
ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်က တိုင်းပြည်ကို ငါးနှစ်ကြာ ဦးဆောင် အုပ်ချုပ်ဖို့ ပြင်ဆင်နေပါပြီ။
မြန်မာပြည်မှာ အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးကို နှစ်ပေါင်းများစွာ နေ့စဉ် မောင်းနှင်နေတာက ထွေအုပ်လို့ ခေါ်ကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပါ။ ထွေအုပ်ဌာနဟာ ရဲတပ်ဖွဲ့လိုပဲ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့အောက်မှာ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့်သူဟာ ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက် စေလွှတ်ထားတဲ့ စစ်အရာရှိဖြစ်ရမယ်လို့ ယခင် တပ်မတော်အစိုးရ အချိန်ယူ ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆိုပါတယ်။
“တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလိုဖြစ်နေတယ်” လို့ NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။
အမှန်တကယ်ပြောင်းလဲဖို့ တာဝန်ယူမယ်ဆိုတဲ့ NLD ပါတီက အစိုးရ ဖွဲ့နိုင်ပေမဲ့ တပ်မတော်ဟာ ထွေအုပ်ဌာနကတစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားကြီး တစ်ခုလုံးအပေါ် သြဇာကြီးနေမှာဖြစ်ပါတယ်။
စစ်အစိုးရများလက်ထက် အရေးပါခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့
ထွေအုပ်ဌာနဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အစိုးရခေတ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရတွေကလည်း ဒီဌာနကို ဆက်လက် ထားရှိခဲ့ပါတယ်။
ဒီဌာနဟာ တစ်တိုင်းပြည်လုံးရဲ့ အုပ်ချုပ်ရေးယန္တရားကြီးလည်ပတ်မှုမှာ အဓိက အကျဆုံး အဖွဲ့အစည်းဖြစ်နေတယ်၊ မြန်မာပြည်ရဲ့ အင်အားအကောင်းဆုံး အဖွဲ့အစည်း တပ်မတော်တောင်မှ ထွေအုပ်လောက် ပြည်သူလူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့မှု မရှိဘူးလို့ ၂ဝ၁၄ ခုနှစ်က ကြည်ပြာချစ်စောနဲ့ Matthew Arnold တို့ ရေးသားပြုစုတဲ့ ထွေအုပ်ဌာနအကြောင်း စာတမ်းမှာ သုံးသပ်ထားပါတယ်။
မျက်မှောက်ခေတ် ထွေအုပ်ရဲ့ ဖွဲ့စည်းပုံ၊ တာဝန်၊ အခန်းကဏ္ဍတွေဟာ ၁၉၈၈ မှာ ပေါ်ပေါက်လာတဲ့ စစ်အစိုးရလက်ထက်မှာ အစပြုတယ်၊ ဝန်ထမ်းအင်အားနဲ့ အရေးပါ အရာရောက်မှုက အဆက်မပြတ် ကြီးထွားလာခဲ့တယ်လို့ စာတမ်းမှာ ဆက်လက်ရေးသားထားပါတယ်။ ၁၉၈၈ မှာ ထွေအုပ်ဝန်ထမ်းပေါင်း ၂၆,၂၃၆ ဦးရှိရာ ကနေ ၁၉၉၅ မှာ ၃၁,၃၃၉ ဦးအထိ ရှိလာတယ်လို့ စာတမ်းက ဆိုပါတယ်။ ဒီနေ့အချိန်မှာတော့ အရေအတွက် လေးထောင်ကျော် ပိုပြီး တိုးလာတယ်လို့ သိရပါတယ်။
ထွေအုပ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဌာနပေါင်း သုံးဆယ်ကျော်၊ နေပြည်တော်နဲ့ ရပ်ကွက်/ကျေးရွာပေါင်း ခြောက်သောင်းကျော်အကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ အခွန်ကောက်ခံမှု၊ ရပ်ရွာလုံခြုံရေးနဲ့ မြေယာစီမံခန့်ခွဲမှု၊ အရပ်ဘက်လူမှု အဖွဲ့အစည်းနဲ့ ကူညီရေးအဖွဲ့တွေ မှတ်ပုံတင်ရေး၊ ရပ်ရွာအတွင်းက လူဦးရေအတိုးအလျော့၊ အရွှေ့အပြောင်းမှတ်တမ်းယူတဲ့ကိစ္စတွေကို ဒီဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ တွေ့ရမှာပါ။ ပွဲလမ်းသဘင်ကျင်းပခွင့် ထုတ်ပေးမှုကနေ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အရေးယူဆောင်ရွက်တဲ့အလုပ်အထိ အုပ်ချုပ်ရေးလုပ်ငန်း အမျိုးမျိုးကို တာဝန်ယူခဲ့တာ တွေ့ရပါတယ်။
၂ဝ၁၁ ခုနှစ်မှာ အစိုးရပုံစံအသစ်နဲ့ အုပ်ချုပ်တဲ့အခါ ပြည်နယ်/တိုင်း ထွေအုပ်ဌာနအကြီးအမှူးဟာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်လာပါတယ်။
