သတင်း

ပါတီရုံးဖယ်ရှားပေးရန် ဦးသိန်းညွန့်ကို သားဖြစ်သူက တိုင်ကြားထား

ခမောက်သုံးလုံးပါတီဟု လူသိများသည့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွန့်၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ကြိုက်နှစ်သက်ခြင်းမရှီ၍ ပါတီရုံးဖယ်ရှားပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားကြောင်း ဦးသိန်းညွန့်၏ သားဖြစ်သူက ပြောသည်။ 

“ပါတီ(ဥက္ကဋ္ဌ) ရဲ့မူဝါဒ၊ ကြံ့ခိုင်ရေးနဲ့ပူးပေါင်းတာတွေကို ကျွန်တော်တို့ အလုပ်အမှုဆောင်ကော်မတီတို့၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့မှာ ပွင့်ပွင့်လင်းလင်းချမပြဘဲနဲ့ သူ့သဘောနဲ့သူ ပေါင်းတဲ့အတွက် ကျွန်တော်တို့က လက်မခံတော့ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားတယ်” ဟု ဦးသိန်းညွန့်၏ သားဖြစ်သူ ဦးနေအောင်က ပြောသည်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ ဦးသိန်းညွန့်၏ ပါတီရုံးချုပ်ဖယ်ရှားပေးရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ 

ပါတီရုံးချုပ်အဖြစ် အခမဲ့အသုံးပြုပေးခဲ့သော်လည်း ဖခင်ဖြစ်သူ ဦးသိန်းညွန့်၏ နိုင်ငံရေးရပ်တည်ချက်ကို ကြိုက်နှစ်သက်ခြင်း မရှိတော့သောကြောင့် ပါတီရုံးစိုက်ရာ မြေနေရာ ဆက်လက်အသုံးပြုခွင့် မပြုတော့ကြောင်းလည်း မြေပိုင်ရှင် ဦးနေအောင်က ပြောသည်။ 

ဦးနေအောင်မှာ အမတ်ဟောင်း ဦးသိန်းညွန့်၏သားအရင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီစတင်တည်ထောင်ခဲ့သူ ၂၀ ဦးတွင် ပါဝင်ပြီး ၎င်း၏ဇနီးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်စန္ဒာသည်လည်း ဦးသိန်းညွန့်၏ပါတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ 

“နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ဗျာ စစ်တပ်ကို သွားပြီးတော့မှ တိုင်းပြည်ကို အာဏာသိမ်းဖို့ ပုံစံမျိုး သွားပြောတာကတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျာ” ဟု ဦးနေအောင်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ခိုင်ဖြိုးဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ပါတီမှခေါင်းဆောင်များ နေပြည်တော်၌ သြဂုတ်လ ၁၄ ရက်တွင် တွေ့ဆုံခဲ့ရာတွင် NNDP ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်လည်း ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ ခေါ်ယူရန် ဦးသိန်းညွန့် တင်ပြခဲ့သည်။ 

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပူးတွဲကြေညာချက်များ မကြာခဏထုတ်ပြန်လေ့ရှိသည့် နိုင်ငံရေးပါတီများအနက် တစ်ခုဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီပါနှင့် ပူးတွဲကြေညာချက်များ ထုတ်ပြန်ခြင်းသည် ၎င်းတို့ပါတီတစ်ခုတည်း မဟုတ်ဘဲ ပါတီစုံပါဝင်ကြောင်း၊ ၂၀၁၉ ခုနှစ် အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီဥက္ကဋ္ဌဦးသိန်းညွန့်ကို ပါတီရေးရာအားလုံး စီမံခန့်ခွဲနိုင်သည့် အာဏာပေးအပ်ထားကြောင်း NNDP ပါတီဒုဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောသည်။

“အဓိကကတော့ ကျွန်တော်တို့က ရင်ဘတ်ချင်းတူတဲ့၊ ရည်ရွယ်ချက်ချင်းတူတဲ့ပါတီတွေ စုပေါင်းပြီးတော့ Statement (ကြေညာချက်) ထုတ်တာ။ ပြည်ခိုင်ဖြိုးနဲ့တွဲပြီးထုတ်တာ မဟုတ်ဘူး။ ပြည်ခိုင်ဖြိုးတစ်ခုတည်း မဟုတ်ဘူး။ ပါတီတွေ ၂၀ ကျော်၊ ၃၀ ကျော် ပါဝင်တယ်” ဟု ၎င်းက ပြောသည်။

NNDP ပါတီရုံးချုပ် ဖယ်ရှားပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားခြင်းမှာ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်၏ မိသားစုပြဿနာဖြစ်၍ မဖြေကြားလိုကြောင်းလည်း ဦးသန်းထွန်းက ပြောသည်။ 

