အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဝီရသူကို သာသနာရေးကလည်း တရားစွဲဦးမည်

ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရှေးဦးစီးဌာနက တရားစွဲပြီးပြီ ဆိုသော်လည်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက သီးခြား တရားစွဲရန် ပြင်ဆင်နေကြောင်း ဝန်ကြီးဌာန၏ ဒုအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ယနေ့ ပြောသည်။

အခြေအနေကို စောင့်ကြည့်နေခြင်းသာ ဖြစ်သည်ဟု ဦးဇာနည်ဝင်းက ပြောသည်။

 “မဆိုင်းငံ့ပါဘူး။ အုပ်ချုပ်ရေးမှူးက စပြီးတော့ တရားစွဲတာပါ။ နောက်ပိုင်းမှာလည်း ထပ်ပြီးစွဲလို့ရတယ်။ ဘာမှ ပြဿနာ မရှိဘူး။ သူ့အပိုင်းနဲ့သူ လုပ်နေကြတာပေါ့။ တစ်ပြိုင်နက်တည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းမင်းက ဦးဝီရသူ၏ မေလ ၅ ရက် ရန်ကုန်မြို့ မဟာဗန္ဒုလ ပန်းခြံရှေ့ ဟောပြောချက်များမှာ အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီး သုံးရပ်ကို စော်ကားပြောဆိုသည့်အပြင် ဆဲဆိုခြင်းဖြစ်သည်ဟု စွပ်စွဲကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ခရိုင်တရားရုံးကို  မေ ၂၈ တွင် ဦးတိုက်လျှောက်ထားခဲ့သည်။

ထိုပုဒ်မသည် ပြစ်မှု ထင်ရှား ပေါ်လွင်ပါက အများဆုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဖြစ်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တရားရုံးက ဝရမ်းထုတ်ထားသော်လည်း ဦးဝီရသူကို ရှာမတွေ့သေးသဖြင့် ဝရမ်းအတည်မပြုနိုင်သေးဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုထားသည်။

မူလက ဦးဝီရသူကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က တွေ့ဆုံ သြဝါဒပေးမည်ဟု အကြောင်းကြားခဲ့သော်လည်း ယမန်နေ့ ညနေပိုင်းက ထိုအစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သာသနာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

သို့သော် ဦးဝီရသူက နေ့လယ် ၂နာရီ၌ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ထံ သွားရောက်၍ သြဝါဒခံမည်ဟု မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။ သို့သော်လည်း ဦးဝီရသူ လာရောက်ခြင်းမရှိပေ။

တိုင်းသံဃနာယကအဖွဲ့ရုံးရှိရာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးတွင် နေ့လယ် ၁နာရီခန့်မှစ၍ ဦးဝီရသူထောက်ခံသူများ ရောက်ရှိလာပြီး နေ့လယ် ၂နာရီ ကျော်ကျော်တွင် ရွှေတိဂုံဘုရား ရင်ပြင်ပေါ်သို့ တက်ရောက်သွားကြသည်။

ရွှေတိဂုံရင်ပြင်တော်သည် လူစုလူဝေးဖြင့် ဆုတောင်းခြင်း၊ ဆန္ဒပြခြင်း ပြုလုပ်ခွင့် မရှိသည့် ကန့်သတ်နယ်မြေဖြစ်သော်လည်း ဦးဝီရသူထောက်ခံသူများကိုမူ ရွှေတိဂုံဂေါပကအဖွဲ့က တစ်စုံတစ်ရာ ပြောဆိုတားမြစ်ခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button