
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည်နှင့်အမျှ နိုင်ငံရေးပါတီများကြား အကြိတ်အနယ်မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများနှင့် စကားစစ်ထိုးသံများလည်း အရှိန်လျော့လာခဲ့သည်။
သို့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာရ NLD ပါတီနှင့် တပ်မတော်ကြား အပြန်အလှန် ပြစ်တင်မှုများ၊ အပြန်အလှန်ချေပချက်များဖြင့် အခြေအနေတင်းမာလျက်ရှိသည်။
ရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည့် နိုဝင်ဘာ ၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်ထားပြီး အစိုးရတွင် တာဝန်ရှိသည်ဟုလည်း တပ်မတော်က သတိပေးခဲ့သည်။
နောက်တစ်ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေါ်ပြူလာသတင်းဌာနနှင့် အင်တာဗျူးတွင် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိစေရန် ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသလို အစိုးရကလည်း တာဝန်ယူ၊ တာဝန်ခံရန်လိုကြောင်း ထပ်ဆင့်သတိပေးခဲ့သည်။
ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်က လက်သင့်ခံရေးနှင့် ပတ်သက်၍ ဒွိဟဖြစ်ဖွယ်စကားအချို့ကို တပ်ချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်ငံ၏သိက္ခာကို အထိအခိုက်မခံနိုင်၍ ပြောဆိုခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာပါက လက်ခံမည်ဟု ပြောဆိုခဲ့ဖူးကြောင်း၊ ယခုရွေးကောက်ပွဲတွင်မူ သတိထားရသည့် အခြေအနေများဖြစ်လာပြီဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် တပ်ချုပ်က ပြောကြားခဲ့သည်။
“ဒါက မဖြစ်စေချင်ဘူး။ ဒါမျိုးတွေ။ ဒါကြောင့် သတိထားပြီးလုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များမှ ထုတ်နုတ်၍လည်း တပ်မတော်ပိုင် မီဒီယာနှင့် လူမှုကွန်ရက်များက ဆက်တိုက် ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တပ်ချုပ်နှင့် တပ်မတော်၏ ပြောဆိုထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတို့နှင့် ညီညွတ်ခြင်းမရှိဟု တုံ့ပြန်လိုက်သည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာရပါတီ NLD အစိုးရနှင့် တပ်မတော်ကြား သဘောထားတင်းမာမှုမှာ ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပေ။ နိုဝင်ဘာ ၅ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးမှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်ကြောင်း၊ တပ်ချုပ်၏အဆင့်မှာ ဒုတိယသမ္မတအဆင့်နှင့် ကိုက်ညီကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တပ်ချုပ်နှင့် အစိုးရအကြား အခြေအနေတင်းမာမှုများကြောင့် တပ်က အာဏာသိမ်းနိုင်သည့်အခြေအနေအထိ ဖြစ်ပေါ်လာနိုင်ကြောင်း မှန်းဆချက်များလည်း ရှိလာသည်။ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံရှိသူများ၊ နိုင်ငံရေးပါတီခေါင်းဆောင်အချို့နှင့် နိုင်ငံရေးစောင့်ကြည့် လေ့လာသူများကတော့ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ဆိုကြသည်။
