သတင်း

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံး

ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှု ဒုတိယအများဆုံးဖြစ်သည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိသော်လည်း တိုက်ပွဲများကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုး စတင်တွေ့ရှိသည့် မတ် ၂၃ ရက်မှယနေ့အထိ ငါးလကျော် ကာလအတွင်း အဆိုပါရောဂါကြောင့်သေဆုံးသူ ၁၂ ဦးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် သေဆုံးမှု မရှိခဲ့ပေ။ 

သို့သော် ရန်ကုန်အခြေစိုက် Burma Monitor အဖွဲ့၏ စာရင်းများအရ အဆိုပါငါးလကျော်ကာလအတွင်း ရခိုင်ပြည်နယ်တွင် အရပ်သား ၂၁၅ ဦးသေဆုံးပြီး ၃၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

အဆိုပါ သေဆုံးဒဏ်ရာရစာရင်းတွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်လည်းပါဝင်ပြီး ပြီးခဲ့သည့် ဧပြီလတစ်လတည်း၌ပင် ရခိုင်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ယနေ့နံနက်ပိုင်းအထိ တစ်နိုင်ငံလုံးတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ ၁၈၀၇ ဦး တွေ့ရှိထားပြီး ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ ဒုတိယအများဆုံးတွေ့ရှိထားသည်။ 

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်အထိ ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်တက်နေသော်လည်း သေဆုံးသူ လုံးဝမရှိပေ။ သို့သော် တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုကတော့ အဆက်မပြတ်ရှိနေဆဲဖြစ်သည်။ အရပ်သားသေဆုံးမှု အများဆုံးမြို့နယ်များမှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်များ ဖြစ်သည်။ 

ကျောက်တော်မြို့နယ်တွင် စက်တင်ဘာ ၃ ညနေပိုင်းက ကျေးရွာရွာနှစ်ရွာ မီးလောင်ခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ကျွမ်းပြီး သေနတ်ပစ်ခံရသဖြင့် လူနှစ်ဦး သေဆုံးခဲ့သည်။ တပ်မတော်စစ်ကြောင်းက ကျူးလွန်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း ထိုသို့လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုခဲ့သည်။

ကျောက်တော်မြို့နယ်၌ပင် စက်တင်ဘာ ၂ ရက်ကလည်း ကျေးရွာသုံးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် လူကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကျောက်တော်မြို့နယ်မှ နှစ်မိုင်ခန့်ဝေးသည့် ကျောက်ဂူစုကျေးရွာတွင် ဈေးရောင်းသူတစ်ဦးဖြစ်သည့် အသက် ၄၀ အရွယ် ဦးစိန်သာအောင်မှာ ဩဂုတ် ၃၁ တွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည်။ 

ကျောက်တော်မြို့ပေါ်၌ ဩဂုတ်လ ၂၇ ညပိုင်းက တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အရပ်သားတစ်ဦးပစ်သတ်ခံခဲ့ရပြီး၊ ထို့နေ့၌ပင် အပေါက်ဝကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ 

ရသေ့တောင်မြို့နယ်တွင် ကျောက်ရံသာစည်ကျေးရွာတွင် ဩဂုတ် ၂၂ ညပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာတွင် ဩဂုတ် ၃ တွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ချင်းတိုင်းရင်းသူတစ်ဦး သေဆုံးခဲ့သည်။ အမ်းမြို့နယ်၌ပင် ဇူလိုင် ၂၉ က မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း လက်သည်မပေါ်သော ပေါက်ကွဲမှုကြောင့် သေဆုံးမှုများရှိခဲ့သည်။ တောင်ကုတ်မြို့နယ်တွင် ဇွန်လ ၂၉ ရက်က မိုင်းဟုယူဆရသောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အဇာလာကျေးရွာတွင် ဇွန် ၂၅ ရက်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။  

ဘူးသီးတောင်မြို့နယ်၌ပင် မေလ ၁၂ ရက်က မိုင်းပေါက်ကွဲမှုကြောင့် ဖုံညိုလိပ်(မွတ်စလင်ရွာ)နှင့် သရက်ပြင်(မွတ်စလင်ရွာ)မှ ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။

သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၂ မှ ၁၆ ရက်အတွင်း အမ်း၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်များတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

တိုက်ပွဲများဆက်စပ်ဖြစ်ပွားရာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဧပြီ ၇ ရက်က အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြည်သာကျေးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသည့် ရသေ့တောင်မြို့နယ်မှ စစ်ရှောင်များ (ဓာတ်ပုံ – ကောင်းမြတ်နိုင်/Myanmar Now)

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သားများထိခိုက်သေဆုံးမှု ယနေ့အချိန်ထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် လွန်ခဲ့သည့်နှစ်ရက် (စက်တင်ဘာ ၈) က လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး အခြား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ “ပြည်သူတွေ အထိတ်တလန့်ဖြစ်တယ်။ ပြည်သူတွေနဲ့ ဘာမှမဆိုင်ဘဲ ပြည်သူတွေသေဆုံးရတယ်ဆိုတာ စိတ်မကောင်းဖြစ်ရတယ်။ သူတို့အချင်းချင်း ဘယ်လိုဖြစ်နေနေ ပြည်သူတွေကို ခုလိုပစ်လိုက်တယ်ဆိုတာက သူတို့လွန်တယ်” ဟု ညောင်ကန်ရွာတွင် လူငါးဦးသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ပြောသည်။ 

ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ့ (MIPS) ၏ အချက်အလက်များအရ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၏ ၉၇ ရာခိုင်နှုန်းမှာ ကျေးရွာများနှင့် ၂ မိုင်ခွဲခန့်အကွာအတွင်း ဖြစ်ပွားလေ့ရှိသည်။ 

အရပ်သားများ ထိခိုက်သေဆုံးရသည့် အကြောင်းရင်းများတွင် ကျေးရွာများအနီး တိုက်ပွဲများဖော်ဆောင်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်ထားသည်။ 

ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည့်ကာလတွင် စစ်ဆင်ရေးများလျှော့ချရမည့်အစား တိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ အရပ်သားထိခိုက်သေဆုံးမှုများနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူးကို ဇော်ဇော်ထွန်းက ပြောသည်။

“ဒါကဗျာ ပြောဖို့တောင် မကောင်းတော့ဘူး။ လူသားဆန်တဲ့စိတ် အရမ်းကို ခေါင်းပါးသွားပြီလို့ပဲ ပြောရတော့မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်တက်နေသည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် တိုက်ပွဲရပ်တန့်ပေးရန် ရခိုင်နှင့် ချင်းပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။ 

ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့က စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ အထိ အပစ်ရပ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့်နည်းတူ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့များရှိရာ နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ မှ ၃၀ အထိ အပစ်ရပ်ထားမည်ဟု ကြေညာထားသည်။ 

Related Articles

Back to top button