
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်သည် ပြည်သူ့လွှတ်တော်တွင် အထင်ရှားဆုံးလွှတ်တော်ကိုယ်စားလှယ်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဦးသိန်းညွန့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲ၊ ရလဒ် လျစ်လျူရှုခံရသည့် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတို့တွင် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခံရသည်။
ဆယ်နှစ်ကျော်ကြာ ပါဝင်လှုပ်ရှားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်သောအခါ လုပ်ဖော်ကိုင်ဖက်တချို့နှင့်အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ထူထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်သည်။
နောက်ပိုင်းတွင် ဦးသိန်းညွန့်က အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ခဲ့သည်။ မကြာသေးမီက Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့်တွေ့ဆုံရာတွင် ဦးသိန်းညွန့်က အနာဂတ်လုပ်ငန်းစဉ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် မျှော်လင့်ချက်၊ ရွေးကောက်ပွဲအပြီး NLD ကြုံတွေ့ရမည့် အခက်အခဲများအကြောင်း ပြောပြခဲ့သည်။ တွေ့ဆုံမေးမြန်းချက်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။
မေး – ၂ဝ၁ဝ တုန်းက NLD မပါခဲ့တဲ့အတွက် ဦးသိန်းညွန့်အနိုင်ရတယ်လို့ တချို့က ပြောကြတယ်။ အခု NLD ပါလာတော့ ဘယ်လိုအနိုင်ရဖို့ ကြိုးပမ်းမှာလဲ။
ဖြေ – ၂ဝ၁ဝ တုန်းကတည်းက NLD က ကျွန်မ မပါဘဲနဲ့ မဲမပေးပါနဲ့လို့ တိုက်ခဲ့တာပဲ။ ကျွန်တော့်အတွက်က ဘာမှမထူးဆန်းဘူး။ အဲဒီတုန်းက ကျွန်တော်က မဲကို ၅ဝ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့တာ။ အခု ၂ဝ၁၅ မှာ NLD က ကျွန်တော့်ကို ယှဉ်ပြိုင်လာတာ၊ အတိုက်အခံဖြစ်လာတာ မဆန်းပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်က သင်္ဃန်းကျွန်းလူထုကို ယုံကြည်တယ်။ အခု လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာရော သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ဖွံ့ဖြိုးရေး ကို ဆောင်ရွက် နိုင်ခဲ့သလို သင်္ဃန်းကျွန်းလူထုရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ပြီ။ ဒါ့ကြောင့် သင်္ဃန်းကျွန်းလူထုဟာ ကျွန်တော့်နောက်က ခိုင်ခိုင်မာမာရပ်တည်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး – သင်္ဃန်းကျွန်းဒေသခံတချို့ရဲ့ ပြောဆိုချက်တွေ၊ အင်တာနက်စစ်တမ်းတွေအရ ဆိုရင် တော်တော်များများက NLD ကို မဲပေးမယ်လို့ ဆိုကြတယ်။
