ဒေသတွင်းချင်းလူမျိုးစုတချို့၏ ကန့်ကွက်မှုများကြားမှ ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းလိုက်သည့် ချင်းပြည်အစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဝါရင့်လွှတ်တော်အမတ် ဦးပါထန်းက ဝန်ကြီးချုပ်ဖြစ်လာပြီး ကာကွယ်ရေးနှင့် နိုင်ငံခြားရေး နေရာတို့ကို ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ် CNF က တာဝန်ယူထားသည်။
ချင်းတောင်တန်းများတွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို အန်တုမည့် စင်ပြိုင်အစိုးရဖြစ်လာသော ချင်းပြည်အစိုးရအဖွဲ့ကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသည့် ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ချင်းပြည်ကောင်စီက ကြေညာလိုက်ခြင်းဖြစ်သည်။
အစိုးရအဖွဲ့သစ်နှင့်အတူ တရားသူကြီး ၃ ဦးက ဦးဆောင်မည့် တရားလွှတ်တော်ချုပ်ကိုလည်း တည်ထောင်ခဲ့ပြီး ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တို့ကိုလည်း ခန့်အပ်လိုက်သည်ဟု ချင်းပြည်ကောင်စီက ကြေညာခဲ့သည်။
ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့များက ချင်းပြည် ချင်းလုံမြို့တွင် နှစ်ရက်ကြာကျင်းပခဲ့သည့် ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းပြည်အစိုးရအဖွဲ့ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
ထိုအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်သည် NLD ၏ ၂၀၁၅ မတူပီပြည်သူ့လွှတ်တော်အမတ် Pu Pa Thang (ခ) ဦးပါထန်း ဖြစ်လာသည်။
မန္တလေးရတနာပုံတက္ကသိုလ်မှ ဥပဒေဘွဲ့ရခဲ့သည့်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးပါထန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်နယ်လွှတ်တော်၏ မတူပီ မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသသို့ ပြောင်းရွှေ့သွားပြီး ဒေသခံ ချင်းတော်လှန်ရေးတပ်များနှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။
ဝန်ကြီးချုပ် ဦးပါထန်းဦးဆောင်မည့် ချင်းပြည်အစိုးရ၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများကို အင်အားကြီး လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး CNF က တာဝန်ယူမည်ဟု ချင်းပြည်ကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က Myanmar Now ကို အတည်ပြု ပြောကြားသည်။
ချင်းအမျိုးသားတပ်ဦး CNF သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို ၂၀၁၅ တွင် လက်မှတ်ထိုးခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီကို တန်ပြန်တိုက်ခိုက်နေသည်။
ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီသက်တမ်း ၆ လတိုးသည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က CNF ကို သောင်းကျန်းသူအဖွဲ့ဟု တံဆိပ်ကပ်ခဲ့ပြီး ချင်းပြည်နယ်၏ ဒေသအတော်များများတွင် CNF ၏ထိုးစစ်ကို ရင်ဆိုင်နေရသည်ဟုလည်း ဝန်ခံခဲ့သည်။
ချင်းပြည်အစိုးရအဖွဲ့၏ ကျန်ဝန်ကြီးဌာနများကို လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ မြို့နယ်နှင့်ဒေသ အစုအဖွဲ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်ဟု ဆလိုင်းပေါလ်က ပြောသည်။