သို့ရာတွင် လက်ရှိအခြေအနေတင်းမာနေသော စစ်တပ်နှင့် အစိုးရ ဆက်ဆံရေးအခြေအနေကြောင့် နောက်ဆက်တွဲအဖြစ် ရွေးကောက်ပွဲလွန်ကာလတွင် မတည်ငြိမ်မှုများဖြစ်လာနိုင်မည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိလာသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက နိုင်ငံတော်သမ္မတသည် ရွေးကောက်ပွဲကော်မရှင်ကို အသိအမှတ်ပြု ဖွဲ့စည်းပေးရုံသာ တာဝန်ရှိပြီး ကော်မရှင်သည် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် သီးခြားလွတ်လပ်စွာ လုပ်ဆောင်ရသည့် အဖွဲ့အစည်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။
တပ်မတော်နှင့် တပ်ချုပ်၏ ထုတ်ပြန်ပြောဆိုချက်များနှင့်ပတ်သက်၍ “တော်တော်မှားယွင်းတဲ့ ကိစ္စပဲ။ သူတို့ဆွဲထားတဲ့ဥပဒေမှ သူတို့မလေးစားဘူးဆိုရင်တော့ အဲဒါသူတို့ကိစ္စ” ဟု ဦးဂျင်မီက ဆိုသည်။
တပ်ချုပ်၏ ပြောဆိုချက်များအပေါ် အမြင်များ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များအပေါ် သဘောထားကွဲလွဲခြင်းမရှိသည့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့လည်း ရှိနေသည်။ ၎င်းတို့ထဲတွင် ဩဂုတ် ၁၄ ရက်က တပ်ချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ခုတို့ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့မှ ခေါင်းဆောင်များလည်း ပါဝင်နေသည်။
“ကော်မရှင်ကို မယုံကြည်တော့ဘူးဆိုတာကို လအတော်ကြာကြာကတည်းက ပြောခဲ့တယ်။ (လက်ရှိ) ကော်မရှင်ဟာ အညံ့ဖျင်းဆုံးဖြစ်တယ်။ အနိုင်ရပါတီ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တယ်” ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
“ပြည်သူတွေဘက်က ထွက်ပြောတဲ့သဘောပါ။ အာဏာသိမ်းဖို့အတွက် ပြောတာမဟုတ်ပါဘူး” ဟုလည်း ဝါရင့်နိုင်ငံရေးသမား ဦးခင်မောင်ဆွေက ကာကွယ်ပြောကြားသည်။
PPP ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကမူ တပ်ချုပ်နှင့် အစိုးရအကြား လက်ရှိအချင်းများနေသော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး မခေါ်ခြင်း၏ အကျိုးဆက်ဟု ကောက်ချက်ချသည်။
ကာလုံအစည်းအဝေးခေါ်ယူလိုက်ခြင်းအားဖြင့် အစိုးရနှင့် စစ်တပ်အပါအဝင် ကောင်စီဝင်အဖွဲ့အစည်းအားလုံး ပေါင်းစပ်ညှိနှိုင်းမှုရှိသည့်အခါ ညီညီညွတ်ညွတ်ဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
“အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပုံရိပ်ကတော့ မကောင်းဘူး။ တိုင်းပြည်အနာဂတ်အတွက် မဖြစ်သင့်ဘူး။ ကာလုံကို ရွေးကောက်ပွဲနီးတုန်းက တစ်ခါလောက် ခေါ်လိုက်ရမှာ။ ဒီအစည်းအဝေးမခေါ်ခြင်းရဲ့ ရလဒ်လို့ပဲ မှတ်ချက်ပြုချင်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေအပေါ် သုံးသပ်လျက် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးမှာ ယခုထက်တိုင် ပြေပြစ်မှုမရှိသေးသည့်ပုံရိပ်ကို မြင်တွေ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရ မုံရွာအောင်ရှင်က Myanmar Now ကို ပြောသည်။