ဖြေ – ခင်ဗျားတို့ကောက်တဲ့စစ်တမ်းတွေ၊ အင်တာနက်က ကောက်တဲ့စစ်တမ်းတွေဟာ ဘယ်လောက်ခိုင်မာယုံကြည်စိတ်ချရလို့လဲ။ တစ်ခါတလေ အင်တာနက်မှာ ဖန်တီးနေတဲ့ စစ်တမ်းတွေဟာ NLD အနိုင်ရဖို့အတွက် အစီအမံကျကျနဲ့ လုပ်နေတဲ့ ဝါဒဖြန့်မှုတွေပဲ ဖြစ်ပါတယ်။ ငွေကြေးမတောင့်တင်းတဲ့အတွက် ကျွန်တော် ဘယ်မီဒီယာမှာမှ ကြော်ငြာမထည့်ဘူး။ သင်္ဃန်းကျွန်းမှာ NLD ကို မဲပေးမယ်လို့ဆိုတာ NLD အဝန်းအဝိုင်းကို သွားမေးရင်တော့ ဟုတ်မှာပေါ့။ ကျွန်တော် ကူညီပေးခဲ့တဲ့ ဆင်းရဲသားရပ်ကွက်တွေကို သွားမေးရင်တော့ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ နိုဝင်ဘာ ၈ ရက်နေ့ကျရင် အဖြေထွက်မှာပါ။
မေး – ၂ဝ၁ဝ၊ ၂ဝ၁၅ ရွေးကောက်ပွဲတွေ ဝင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတွေက ဘာလဲ။
ဖြေ – ဝင်ပြိုင်ရတဲ့အကြောင်းရင်းကလည်း ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုတာသိတယ်၊ အဲဒီတော့ ဒီအခြေခံဥပဒေထဲကနေ လူထုအတွက် တတ်နိုင်သမျှ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေရအောင် လုပ်မယ်ဆိုပြီး ဝင်ခဲ့တာ။ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်ဘူး၊ သပိတ်မှောက်တယ်ဆိုတဲ့ လူတွေက ၂ဝ၁ဝ ရွေးကောက်ပွဲ ကျွန်တော်တို့ ဝင်တဲ့အခါမှာ ကျွန်မ မပါရင် မဲမပေးနဲ့ဆို ပြီးတော့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ တိုက်ခိုက်ချက် တွေကို ကြံ့ခိုင်ရေးက အသုံးချပြီးတော့ ကျွန်တော်တို့ကို နိုင်ငံရေးအရ ထိုးနှက်ခဲ့တယ်။ သို့သော် သင်္ဃန်းကျွန်းလူထုရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့ပြီးတော့ ဒီ ၅ နှစ်ဝန်းကျင်မှာ သင်္ဃန်းကျွန်း မြို့နယ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့နယ်ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ပေးနိုင်ခဲ့ပြီ။ သင်္ဃန်းကျွန်းလူထုကိုလည်း တရားဥပဒေ စိုးမိုးမှုရဲ့ အကာအကွယ်ရအောင် ပေးနိုင်ခဲ့ပြီ၊ လွှတ်တော်အတွင်းရော လွှတ်တော်အပရော ပေါ့။ သင်္ဃန်းကျွန်း ပြည်သူတွေအတွက် လမ်း၊ ရေ၊ မီး၊ အိမ်သာကအစ လုပ်ပေးခဲ့ပြီးပြီ။ နိုင်ငံရေးအရ ကျွန်တော် အနိုင်ပိုင်းမယ်ဆိုရင် သင့်တော်တဲ့ အခြေအနေပါ။ ဒါပေမယ့် အခု တိုင်းပြည်မှာ ရွေးကောက်ခံအာဏာရှင်စနစ် ပေါ်မယ့်အလားအလာ တွေ့ရတယ်။ ဒါဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ မလိုလားအပ်တဲ့ဟာ။ အဲဒါကို လွှတ်တော်အတွင်းမှာ တားဆီးနိုင်ဖို့။ လူတိုင်းဟာ သမ္မတ ဖြစ်ချင်နေရင်၊ အစိုးရဖြစ်ချင်နေရင် ဒီမိုကရေစီရဲ့အနှစ်သာရတွေ ပျက်သွားလိမ့်မယ်။ ဒီမိုကရေစီဆိုတာ မတူခြားနားတဲ့အမြင်တွေကို နားထောင်ရတယ်။ ဒီမိုကရေစီ အားကောင်းဖို့ဆိုရင် ခိုင်မာတောင့်တင်းတဲ့ အတိုက်အခံရှိဖို့လိုတယ်။
မေး – ဦးသိန်းညွန့်ရဲ့အသံက လွှတ်တော်ထဲမှာ တော်တော်လေးထွက်ခဲ့ပေမယ့် ၂ဝ၁၃ နောက်ပိုင်းမှာ အဆိုတွေတင်တာ၊ မေးခွန်းတွေမေးတာ၊ ဥပဒေတွေတင်တာ၊ ဆွေးနွေးတာ အားလျော့သွားတာ တွေ့ရတယ်။ အဲဒါ ဘာ့ကြောင့်များလဲ။
