စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ သားဖြစ်သူ ဦးနေအောင်က ဖခင်ဖြစ်သူသည် သူ၏နိုင်ငံရေး လုပ်ဆောင်ချက်များကို မကြိုက်နှစ်သက်သည့်အတွက် ဖမ်းဝရမ်းထုတ်ထားကြောင်း ဖုန်းဆက်ပြောဆိုခဲ့သည်ဟု ဆိုသည်။
“စစ်ကောင်စီမှာပါတဲ့ ဦးသိန်းညွန့်က ကျွန်တော်တို့ လင်မယားနှစ်ယောက်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုပြီးတော့ တယ်လီဖုန်းနဲ့ လှမ်းခြိမ်းခြောက်တယ်။ ဘာမှုလို့တော့ မပြောဘူးဗျ။ ကျွန်တော့်ကို ဖမ်းဝရမ်းထုတ်ထားတယ်” ဟု သားအငယ်ဖြစ်သူ ဦးနေအောင်က ပြောသည်။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေစိုက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို ဦးသိန်းညွန့် စတင်တည်ထောင်ချိန်တွင် ဦးနေအောင်နှင့် ဇနီးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်စန္ဒာတို့သည် ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်လာသည်။
သို့သော် ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ ဦးသိန်းညွန့်၏ ပါတီနိုင်ငံရေးလုပ်ဆောင်ချက်များကို မနှစ်သက်တော့၍ ၎င်းအမည်ပေါက်ပိုင်ဆိုင်ထားသော သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ နေအိမ်မှ NNDP ပါတီ လုပ်ငန်းများအားလုံး ရွှေ့ပြောင်းဖယ်ရှားပေးရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ တိုင်ကြားခဲ့သူဖြစ်သည်။
ထိုသို့ ဝရမ်းထုတ်ခံထားရခြင်းကို မတ် ၂၇ နံနက်ပိုင်းတွင် သိရှိခဲ့ပြီး တိမ်းရှောင်လာပါက လက်ခံမထားရန် ၎င်း၏ မိတ်ဆွေတစ်ဦးကို သတိပေးခြိမ်းခြောက်ခဲ့သည်ဟု ဦးနေအောင်က ပြောသည်။
“မင်းအိမ်မှာ ခေါ်ထားလို့ရှိရင် မင်းအိမ်ကို ဝင်မွှေတဲ့အခါကျရင် ဒုက္ခရောက်မယ်။ မင်းအိမ်လိပ်စာကိုလည်း စစ်ထောက်လှမ်းရေးကတောင်းလို့ ငါပေးလိုက်ပြီ”ဟု ဦးနေအောင်၏ မိတ်ဆွေကို ဦးသိန်းညွန့်က ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
အာဏာရချိန်တွင် ဝရမ်းထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး အငြိုးဖြင့် လုပ်ဆောင်ခြင်းလားဟု ဦးနေအောင်က မေးခွန်းထုတ်သည်။
“ဦးသိန်းညွန့်နဲ့ ပတ်သက်တာတော့ အရင့်အရင်က Myanmar Now မှာ အင်တာဗျူးထားတာတွေကို သူတို့က အထိနာထားကြတယ်။ အဲ့ဒီအတွက် အငြိုးတွေနဲ့ လုပ်တာလား။ အဲ့ဒီတုန်းကတော့ ဘာမှလုပ်လို့မရတဲ့အခြေအနေမို့ အခုမှ ပြန်လုပ်တာလား”
ဝရမ်းထုတ်ထားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ဦးသိန်းညွန့်နှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး ပါတီက သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် NLD ပါတီမှ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းများဖြစ်ပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နှင့် ပူးပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်ခဲ့သည်။
NDF ပါတီကိုယ်စားပြုကာ ဦးသိန်းညွန့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်၏ အနိုင်ရ ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသည်။ ထိုကာလတွင် NDF ပါတီခေါင်းဆောင်များအကြား သဘောထားကွဲလွဲခဲ့ပြီး ဦးသိန်းညွန့်က ၂၀၁၁ အောက်တိုဘာတွင် NNDP ပါတီကို တည်ထောင်ခဲ့သည်။
NLD ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဦးသိန်းညွန့်သည် ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
၂၀၁၅ နောက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဟာမိတ်အဖွဲ့ဝင်ဖြစ်သွားကာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ၄ လ အလိုတွင် စစ်တပ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ကို မဲအပြတ်အသတ်ဖြင့် ရှုံးနှိမ့်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။
ထို့ပြင် ဦးသိန်းညွန့်၏ စေခိုင်းချက်ဖြင့် ပါတီလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်သူများကိုလည်း ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်မခံဘဲ သံပုံးတီးပြီး ပြန်လည်မောင်းထုတ်လိုက်သည်ဟု ၎င်းက ပြောသည်။
ဦးသိန်းညွန့်သည် ၎င်းထွက်ပြေးတိမ်းရှောင်နိုင်သည့် နေရာသုံးခု၏ လိပ်စာများကို စစ်ထောက်လှမ်းရေးများထံ ပေးထားသည်ဟု ကြားသိရသော်လည်း ထွက်ပြေးတိမ်းရှောင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
“လူသတ်စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်နဲ့ ခိုင်မင်း (အစ်ကို) ကို ကျွန်တော်မွေးတဲ့အရပ် ကျွန်တော့်မြို့နယ်မှာပဲ နေပြီးတော့ သူတို့ကို ကျွန်တော့်အသက်သေတဲ့အထိ ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်။ အဲဒီလို ဆုံးဖြတ်ထားပါတယ် ” ဟု ဦးနေအောင်က ပြောသည်။