မြို့နယ်ပေါင်း ၃၃ဝ မှာ ရှိတဲ့ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေး၊ အုပ်ချုပ်ရေး ဆိုင်ရာတွေကို စီစဉ်ညွှန်ကြားပြီး ရရှိလာတဲ့အချက်အလက်တွေကို ခရိုင်၊ ပြည်နယ်/တိုင်း စသဖြင့် အဆင့်ဆင့် တင်ပြရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ငါးနှစ်ကြာ တာဝန်ယူခဲ့တဲ့ ဒေါ်ညိုညိုသင်းက ပြည်သူ တိုက်ရိုက်ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်တွေ ရှိနေပေမယ့် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော် မောင်းနှင်နေသူတွေက ပြည်ထဲရေးဝန်ကြီးဌာန ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ဘက်အရာရှိဟောင်းတွေ ဖြစ်နေတာဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရယ်၊ ရွေးကောက်တင်မြှောက်ထားတာမဟုတ်ပေမဲ့ အုပ်ချုပ်နေတဲ့အစိုးရရယ် ဆိုပြီး နှစ်ခု စင်ပြိုင်လို ဖြစ်နေတာ” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။
ပြည်နယ်/တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများ ထွေအုပ်တွေအပေါ် သြဇာလွှမ်းရေးက အစိုးရသစ်လက်ထက် အကြီးမားဆုံး အခက်အခဲတွေထဲ ပါဝင်မယ်လို့ သူက ဆိုပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ ထွေအုပ်
အရေးပါ အရာရောက်ခဲ့တဲ့ ထွေအုပ်ဌာနနဲ့ ယခင်စစ်အစိုးရစိတ်ကြိုက် ပုံဖော်ခဲ့တဲ့ ပြည်နယ်/တိုင်းအစိုးရတို့ကြား ငါးနှစ်ကြာ ဆက်စပ် လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အသံ မကြားခဲ့ရပါဘူး။
သို့သော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့မှာ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး စတဲ့ ဝန်ကြီးဌာနရှစ်ခုရဲ့ ဝန်ကြီး ဒေါက်တာဘမောင်က ထွေအုပ်နဲ့ ဆက်ဆံရေးဟာ အလုံးစုံပြေလည်မှု မရှိခဲ့ပါဘူးလို့ ပြောပါတယ်။
စာအဝင်အထွက်က အစပြုလို့ ဝန်ကြီးတွေရဲ့ခွင့်ရက် ကိစ္စတွေအထိ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ထွေအုပ်အရာရှိဆီကို ဖြတ်သန်းနေရတယ်၊ အဲဒီအရာရှိရဲ့ လက်အောက်ခံသဘောဖြစ်နေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပြည်နယ်ဝန်ကြီးတွေက နေပြည်တော် အစည်းအဝေးတချို့မှာ တင်ပြကြတယ်လို့ ဒေါက်တာဘမောင်က ဆိုပါတယ်။
တာဝန်ရှိသူများကတော့ ထွေအုပ်ဌာနတွေကြောင့် အစိုးရအဖွဲ့အသွင်ကူးပြောင်းရာမှာ ပိုအဆင်ပြေလိမ့်မယ်ဆိုတဲ့ အဖြေကိုပဲ ပေးခဲ့ကြတယ်လို့ သူက ရှင်းပြပါတယ်။
“အစိုးရသစ်ကိုလွှဲပြောင်းပေးဖို့နေရာမှာ ရုံးဝန်ထမ်း အကြီးအကဲအနေနဲ့ ထွေအုပ်အရာရှိဟာ ဆက်တိုက်ရှိနေမှ အချိတ်အဆက်မိမယ်ပေါ့။ အဲဒီလို သူတို့ပြန်ဖြေပါတယ်” လို့ ဒေါက်တာဘမောင်က ပြောပါတယ်။
NLD အစိုးရသစ်ကတော့ ပြည်နယ်/တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ ထွေအုပ်အရာရှိတို့ကြား ပြဿနာ ဖြစ်လာရင် ပြတ်ပြတ်သားသားကိုင်တွယ်ဖွယ် ရှိတယ်လို့ ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။
“ဝန်ကြီးချုပ်ရဲ့တာဝန်က ဘယ်နားသွားထားမလဲ။ သူ့(ထွေအုပ်အရာရှိ) အထက်မှာ ဝန်ကြီးတွေ အများကြီး ရှိသေးတယ်။ အဲဒီဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေထိုင်တဲ့ အစည်းအဝေးက တိုင်း(ဒေသကြီးအဆင့်) အတွက် အမြင့်ဆုံးပဲ။ ခိုင်းတာလုပ်ရမှာပေါ့၊ အဆင်မပြေလို့ကို မရဘူး၊ အဆင်မပြေရင် ထုတ်ပစ်လိုက်ရုံပဲ”လို့ ဦးကိုနီက ပြောပါတယ်။
ပြည်နယ်/တိုင်း အစိုးရအဖွဲ့တွေအတွက် ဥပဒေအရအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ များစွာရှိတဲ့အတွက် ထွေအုပ်အရာရှိဖြစ်တဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးတွေကို ကိုင်တွယ်နိုင်ဖို့ ကိစ္စဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ အရည်အချင်းတွေပေါ်မှာပဲ မူတည်နေတယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။