ဖြေ – ကျွန်တော့်ဘက်ကတော့ ပြည်သူလူထုရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တောက်လျှောက်တင်တာပဲ။ သို့သော် ကျွန်တော်နာမည်ရလာတာကို မလိုလားတဲ့ အင်အားစုနဲ့ မလိုလားတဲ့ ပုဂ္ဂိုလ်တွေကနေ ကျွန်တော့်အဆိုတွေ၊ မေးခွန်းတွေကို လွှတ်တော်မှာ တတ်နိုင်သမျှ အသံမထွက်အောင် ဆောင်ရွက်နေကြတယ်ဆိုတာကိုလည်း ကျွန်တော် ခန့်မှန်းမိတယ်။ လွှတ်တော်အစတုန်းက မေးခွန်း ၁ဝ ခွန်းမေးရင် ၇ ခွန်းလောက်က မေးခွင့်ရနေတဲ့ဟာကို လွှတ်တော် ၇ ကြိမ်မြောက်လောက်ကစပြီးတော့ မေးခွန်း ၅ ခွန်းပဲ မေးခွင့်ရတဲ့စနစ်ကို ပြောင်းလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်က ကြယ်ပွင့်မပြမေးခွန်းတွေ မေးရင်းနဲ့ လူထုအတွက် ဆောင်ရွက်ခဲ့တယ်။ ကြယ်ပွင့်မပြတော့ လွှတ်တော်မှာ မဖြေတဲ့အတွက် လူမသိဘူးပေါ့။ အဆိုကျတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ လက်ထဲမှာရှိတယ်။ သူခွင့်ပြုမှ ပြောခွင့်ရတာ။ ဥပမာ စတုတ္ထအကြိမ်တုန်းက ကျောင်းသားသမဂ္ဂတွေဖွဲ့ဖို့ ကျွန်တော် လွှတ်တော်မှာ တင်ခဲ့တယ်၊ ဒါပေမယ့် ဆွေးနွေးခွင့် မရခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော် ဥပဒေကြမ်းတွေကို အားပြုခဲ့တယ်။ ဥပဒေကြမ်းတွေက ဘယ်နည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ရှေ့မှောက်ကို ပို့ရတယ်။
မေး – NLD အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင် ဒီအစိုးရအပြောင်းအလဲအတွက် သူတို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ဖို့ရှိလဲ။
ဖြေ – NLD နဲ့ ကျွန်တော်တို့နဲ့က ပြောစရာမလိုတော့ဘူးလေ။ မလိုတော့ဘူးဆိုတာက ဒါတွေလုပ်ချင်ရင် လက်ရှိအစိုးရနဲ့ရော၊ အတိုက်အခံအင်အားစုနဲ့ရော ရွေးကောက်ပွဲမတိုင်ခင် ကြိုညှိနှိုင်းရတယ်။ NLD က အကြိုညှိနှိုင်းမှုကို လုပ်မှမလုပ်ဘဲ။ နိုင်ငံရေးမှာ အပြုတ်တိုက်ရေးလမ်းစဉ်ကို ချလာပြီ။ အဲဒီတော့ သူနိုင်ရင်လည်း သူရင်ဆိုင်ရမယ့် နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေ တပုံကြီး။ ရှုံးလည်း သူရင်ဆိုင်ရမယ့် ပြဿနာတွေ တပုံကြီးပါ။ ကျွန်တော့်အနေနဲ့ ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ် ဘာထွက်ထွက် ရွေးကောက်ပွဲပြီးတာနဲ့ လက်တွေ့မြန်မာ့နိုင်ငံရေးမှာ လုပ်တတ်တဲ့ လူငယ်နိုင်ငံရေးသမားတွေကို ပျိုးထောင်နိုင်ဖို့၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့အညီ လုပ်တတ်၊ ကိုင်တတ်တဲ့ လူငယ်နိုင်ငံရေး မျိုးဆက်တွေရလာဖို့ NLD လည်းမဟုတ်၊ ကြံ့ခိုင်ရေးလည်းမဟုတ်တဲ့ တပ်ပေါင်းစုတစ်ခုကို ထူထောင်သွားမှာပါ။
မေး – အခြေခံဥပဒေပြင်ဆင်ရေးအတွက်ရော ဘာတွေလုပ်ဖို့ရှိလဲ။