သို့ရာတွင် ကာလုံအစည်းအဝေး မခေါ်ခဲ့သော်ငြား ကာလုံခေါ်သကဲ့သို့ ပုံသဏ္ဌာန်တူသည့် တွေ့ဆုံမှုများလည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
“ထစ်ခနဲရှိ ဒီကာလုံခေါ်ပေးဖို့၊ ထစ်ခနဲရှိ တပ်မတော်က ဘယ်လိုထိန်းသိမ်းမလဲ ဘယ်လိုအကူအညီပေးမလဲဆိုတဲ့ နိမိတ်ပြမေးခွန်းတွေ၊ တချို့ဆို ဘယ်လောက်ထိပါဖြစ်လဲဆို အာဏာသိမ်းပါဆိုတာမျိုး မပြောရုံတစ်မည်ပဲ။ တစ်ဖက်နဲ့ တစ်ဖက် ရန်မီးပွားအောင် မြှောက်ပေးနေတယ်လို့ပဲ ကျွန်တော်မြင်တယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။
မြန်မာနိုင်ငံ၏အနီးဆုံး အတိတ်သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုကို လည်ပြန်ကြည့်ကာ အုပ်ချုပ်ရေးအလုံးစုံပျက်ပြားသွားသော အခြေအနေမျိုးသည် မျက်မှောက်ခေတ် အနေအထားနှင့်ဆိုပါလျှင် ဖြစ်နိုင်ခြေမရှိဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်သည်။
တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုချက်များသည် ပုံမှန်မဟုတ်သည့်ကိစ္စရပ်များ၊ အမှားအယွင်းများ ဆက်ရှိနေလျှင် ရွေးကောက်ပွဲရလဒ်အပေါ်လည်း တင်းပြည့်ကျပ်ပြည့်လက်ခံရန် ခက်ခဲသည်ဟူသည့် သဘောထားကို ပြသသည်ဟု နားလည်မိကြောင်း ၎င်းက ဆိုသည်။
“ရွေးကောက်ပွဲရလဒ်ကို လက်မခံတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီအချက်တစ်ခုတည်းနဲ့တော့ အာဏာသိမ်းမှုမျိုးတော့ မလုပ်နိုင်ဘူး။ ကျန်တဲ့အချက်တွေ ဥပမာ စီးပွားပျက်တာ၊ ရွေးကောက်ပွဲအပြီးမှာ မတည်ငြိမ်မှုတွေ ဖြစ်လာတာမျိုးဆိုရင်တော့ တစ်မျိုးတစ်ဖုံဖြစ်နိုင်တယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။
“ဘာရမလဲ သာဝရာ”
ယင်းသို့အခြေအနေများ ဖြစ်ပေါ်နေသည့် တစ်ချိန်တည်းမှာပင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံရပြီးနောက် တစ်နှစ်ခွဲကျော်ကြာ ပုန်းအောင်းတိမ်းရှောင်နေသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူသည် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၊ နောက်ပိုင်းခရိုင်ရဲစခန်းတွင် လာရောက်အဖမ်းခံပြီး ၎င်းနှင့်အတူ ငုပ်လျှိုးပျောက်ကွယ်နေသည့် အမျိုးသားရေးလှုပ်ရှားသူများလည်း တစ်ပြိုင်နက် ပေါ်ထွက်လာကြသည်။
“အမျိုးဘာသာသာသနာ စောင့်ရှောက်ပါ” စာတမ်းပါ တီရှပ်များဝတ်ဆင်ထားသည့် အမျိုးသားရေးတက်ကြွသူများက “အမျိုး၊ ဘာသာ၊ သာသနာ၊ စောင့်ရှောက်သူကို မဲပေးကြမည်” ဆိုသော လက်ကမ်းစာစောင်နှင့် စတစ်ကာများ လိုက်လံဝေငှသည့် လှုပ်ရှားမှုများကို ရန်ကုန်နှင့် မန္တလေး၌ တပ်ချုပ်နှင့် ပေါ်ပြူလာသတင်းဌာနတို့ အင်တာဗျူးလွှင့်တင်သည့် နိုဝင်ဘာ ၃ ရက်နေ့မှာပင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြ သည်။
ထိုလှုပ်ရှားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးကိုအသုံးပြု၍ နိုင်ငံရေးကိုမလုပ်ရဆိုသော သတ်မှတ်ချက်ကို အတိအလင်းဖောက်ဖျက်ခြင်းဖြစ်သော်လည်း လှုပ်ရှားမှုတွင် ပါဝင်သူတစ်စုံတစ်ဦးကိုမှ အာဏာပိုင်များက ဥပဒေကြောင်းအရ အရေးယူခြင်း မရှိသေးပေ။
