ဆောင်းပါး

“တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလိုဖြစ်နေတယ်”

ရန်ကုန် − စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရားတွင် အရေးပါလှသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏အောက်တွင် ရှိသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြည်ထဲရေးဝန်ကြီးတာဝန်ယူရမည့်သူကို တပ်မတော်က စေလွှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤအခြေအနေတွင် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတာဝန်ယူစဉ် အုပ်ချုပ်ရေးယန္တရား မည်သို့ရှိမည်၊ အစိုးရသစ်က အုပ်ချုပ်ရေးကို မည်သို့ပုံဖော်မည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်သည်။

NLD ၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီက အုပ်ချုပ်ရေးတွင် ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ထားခြင်း၊ ထွေအုပ်ဌာနများ ရှိနေခြင်းတို့ကြောင့် ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့များ အလုပ်မရှိသည့်အခြေအနေသို့ ရောက်နေသည်ဟု သုံးသပ်သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးမီက ရန်ကုန်တွင် တွေ့ဆုံစဉ် ဦးကိုနီက ဖက်ဒရယ်ပြည်ထောင်စု၊ အုပ်ချုပ်ရေးယန္တရား၊ အစိုးရသစ်လက်ထက် အလားအလာတို့အကြောင်း ပြောပြထားသည်။

မေး – နိုင်ငံရဲ့ လက်ရှိအုပ်ချုပ်ရေးယန္တရားအကြောင်း နည်းနည်း သုံးသပ်ပြပါ။

ဖြေ – ၁၉၆၂ အာဏာသိမ်းပြီးချိန်ကစပြီး ဦးနေဝင်းက နိုင်ငံကို ဌာနတစ်ခုတည်းက အုပ်ချုပ်တဲ့စနစ်ကို ပုံဖော်ခဲ့တယ်။ ပြည်နယ်နဲ့တိုင်း ၁၄ခုလုံးကို ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုတည်းကပဲ အုပ်ချုပ်ခဲ့တယ်။ ၁၉၈၈ အာဏာသိမ်းပြီး စစ်တပ်က ပြန်အုပ်ချုပ်တော့လည်း နိုင်ငံတစ်ခုလုံးကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ ပြန်အုပ်ချုပ်ခဲ့တယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းတဲ့အခါမှာတော့ အစိုးရအဖွဲ့ကို အားလုံးပေါင်း ၁၅ ဖွဲ့ ဖွဲ့လိုက်တယ်။ ဗဟိုအစိုးရဆိုတာက ပြည်ထောင်စုအစိုးရဆိုတဲ့နာမည်နဲ့ တစ်ဖွဲ့။ ပြည်နယ်နဲ့တိုင်းအစိုးရက ၁၄ ဖွဲ့ ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် တစ်နိုင်ငံလုံးကိုတော့ ဗဟိုအစိုးရကအုပ်ချုပ်ပြီး ပြည်နယ်တိုင်းတွေကိုတော့ သက်ဆိုင်ရာပြည်နယ်တိုင်းတွေက အုပ်ချုပ်တယ်လို့ထင်ရအောင် ပုံသဏ္ဌာန်တစ်ခုကို ဖန်တီးထားတယ်။ တစ်နိုင်ငံလုံးကို ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်နေတယ်။ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဘယ်သူ့အောက်မှာရှိလဲဆိုတော့ ပြည်ထဲရေးဝန်ကြီးအောက်မှာ ရှိနေတယ်။ ပြည်ထဲရေးဝန်ကြီးကို ဘယ်သူက တိုက်ရိုက်ခန့်ထားတာလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်။ အဲဒီတော့ တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလိုဖြစ်နေတယ်။ ဒါက၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေတည်ပြီးတော့ သုံးသပ်ပြတာပါ။