တိုင်ကြားထားသူ ဦးနေအောင်ကမူ ပါတီရုံးဖယ်ရှားပေးရန် တိုင်ကြားရခြင်းသည် ပါတီပြဿနာ၊ နိုင်ငံရေးပြဿနာသာဖြစ်ပြီး မိသားစုပြဿနာမဟုတ်ကြောင်း ပြောသည်။ 

NNDP ပါတီရုံးချုပ်တည်ရှိရာ မြေနေရာကို ၁၉၇၈ ခုနှစ်ကတည်းကပင် မိခင်ဖြစ်သူက ၎င်းနှင့် ၎င်းအစ်ကို ဖြစ်သူကို စာချုပ်၊စာတမ်းများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ဦးနေအောင်က ပြောသည်။

“သားအဖက သားအဖပါ။ နိုင်ငံရေးယုံကြည်ချက်ကတော့ သူ ဒီဟာလုပ်တာကို ကျွန်တော်လက်မခံနိုင်ဘူး။ သူ့ဟာသူ ကြံ့ခိုင်ရေးပါတီထဲပဲ ဝင်ပြီးတော့ အမတ်ရွေးရွေး၊ ကျွန်တော်ကတော့ လက်မခံနိုင်ဘူး” ဟု ဦးနေအောင်က ပြောသည်။

ထို့ပြင် ပါတီရုံးခန်းတွင် အရက်သေစာသောက်စားခြင်း၊ ရွေးကောက်ပွဲကော်မရှင်ကို ဆဲဆိုခြင်း၊ ၎င်း၏ ခွင့်ပြုချက်မရဘဲ ပါတီမဲဆွယ်ဆိုင်းဘုတ်ကို တပ်ဆင်ထားခြင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားကြောင်း ၎င်းက ပြောသည်။

ပါတီဌာနချုပ်ဖယ်ရှားပေးရန် သားဖြစ်သူက တိုင်ကြားထားခြင်းနှင့်ပတ်သက်၍ NNDP ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း မဖြေကြားလိုကြောင်းသာ အကြောင်းပြန်ခဲ့သည်။ 

ဦးသိန်းညွန့်က သားဖြစ်သူ ဦးနေအောင်ကို အမွေပြတ်စွန့်လွှတ်ကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာမှနေ၍ ကြေညာခဲ့သည်။ ဦးနေအောင်ကမူ မည်သည့် အတွက်ကြောင့် အမွေပြတ်စွှန့်လွှတ်သည်ကို မသိရှိကြောင်း သတင်းစာထဲတွင် ကြေညာမှသာ သိရှိခဲ့ရကြောင်းပြောသည်။ 

ထိုသို့ ပါတီရုံးဖယ်ရှားပေးရန် မူလပိုင်ရှင်ဆိုသူ၏ တိုင်ကြားချက်နှင့်ပတ်သက်၍ ခရိုင်အဆင့်တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ပြောသည်။ 

“ကျွန်တော်တို့ကိုတော့ လက်ရှိပိုင်ဆိုင်မှုအရ သူ့( မြေပိုင်ရှင်)ရဲ့ အဆောက်အအုံဖြစ်တဲ့အတွက်ကြောင့် ဒီမှာဖွင့်ထားတဲ့ သူတို့ရဲ့ပါတီဌာနချုပ်ကို ပြောင်းရွှေ့ပေးဖို့ အဲဒါပဲ တိုင်တာပါ” ဟု ၎င်းက ပြောသည်။

ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး NLD ပါတီက သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ နုတ်ထွက်ခဲ့သည်။

ထို့နောက် NLD ပါတီမှ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းများဖြစ်ပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နှင့် ပူးပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်ခဲ့သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ ထို့နောက်တွင် NDF ပါတီခေါင်းဆောင်များအကြား သဘောထားကွဲလွဲခဲ့ပြီး ဦးသိန်းညွန့်က ၂၀၁၁ အောက်တိုဘာတွင် NNDP  ပါတီကို တည်ထောင်ခဲ့သည်။

NLD ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဦးသိန်းညွန့်သည် ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ဦးသိန်းညွန့်၏ NNDP ပါတီမှာ မဲဆန္ဒနယ် ၃ ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်း ၂ နေရာနှင့် မင်္ဂလာဒုံမြို့နယ်တွင် ၁ နေရာဖြစ်သည်။ 

ဦးသိန်းညွန့် ဝင်ရောက်ယှဉ်ပြိုင်မည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပေ။

Show More

Related Articles

Back to top button