နိုဝင်ဘာ ၄ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook အကောင့်ဖြစ်သည့် Chair NLD မှနေ၍ ပို့စ်တစ်ခုကို ရေးသားခဲ့သည်။
ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုများ ရှိနေကြောင်း အစချီလျက် “ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ တော်တော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ ဆင်ထားတဲ့ ချောက်ထဲကို မဝင်မိကြပါစေနဲ့” ဟု ရေးသားခဲ့သည်။
“ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ ဘာရမလဲ သာဝရာ … မင်းလောက်တော့ ငါ ပါးပါသေးတယ်ကွာ။ သာဝဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ။ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပာယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခုဒီအတိုင်းပါပဲ။ သာဝတွေထက် လိမ္မာပါးနပ်ကြရမယ်၊ စိတ်ထိန်းနိုင်ရမယ်။ သာဝတွေထက်သာတဲ့ ပြည်သူတွေပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။
တပ်မတော်၏ လတ်တလောကြိုးပမ်းမှုများနှင့် ပတ်သက်၍ ၈၈ ငြိမ်း/ပွင့်အဖွဲ့မှ ဦးဂျင်မီက “ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာကို ကန့်ကွက်ဖို့ ကြိုပြီးတော့ ခြေဆင်းထားတဲ့ သဘောလားဆိုတာ စဉ်းစားစရာရှိတယ်။ ဒီမိုကရေစီလိုချင်တဲ့ မြန်မာပြည်သူလူထုကြီးက အမြဲတမ်းအချိန်တိုင်း သတိရှိဖို့လိုတယ်” ဟု သတိပေးစကားဆိုသည်။
NLD မှ မုံရွာအောင်ရှင်ကလည်း ရွေးကောက်ပွဲနီးကပ်လာသလို နိုင်ငံရေးပွတ်တိုက်မှုများ ပိုပြင်းထန်နေချိန် ၌ အမျိုးသားရေးဝါဒီများ၊ မျိုးချစ်ဝါဒီများလည်း တစ်ကျော့ပြန်ပေါ်ထွက်လာနေရာ ဘာသာရေးနှင့် နိုင်ငံရေးကို ရောယှက်၍ ရှုပ်ထွေးအောင် လုပ်ဆောင်သည့် လှုပ်ရှားမှုများဖြစ်သည်ဟု ဆိုသည်။
စံလွဲနေသော ကစားပွဲဥပဒေသ
နိုဝင်ဘာ ၄ ရက် အထူးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကစားပွဲဥပဒေသ (Rule of the Game) ဟူသည့် ဝေါဟာရဖြင့် တင်စားပြောဆိုခဲ့သည်။ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု စတင်ချိန်မှသည် အဆင့်ဆင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် အဓိကကျောရိုးပြု လိုက်နာနေကြရသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံပင်ဖြစ်သည်ကို ဆိုလိုရင်းဖြစ်သည်။
“Rule of the game က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေပဲ။ ဒီဂိမ်းစည်းမျဉ်းအတိုင်းပဲ အကုန်လုံးက သွားရမှာပဲ၊ ဒီဂိမ်းစည်းမျဉ်းအတိုင်းမသွားဘူးဆိုရင်တော့ ဒီဂိမ်းက ပျက်ပြီ။ ဟုတ်ပြီနော်၊ ဒါတွေက ဘာဖြစ်လာမယ်၊ ဘယ်ဖြစ်လာမယ်လို့ ဘယ်သူမှလည်း မသိဘူး။ ဘယ်သူမှလည်းမပြောနိုင်ဘူး။ ကျွန်တော်တို့လည်း မသိဘူး” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရ နန်းမြမြမီမီဇော်က သဘောတူသည်ဟု ဆိုသည်။ သို့ရာတွင် တပ်ချုပ်၏ ပြောကြားချက်များက ဥပဒေနှင့် မညီညွတ်ဟု ပြောဆိုချက်ကိုတော့ ၎င်းက လက်မခံပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ ၆ (စ) အရ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ရှိကြောင်း၊ တစ်ဖန် အခန်း (၁)၊ ပုဒ်မ ၂၀ (စ) အား ကိုးကားလျက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိသည်ဟု ထောက်ပြဝေဖန်ခဲ့သည်။