“ကိုယ့်မှာအရပ်သားဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေက အရည်အချင်းပြည့်မီမယ်ဆိုရင်တော့ ဒီထွေအုပ်ကို အားကိုးစရာမလိုပါဘူး” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။

ထွေအုပ်ပြုပြင်ပြောင်းလဲရေး
NLD အစိုးရလက်ထက်မှာ သမ္မတအာဏာသုံးပြီး ထွေအုပ်ဌာနကို ဖျက်သိမ်းရေး သို့မဟုတ် နေရာပြောင်းရွှေ့ရေး လုပ်ဆောင်ဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ ယူဆသူတချို့လည်း ရှိပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် ကိုဝကတော့ NLD က အစိုးရအဖွဲ့သစ်ဖွဲ့တဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒအရ တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အရေးကြီးတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှုက ညင်သာဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။
“ထွေအုပ်ဌာန ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ယူဆတယ်၊ အဲဒီလိုလုပ်တဲ့အခါ (ထွေအုပ်ဌာနက) ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့အတွက်၊ ပြည်ထဲရေးကလည်း ကာချုပ်ရဲ့အောက်မှာ ရှိတဲ့အတွက် တပ်နဲ့ သဘောတူညီမှု မရမချင်းတော့ ဒီလို လုပ်လို့ရမှာ မဟုတ်ဘူး” လို့ သူက သုံးသပ်ပါတယ်။
အသွင်ကူးပြောင်းရေးကာလမှာ ဌာနတွင်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရမယ်ဆိုတာကို Myanmar Now က ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ထွေအုပ်အရာရှိတွေက သဘောတူကြပါတယ်။
ထွေအုပ်ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးကတော့ ပြည်သူတွေရဲ့လိုအပ်ချက်အရ လုပ်သင့်တယ်ဆိုသော်လည်း အတင်းလုပ်ယူမယ့်အစား အချိန်ယူပြီးပြောင်းရမယ်လို့ သူကပြောပါတယ်။
“ဖြစ်သင့်တယ်ဆိုတာတွေက အများကြီး၊ အကောင်းတွေချည်းပြောလို့က မရဘူးလေ” လို့ နေပြည်တော်မှာ ရုံးထိုင်တဲ့ ဦးလှမျိုးက ဆိုပါတယ်။
ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို သူ့ရုံးခန်းမှာ သွားရောက် တွေ့ဆုံစဉ်မှာတော့ ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့က အကောင်အထည်ဖော်လာမှာတွေကို အငြင်းပွားစရာ မရှိဘူးလို့ သူက ဆိုပါတယ်။
“တက်လာမယ့် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ လာမယ့်အစိုးရရဲ့ မူဝါဒတွေ၊ ပေါ်လစီတွေကို အကောင်အထည်ဖော်ပေးဖို့က အသင့်ပါပဲ” လို့ ဦးမြင့်လွင်က နောက်မှီကုလားထိုင်ကနေ ခန္ဓာကိုယ်ကို တစ်ချက်ဆန့်လိုက်ရင်း ပြောပါတယ်။
မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ် တွေ့ဆုံရာမှာ ထွေအုပ်ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့အကြောင်း ဆွေးနွေးခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာပြည်ဆိုင်ရာ သြစတေးလျသံအမတ်ဟောင်း Mr. Trevor Wilson ကတော့ ဒီမိုကရေစီဖော်ဆောင်ရာမှာ ပြည်ထဲရေးဌာနကို စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာထားဖို့ အခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းက လိုလည်း မလိုအပ်၊ သင့်လျော်မှုလည်း မရှိဘူး လို့ သုံးသပ်ပါတယ်။
“အခြေခံဥပဒေပြင်ဆင်ရေး လုပ်ကြတော့မယ်ဆိုရင် ပထမဆုံး ပြင်သင့်တာကတော့ ပြည်ထဲရေးဌာနကို တပ်မတော်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်ကနေရွှေ့ဖို့ ဆိုတဲ့ အချက်လည်း ပါဝင်သင့်ပါတယ်” လို့ Mr. Trevor Wilson က ပြောလိုက်ပါတယ်။