲ့ သဘောပဲ။

မေး။ ။ ပလက်ဝမြို့ခံတွေရဲ့အခြေအနေကရော ဘယ်လိုဖြစ်နေပြီလဲ။

ဖြေ။ ။ တော်တော်များများကလည်း ထွက်လို့ရတဲ့သူတွေကတော့ ရန်ကုန်တို့ မန္တလေးတို့ စတဲ့ မြို့တွေက ဆွေမျိုးသားချင်းတွေဆီကို ရောက်ကုန်ပြီ။ နောက် မတူပီ၊ မင်းတပ်၊ ဟားခါးကအစ အဲဒီဘက်ကို အကုန်ရောက်ကုန်ပြီ။ ကျွန်တော်သိသလောက်ဆိုရင်ကို ၁၀၀ ကျော်ပြီပြေးကြတာ။ တချို့ကလည်း ခြိမ်းခြောက်ခံရလို့ပေါ့၊ AA က ဟိုနေ့ဖမ်းမယ်၊ ဒီနေ့ဖမ်းမယ်ခြိမ်းခြောက်တော့ ကြောက်ပြီးပြေးကြတာပေါ့။ မြို့ပေါ်မှာကျန်နေတဲ့ သူတွေဆိုတာကလည်း နောက်နေ့ဆိုရင် အေးချမ်းမလား၊ နောက်နေ့ဆိုရင် တိုက်ပွဲတွေရပ်သွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ နေနေကြတာ။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်၊ ထိခိုက်ဒဏ်ရာ ရတာလဲများလာမယ်ဆိုရင် လူထုအတွက်ကတော့ တော်တော်ကို တွက်ရခက်တဲ့ ပုစ္ဆာတစ်ခုပါပဲ။

မေး။ ။ တိုက်ပွဲတွေက မြို့ရဲ့ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ။

ဖြေ။ ။ ပလက်ဝမြို့က ကုလားတန်မြစ်ရဲ့ အနောက်ဘက်မှာရှိတယ်။ ကုလားတန်မြစ်ရဲ့အရှေ့ဘက်မှာက အိန္ဒိယ Site က Jetty ပေါ့။ ရေနက်ဆိပ်ကမ်းလုပ်ထားတဲ့နေရာလေးရှိတယ်။ အဲဒီဘက်မှာတော့ တပ်မတော်ရှိတာပေါ့။ မြို့ရဲ့အနောက်ဘက်က တောင်ကြောတွေပေါ်မှာ AA ရှိတာပေါ့။ ကုလားတန်မြစ်ရဲ့ အရှေ့နဲ့ အနောက်ကို အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်နေကြတဲ့အခါကျတော့ ကျည်တွေက မြို့ထဲကိုလာကျတဲ့အနေအထားပါ။ မနေ့ကကျတဲ့ လက်နက်ကြီးကတော့ ဘယ်သူပစ်လဲမသိနိုင်ဘူး။ ဒါက ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲသိနိုင်မယ့် အနေအထားပါ။

မေး။ ။ ပလက်ဝမြို့ထဲကို လက်နက်ကြီးကျတဲ့ အကြိမ်ရေ ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ။ ။ အရင်က မြို့ထဲကို လက်နက်ကြီးမကျဖူးဘူး။ မနေ့ကပဲကျတာ တစ်လုံးကျတာနဲ့ သုံးယောက်ဆုံးတယ်။ နောက်တစ်လုံးကတော့ ထွေအုပ်ရုံးရှေ့မှာကျတယ် အဲဒါကတော့ ပေါက်ကွဲမှုမရှိဘူးပြောတယ်။ အဲဒီနေ့မနက်ပိုင်းမှာပဲ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ယောက်ဆုံးသွားတယ်။ သူကတော့ မြစ်အရှေ့ဘက်ကမ်းက ရုတ်ဝ လို့ခေါ်တဲ့ရွာက။ မနေ့ကဆုံးတာ အားလုံး ၄ ယောက်ပေါ့။ 

မေး။ ။ ပလက်ဝက စစ်ဘေးသင့်သူတွေကအတွက် ပြည်ထောင်စုအစိုးရဘက်က ဘာတွေကူညီနေလဲ။

ဖြေ။ ။ ပြည်ထောင်စုအစိုးရက ထောက်ပံ့တဲ့ ဒုက္ခသည်တွေအတွက် ဆန်၊ဆီ၊ဆား၊ ပဲကို လူကယ်ပြန်ကနေပြီးတော့ တောက်လျှောက် သုံးလစာ၊ သုံးလစာ ပို့ပေးတယ်။ နောက်ပြီးတော့ သေဆုံးတဲ့သူတွေဆိုရင် သုံးသိန်းနှုန်း၊ လူကယ်ပြန်ကလည်း သုံးသိန်းနှုန်းထောက်ပံ့ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ RRCCI ဆိုတာရှိတယ်။ သူတို့ကလည်း လှူဒါန်းတဲ့သူတွေဆီက ပိုက်ဆံရှိတော့ သေဆုံးတဲ့သူတွေကို ၁ သိန်းနှုန်းထောက်ပံ့တယ်။ နောက် မီးလောင်ထားတဲ့ အိမ်တွေအတွက်လည်း ကျွန်တော်တို့ သုံးသိန်းနှုန်းထောက်ပံ့ပါတယ်။

မေး။ ။ မီးလောင်ခံရတဲ့ရွာနဲ့ စစ်ရှောင်နေရတဲ့ရွာ ရွာဘယ်နှရွာရှိလဲ။

ဖြေ။ ။ လက်ရှိကတော့ ပလက်ဝနဲ့ နီးတဲ့ ဆမီးနဲ့ နီးတဲ့ နေရာတွေက မီးလောင်ခံရတဲ့ ရွာ ၄ ရွာလောက်ရှိပါတယ်။ စစ်ရှောင်ကြတဲ့ ရွာတွေက ဆမီးမှာဆိုရင် ၁၁ ရွာရှိတယ်။ ပလက်ဝမှာဆိုရင် ရွာပေါင်း ၃၀ လောက်ရှိတယ်။ မီးလောင်ခံရတာက မိတ်စာဝ (၁) နဲ့ (၂) နောက် နန်းချောင်းဝရွာနဲ့ စိမ့်စမ်းရွာတွေပေါ့။

မေး။ ။ တပ်နဲ့ AA ကိုရော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီလိုတိုက်နေလို့တာ့ ဘယ်တော့မှလည်း ပြီးမှာမဟုတ်တဲ့အတွက် စားပွဲပေါ်မှာ ဆွေးနွေးပြီးတော့ လက်မှတ်ထိုးတာကမှ အေးချမ်းသွားမှာပါ။ နောက်ဆုံး ဘယ်လောက်ပဲ တိုက်ပွဲပေါင်းများစွာတိုက်တိုက် နောက်ဆုံး စားပွဲပေါ်မှာပဲ ပြီးဆုံးရတာပဲလေ။ စားပွဲပေါ်မှာပြီးဆုံးဖို့ပဲ နှစ်ဖက်က ညှိနှိုင်းသင့်တယ်လို့ပဲ ပြောချင်ပါတယ်။

Show More

Related Articles

Back to top button