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ရှိစေရေးသည် ဖွဲ့စည်းပုံ၏ အနှစ်သာရဖြစ်၍ တပ်ချုပ်အနေဖြင့် ယင်းသို့ ထိန်းကျောင်းတည့်မတ်နိုင်စေရန် ပြောဆိုခြင်းမျိုးက ဖွဲ့စည်းပုံနှင့် ကိုက်ညီကြောင်း နန်းမြမြမီမီဇော်က ဆိုသည်။
“ကျွန်မတို့နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်အာဏာသိမ်းမှုတွေ နောက်ထပ်မဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ၂၀၁၀ မှ ၂၀၁၅ အထိ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဦးတင်ယုကလည်း ၂၀၀၈ ဖွဲ့စည်းပုံသည် အာဏာသိမ်းရေးလမ်းစဉ်မဟုတ်ဟု ခုခံပြောဆိုသည်။
၎င်းသည် အမျိုးသားညီလာခံကျင်းပစဉ်အခါက ၂၀၀၄ မှ ၂၀၀၇ အထိ လှိုင်သာယာမြို့နယ်ကိုယ်စားပြု တက်ရောက်ခဲ့သူများအနက်မှ တစ်ဦးဖြစ်ပြီး ရှေ့နေဟောင်းတစ်ဦးလည်း ဖြစ်သည်။
“အာဏာသိမ်းဖို့ရယ် ရည်ရွယ်ချက် မရှိနိုင်ပါဘူး။ တို့ယူထားတဲ့ လမ်းစဉ်ကိုက အာဏာသိမ်းရေးလမ်းစဉ်ကို ယူမထားဘူး။ ဘယ်သူပဲဖောက်ပြန်ဖောက်ပြန်၊ ကာလုံကနေ ၆ လထိန်းတာရှိမယ်။ ပြီးရင် သမ္မတလက်ထဲမှာပဲ အာဏာအပ်နှင်းရမယ်။ ဒါမျိုးပဲရှိတယ်။ သေသေချာချာ ဖွဲ့စည်းပုံကို ကြည့်မယ်ဆို အာဏာသိမ်းတဲ့ လမ်းစဉ်မရှိဘူး။ ဒီမူကို ကျင့်သုံးထားပါတယ်” ဟု ဦးတင်ယုက ဆိုသည်။
သို့ရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကမူ “ကစားပွဲရဲ့ ဥပဒေသကကို စံလွဲနေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုပြဿနာမျိုး ပေါ်ပေါက်ရတယ်လို့ပဲ မြင်ပါ တယ်” ဟု Myanmar Now ကို ပြောသည်။
ရွေးကောက်ပွဲလွန်ကာလတွင် ဖြစ်ပေါ်လာမည့် မဲရလဒ်အခြေအနေပေါ် ကြည့်၍ တပ်မတော်၏ သဘောထားနှင့် မကိုက်ညီလျှင် ကြိုတင်အစီအမံများ ရှိပြီးဖြစ်သည်ဟူသည့် သဘောမျိုး တပ်ချုပ်က နှတ်ကြောင်းပေးလိုက်သည်ဟု နားလည်မိကြောင်းလည်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဆိုသည်။
တပ်ချုပ်အနေဖြင့် ယခုလို ပြောဆိုချက်များ ရှိလာခြင်းမှာ ၎င်း၏ ၂၀၂၀ အလွန်ကာလ နိုင်ငံရေးအာသီသနှင့်လည်း များစွာသက်ဆိုင်နေသလို “တကယ့်အရင်းအမြစ်ကို တူးဆွကြည့်ရင်တော့ ၂၀၀၈ ရဲ့ ပေးထားချက်အမှားကြောင့်လို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။
“၂၀၀၈ ကိုယ်၌ကိုက တပ်မတော်ကို အာဏာတွေ ဇွတ်ကြီးပေးထားတဲ့အခါကျတော့ အရပ်သားအစိုးရအနေနဲ့ မလူးသာမလွန့်သာ အနေအထားမျိုး ရောက်ရတာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။
ထူးခြားချက်အားဖြင့် ၁၉၈၈ ခုနှစ်တွင် လိုအပ်၍ တပ်မတော်က အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း လူထုကို ဝါဒဖြန့်သည့် ‘အဖေနှင့်သားများ’ ရုပ်မြင်သံကြားဇာတ်လမ်းကို ရွေးကောက်ပွဲအမီ အချိန်ကိုက် ထုတ်လွှင့်ပြသရန် တပ်မတော်ပိုင် မြဝတီသတင်းစာက ကြေညာထားသည်။