သတင်း

အမှုဖြစ်မြေနေရာတွင် ပါတီရုံးဖွင့်ရန် စစ်ကောင်စီဝင် ဦးသိန်းညွန့် ကြိုးပမ်းနေ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွန့်သည် ရန်ကုန်မြို့နေအိမ်၌ ပါတီရုံးပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းမှုကို မိသားစုဝင်များက ခွင့်မပြုသဖြင့် လက်နက်ကိုင်အဖွဲ့ဝင်များဖြင့် အင်အားသုံးခြိမ်းခြောက်ခဲ့သည်ဟု ၎င်း၏ သားဖြစ်သူက Myanmar Now ကို ပြောသည်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေအိမ်သို့ မေ ၃ နှင့် ၅ တွင် ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဝင်များ ရောက်ရှိလာခဲ့ပြီး ပါတီဆိုင်းဘုတ်တင်ရန်နှင့် ပါတီရုံးပြန်ဖွင့်ရန် ကြိုးပမ်းရာ လက်မခံခဲ့သဖြင့် ထိုသို့ဖိအားပေးခံရခြင်းဖြစ်ကြောင်း ဦးနေအောင်က ပြောသည်။

ပါတီရုံးဖွင့်ရန် ထိုသို့ဖိအားပေးခြိမ်းခြောက်မှုမတိုင်မီ နှစ်ပတ်ခန့်အလို ဧပြီ ၂၁ ရက်ကလည်း ဦးသိန်းညွန့် ပါတီရုံးဖွင့်ဖူးသည့် အဆိုပါနေအိမ်ကို လက်ပစ်ဗုံးဖြင့် လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူး၍ လုံခြုံရေးစိုးရိမ်နေရသည်ဟု ၎င်းက ပြောသည်။

“ပါတီရုံးကို လက်ပစ်ဗုံးလာပစ်သွင်းတဲ့အတွက် ကျွန်တော်တို့အသက်အန္တရာယ် စိုးရိမ်ရတာပေါ့။ ဒါကြောင့် ပါတီရုံးကို ပေးဖွင့်မခံတာပါ” ဟု ဦးနေအောင်က ဆိုသည်။ 

ပါတီရုံးဖွင့်ခွင့်ပြုရန် ငြင်းဆန်ပြီးနောက် မေ ၆ ညပိုင်းတွင် ၎င်းနေထိုင်ရာ နေအိမ်သို့ သင်္ဃန်းကျွန်းမြို့နယ် စခန်းမှူးနှင့် ရပ်ကွက်ဥက္ကဋ္ဌများရောက်ရှိလာပြီး ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း အကြောင်းအရာကိုမူ ရှင်းလင်းစွာ မပြောခဲ့ဟု ဦးနေအောင်က ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းသို့ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

၎င်း၏ ဖခင်ဖြစ်သူနှင့် နိုင်ငံရေးသဘောထားချင်းမတိုက်ဆိုင်၍ သားဖြစ်သူ ဦးနေအောင်က ၎င်း၏ နေအိမ်မှ ပါတီရုံးဖယ်ရှားပေးရန် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ရွေးကောက်ပွဲကော်မရှင်သို့ ၄ ကြိမ် တိုင်ကြားထားပြီးဖြစ်သည်။ 

စစ်အာဏာသိမ်းရန် စစ်တပ်ကို ပြောဆိုခဲ့ခြင်း၊ စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီနှင့် ပူးတွဲကြေညာချက်များ မကြာခဏထုတ်ပြန်ခြင်း စသည့် ဖခင်ဖြစ်သူ ဦးသိန်းညွန့်၏ နိုင်ငံရေးအယူအဆများကို သဘောမတူနိုင်၍ ပါတီရုံးဖယ်ရှားပေးရန် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဦးနေအောင်က ပြောသည်။

“စစ်ကောင်စီဝင်တစ်ယောက်ရဲ့ အာဏာကို သုံးပြီး သားသမီးတစ်ယောက်အပေါ်မှာတောင် ဒီလောက်လုပ်တယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ ဘယ်လောက်တောင် ရက်စက်ယုတ်မာမလဲ စဉ်းစားကြည့်ပေါ့ဗျာ”ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံရာတွင် ဦးသိန်းညွန့်က အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီခေါ်ယူရန် တင်ပြခဲ့သည်။

ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ၁၉၉၀ ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး NLD ပါတီက သပိတ်မှောက်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီမှ နုတ်ထွက်ခဲ့သည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းများဖြစ်ပြီး ၎င်း၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နှင့် ပူးပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်ခဲ့သည်။

NDF ပါတီကို တည်ထောင်ပြီး ၁ နှစ်အကြာတွင် ပါတီတွင်း သဘောထားကွဲလွဲရာမှ ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီဌာနချုပ်တည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်တွင် ဦးသိန်းညွန့် ဝင်ရောက်ယှဉ်ပြိင်ခဲ့သော်လည်း ဆန္ဒမဲအရေအတွက် အပြတ်အသတ်ဖြင့် NLD ပါတီကို ရှုံးနိမ့်ခဲ့သည်။ ထိုမဲဆန္ဒနယ်တွင် ၎င်း၏ မိတ်ဖက် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ဦးသိန်းညွန့်သည် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။

Show More

Related Articles

Back to top button