မေး – ပြည်ထောင်စုစနစ်ကို ကူးပြောင်းနိုင်ဖို့အတွက် အစိုးရသစ်က ဘာတွေလုပ်ရမလဲ။

ဖြေ – လက်ရှိတပ်မတော်သားအများစု၊ အစိုးရနဲ့ NLD တို့က မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်နဲ့တည်ဆောက်ဖို့ ဆန္ဒရှိနေကြတယ်။ ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်မယ်ဆိုရင် လက်ရှိအုပ်ချုပ်နေတဲ့စနစ်တစ်ခုလုံးကို ပြောင်းလဲဖို့လိုပါတယ်။ နိုင်ငံတစ်ခုလုံးကို တစ်ပြည်ထောင်စနစ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုတည်းက အုပ်ချုပ်နေတာဟာ ဖက်ဒရယ်စနစ်ရဲ့ဆန့်ကျင်ဘက်ပဲ။ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် လက်ရှိအုပ်ချုပ်ရေးစနစ်ကို လုံးဝပြောင်းပစ်ရမယ်။ ပြောင်းပုံပြောင်းနည်းကလည်း လွယ်လွယ်လေးပဲ။ ဒီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဖျက်လိုက်ဖို့ပဲ လိုပါတယ်။ ရဲတပ်ဖွဲ့ကိုလည်း ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ လိုလာမယ်။

မေး – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသာ မရှိဘူးဆိုရင် အစိုးရအပြောင်းအလဲ လုပ်ငန်းတာဝန် အလွှဲအပြောင်းတွေမှာ ကြန့်ကြာ၊ အခက်တွေ့တာမျိုးတွေ ဖြစ်နိုင်ပါသလား။

ဖြေ – ရပ်ကွက်အုပ်ချုပ်ရေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အုပ်ချုပ်နေတယ်။ သူ့သက်တမ်းက မကြာခင်ကုန်တော့မယ်။ မကုန်ခင်တစ်လအလိုမှာ ရွေးလိုက်တယ်။ သူသက်တမ်းကုန်တဲ့အခါမှာ နောက်တက်လာမယ့် လူကို လွှဲပြောင်းပေးသွားမယ်။ အလားတူ မြို့နယ်အုပ်ချုပ်ရေးမှူးတွေလည်း ဒီအတိုင်းပဲ သွားမယ်။ ဝန်ထမ်းတွေကတော့ ဒီအတိုင်းပဲရှိနေမယ်။ ဝန်ထမ်းတွေက နိုင်ငံ့ဝန်ထမ်းတွေဖြစ်တယ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေရမယ်။ သူတို့တွေက ဘယ်တော့မှ မပြောင်းဘူး။ အရွေးခံရတဲ့လူက အပြောင်းအလဲရှိမယ်။ ရုံးလုပ်ငန်းတွေကတော့ သူတို့ဟာသူတို့ လုပ်နေမယ်။

ခု နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ပထမအပတ်မှာ သူ့သက်တမ်းကုန်ပြီ။ ဒါပေမဲ့ နောက်အစိုးရ ပေါ်လာသည်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ပုဒ်မ ၆၁ က ရေးထားတယ်။ နောက်အစိုးရပေါ်လာရင် လွှဲလိုက်ရုံပဲလေ။ နောက်အစိုးရမပေါ်လာခင်အထိ သူက အုပ်ချုပ်ရုံပဲလေ။ ဒီအတိုင်းပဲ ခရိုင်တွေ၊ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာလည်းပဲ အရွေးခံရတဲ့ အဖွဲ့သည် နောက်အဖွဲ့ တက်လာသည်အထိ သူက အုပ်ချုပ်ရတယ်။ နောက်အဖွဲ့တက်လာမှ တာဝန်တွေကို လွှဲပြောင်းပေးပြီး သူကဆင်းသွားရတယ်။ ဘာမှ ထွေအုပ် (ဌာန) မလိုပါဘူး။ သဘောကတော့ လခစားဝန်ထမ်းက ပြည်သူကိုအုပ်ချုပ်စရာ မလိုဘူး၊ ပြည်သူကရွေးချယ်တဲ့လူတွေကသာ ပြည်သူကို အုပ်ချုပ်လိမ့်မယ်၊ ဒါကိုပြောတာပါ။

မေး – တချို့ကတော့ ၂ဝဝ၈ဖွဲ့စည်းပုံဟာ တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်လို့ ဆိုတယ်ခင်ဗျ။