ဖြေ – ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးဆိုတဲ့ လေလုံးထွားမှုဟာ ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် လွှတ်တော်မှာ အဖြေထွက်သွားပြီ။ ကျွန်တော်က လေလုံးထွားတဲ့အလုပ် မလုပ်ဘူး။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို လူထုကို မပေးဘူး။ အဲဒီတော့ ဒီအခြေခံဥပဒေထဲကပဲ လူထုအတွက်၊ တိုင်းပြည်အတွက် ရနိုင်သမျှ အခွင့်အရေးရဖို့၊ အကာအကွယ်ပေးဖို့တွေကိုပဲ ကျွန်တော် ဆက်ကြိုးစားမယ်။ အခြေခံဥပဒေပြင်ရေးဟာ လွှတ်တော်ပေါ်မှာ မတည်ဘူး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးပေါ်မှာ တည်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရလာရင် တပ်မတော်အနေနဲ့ ဒီအခြေခံဥပဒေပြင်ရေးကို မလွဲမသွေ လုပ်ရတော့မယ်။ အောက်တိုဘာမှာ လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုးပြီ။ အဲဒါပြီးရင် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွေ လာမယ်။ အဲဒီ ဆွေးနွေးပွဲတွေကနေ အခြေခံဥပဒေပြင်ဖို့ ဆွေးနွေးရမယ်။ အဲဒီလို ဖြစ်ရိုးဖြစ်စဉ် လုပ်သင့်လုပ်ထိုက်တဲ့လမ်းကြောင်းတွေကို သိလျက်သားနဲ့ ကျွန်မ နိုင်ရင် ဒီအခြေခံဥပဒေကို ပြင်ပေးမယ်လို့ ဒုတိယအကြိမ် လေလုံးထွားတာက ကိုယ်ပြောတဲ့အတိုင်း မဖြစ်လာရင် နိုင်ငံရေးမှာ တာဝန်ယူရဲတဲ့ သတ္တိတော့ ရှိဖို့လိုမယ်။
မေး – ရွေးကောက်ပွဲ နောက်ပိုင်းမှာ သမ္မတ ဖြစ်မယ်လို့ သတင်းထွက်နေတဲ့သူ ၄ ယောက်တောင်ရှိတယ်။ ဦးသိန်းညွန့်က ဘယ်သူ့ကို သမ္မတဖြစ်စေချင်သလဲ။
ဖြေ – ၄ ယောက်ကိုတော့ မပြောဘူး။ ၂ ယောက်ကိုတော့ ပြောမယ်။ သမ္မတဖြစ်ချင်တယ်လို့ ၂ နှစ်လောက်ကြိုပြောတဲ့သူတွေကို ကျွန်တော်ထောက်ခံမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ အခြေခံဥပဒေဟာ အမေရိကန်ရဲ့ အခြေခံဥပဒေမဟုတ်ဘူး၊ အဲဒါကို မလေ့လာဘဲနဲ့ ကျွန်မ သမ္မတ လုပ်ချင်တယ်၊ ကျွန်တော် သမ္မတလုပ်ချင်တယ်လို့ ပြောတာဟာ တော်တော် ရယ်စရာကောင်းတယ်။ ရွေးကောက်ပွဲပြီးမှ နိုင်တဲ့ရလဒ်ပေါ် မူတည်ပြီး ပြည်သူ့လွှတ်တော်က ၁ ယောက်၊ အမျိုးသားလွှတ်တော်က ၁ ယောက်၊ တပ်မတော်သားဘက်က ၁ ယောက်၊ ဒီ ၃ ယောက်ထဲကမှ ပြန်ရွေးရမှာ။ အဲဒီအချိန်ကျမှ လုပ်ရမယ့်ကိစ္စတွေကို အခုကြိုပြောတဲ့အတွက် အဲဒီလောက်အထိ နိုင်ငံရေးလောဘကြီးတဲ့သူတွေကို ကျွန်တော် မဲမပေးဘူး၊ အဲဒါတော့စိတ်ချ။
မေး – ရွေးကောက်ပွဲအလွန်မှာ ဦးသိန်းညွန့်တို့က လွှတ်တော်မှာ ဘာဆက်လုပ်မလဲ။
ဖြေ – ကြံ့ခိုင်ရေးပဲနိုင်နိုင်၊ NLD ပဲ နိုင်နိုင် လွှတ်တော်မှာ ကြံ့ခိုင်အားကောင်းတဲ့ အတိုက်အခံရှိဖို့ လိုမယ်။ ကျွန်တော်က အတိုက်အခံအဖြစ်ပဲ ရပ်တည်မှာ၊၂ဝ၁ဝ ကတည်းက ပြောခဲ့တာ။ ကျွန်တော်က ရာထူးလိုချင်တဲ့အမတ် မဟုတ်တဲ့ အတွက် ကနေ့အထိ လွှတ်တော်မှာ အတိုက်အခံအမတ်အဖြစ် ရပ်တည်နေခဲ့တာ ဒီနေ့အထိပဲ။ ။