တရားစီရင်ရေးမဏ္ဍိုင်အောက်မှ တရားလွှတ်တော်ချုပ်ကို ကျွမ်းကျင်သူများဖြင့် ခန့်အပ်ထားပြီး တရားသူကြီးချုပ်မှာ CNF မှဖြစ်ကြောင်း ဆလိုင်းပေါလ်က ဆိုသည်။
“မဏ္ဍိုင်ကြီး ၃ ရပ်စလုံးကို မဏ္ဍိုင်ကြီးတစ်ရပ်ချင်းစီတိုင်းမှာ အစုအဖွဲ့ ၃ ခုလုံးကို အခြေခံတာမျိုးမဟုတ်ဘဲနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ထိန်းကျောင်းလို့ရအောင် အပြန်အလှန် အစုအဖွဲ့ ၃ ခုကို အခြေခံပြီးတော့ ဖွဲ့စည်းခန့်အပ်တာလည်း တွေ့ရတယ်” ဟု ချင်းပြည်ကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းဒိုရ်ခါကမူ ဖွဲ့စည်းလိုက်သည့် ချင်းပြည်အစိုးရအဖွဲ့တွင် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော်လည်း CNF ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု မှတ်ချက်ပြုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးသပ်မယ်ဆိုရင် ဒီအစိုးရကတော့ CNF ရဲ့ ရာနှုန်းပြည့်ထိန်းချုပ်ထားမှုအောက်မှာ ရှိတယ်လို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကောင်စီရဲ့လုပ်ပိုင်ခွင့်ပါဝါက တအားကြီးတယ်။ ကောင်စီမှာ ကြည့်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ ကျွန်တော်တို့ ပြောနေကြသလို အနိုင်ရပါတီနဲ့ အနိုင်ရပါတီနီးစပ်တဲ့လူဆိုတဲ့ နေရာမှာ အချင်းချင်း မတူကွဲပြားမှုကို ထည့်သွင်းစဉ်းစားတယ်ဆိုသော်ငြားလည်း အနိုင်ရပါတီ သို့မဟုတ် အနိုင်ရပါတီနဲ့ နီးစပ်တဲ့သူကို ခန့်ပြီးတော့မှ တခြားလူမျိုးကို နေရာပေးပါတယ်ဆိုတဲ့ နာမည်တပ်မှုပုံစံမျိုးလည်း ရှိတယ်” ဟု သုံးသပ်သည်။
ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံမှု ၃ နှစ်နီးပါးအကြာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုကျယ်ပြန့်လာပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ကြိုးပမ်းချိန်တွင် သဘောထားကွဲလွဲမှုတချို့ ပေါ်ပေါက်နေခြင်းဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး ကမကထပြုလုပ်သည့် ချင်းပြည်ကောင်စီတွင် ပါဝင်မှု မရှိသေးသော ချင်းတော်လှန်ရေးအင်အားစုဖြစ်သည့် တီးတိန်၊ တွန်းဇံ၊ မင်းတပ်နှင့် ဖလမ်း စသည့် မြို့နယ်တို့မှ တော်လှန်ရေးအင်အားစုများက ချင်းညီနောင်ဖွဲ့စည်းပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိသည်။
အဆိုပါ အတိုင်ပင်ခံကောင်စီသည် ချင်းပဋိညာဉ် (Chin Charter) ကို ပြင်ဆင်ပြီးပါက ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ကန်ပက်လက်မြို့နယ်မှ တပ်ရင်း ၅ ရင်းနှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ကလည်း ချင်းညီနောင်နှင့် ပူးပေါင်း ပါဝင်လျက်ရှိသည်။ MDF သည် ရက္ခိုင့်တပ်တော် (AA) နှင့် နီးစပ်သည့် အဖွဲ့ဖြစ်သည်။
တစ်ဖက်တွင်လည်း လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ မင်းတပ်မြို့နယ်မှ တိုက်နယ် (၄) နှင့် (၁၁) က မင်းတပ်ဒေသ (၁) အဖြစ် စုဖွဲ့ပြီး ချင်းပြည်ကောင်စီတွင် ပါဝင်မည်ဟု ထုတ်ပြန်ထားသည်။
ချင်းပြည်ကောင်စီတွင် မပါဝင်သေးသည့်အဖွဲ့များ ပါဝင်လာရေးအတွက် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုင်စွဲပြီး ဆွေးနွေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီဘက်က ပြောကြားထားသည်။