ဖြေ – တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်အဆင့်ကို မရှိပါဘူး။ နည်းနည်းမှကိုမရှိတာ။ ဒါဟာ အယောင်ဆောင်ထားတာ။ ပြည်နယ်အစိုးရတွေမှာ ဘာလုပ်ပိုင်ခွင့်တွေရှိလဲ၊ ဗဟိုအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းသာယာရေးလုပ်ငန်းကို ပံ့ပိုးကူညီရမယ်လို့ပဲ ရေးထားတယ်။ တကယ်က ဗဟိုအစိုးရဟာ ပြည်နယ်ကို မအုပ်ချုပ်ရဘူး။ ခုက ဗဟိုအစိုးရဟာ တစ်နိုင်ငံလုံးကို အုပ်ချုပ်ထားတဲ့အတွက် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဟာ ဘာမှလုပ်ပိုင်ခွင့်မရှိသလို၊ ဘာမှလည်း အလုပ်မရှိဘူး။ ဟန်ပြတွေပဲ ဖြစ်နေတယ်။

မေး – တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ ပြည်သူကရွေးချယ်ထားသူတွေ ရှိပါတယ်။ ဒါပေမဲ့ ထွေအုပ်က အုပ်ချုပ်ရေးကို အဓိကလုပ်ဆောင်နေတာ တွေ့ရတယ်။

ဖြေ – အားလုံးကို ဗဟိုကချုပ်ကိုင်ထားလို့ဖြစ်တာ။ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်ကပဲ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုရွေး၊ ဝန်ကြီးချုပ်ကိုလည်း သူတို့ဘာသာရွေး၊ သူတို့ပြည်နယ် သူ့တို့ဘာသာအုပ်ချုပ်၊ အုပ်ချုပ်ဖို့ဝန်ထမ်းအဖွဲ့ကိုလည်း သူတို့ဘာသာခန့်၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကိုလည်း သူတို့ဘာသာခန့်၊ ဒါဆို ဗဟိုအစိုးရနဲ့ ကင်းပြတ်သွားပြီ၊ သူတို့မှာ အလုပ်တွေအများကြီး ပေါ်လာပြီ။ အဲဒီအခါ ဝန်ကြီးဌာနအားလုံးဟာ သူ့အလုပ်သူဖြစ်တော့မယ်။ သူ့ပြည်နယ်အတွက် ဘတ်ဂျက် သူတို့ဘာသာ ရှာတော့မယ်။ သူ့ပြည်နယ် လုံခြုံရေးကို သူ့ပြည်နယ်ဝန်ကြီးက သူ့ဘာသာ လုပ်ရတော့မယ်။

အားလုံးက ဗဟိုကချုပ်ကိုင်ထားလို့ ဒီဝန်ကြီးဌာနတွေဟာ ဘာမှအလုပ်မရှိဘူး ဖြစ်နေတယ်။ အမှန်ပြောရင် ဝန်ကြီးချုပ်လဲ ဘာအလုပ်မှမရှိဘူး။ အစိုးရအဖွဲ့လည်း ဘာအလုပ်မှမရှိဘူး။ အားလုံး ထွေအုပ် တိုင်းအတွင်းရေးမှူးကပဲ အားလုံးလုပ်သွားတယ် ဖြစ်နေတယ်။

မေး – အစိုးရအဖွဲ့အတွင်းရေးမှူးမှာ ဥပဒေအရပေးထားတဲ့ လုပ်ပိုင်ခွင့်တွေ မရှိဘူးလား။

ဖြေ – ဥပဒေအရ လုပ်ပိုင်ခွင့် ဘာမှပေးမထားပါဘူး။ အခြေခံဥပဒေအရ ပြည်နယ်နဲ့တိုင်းထွေအုပ်ဟာ အစိုးရအဖွဲ့မှာ အတွင်းရေးမှူးအနေနဲ့ ပါရမယ်ပဲ ပြောတယ်။ သူ့အထက်မှာ ဝန်ကြီးတွေ အများကြီးရှိသေးတယ်။ အဲဒီဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေထိုင်တဲ့ အစည်းအဝေးက တိုင်းအတွက်အမြင့်ဆုံးပဲ။ ခိုင်းတာလုပ်ရမှာပေါ့၊ အဆင်မပြေလို့ကိုမရဘူး၊ အဆင်မပြေရင် ထုတ်ပစ်လိုက်ရုံပဲ။

Show More

Related Articles

Back to top button