သတင်း

ပေါက်ကွဲမှုကြောင့် ဘူးသီးတောင်၌ ကလေးငယ် ၂ ဦးသေ တစ်ဦးဒဏ်ရာရ

ပေါက်ကွဲမှုတစ်ခုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ကလေးငယ်နှစ်ဦးအင်္ဂါနေ့မနက်တွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသွားသည်။

သေဆုံးသူ ကလေးငယ်တစ်ဦးမှာ ဖုံညိုလိပ် (မွတ်စလင်ရွာ) မှဖြစ်ပြီး နောက်နှစ်ဦးကတော့ သရက်ပြင် (မွတ်စလင်ရွာ) မှဖြစ်ကာ ၎င်းတို့ရွာနှင့် ရွာချင်းကပ်လျက်ရှိနေသည့် သရက်ပြင် (ရခိုင်ရွာ) အတွင်း မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ဖုံညိုလိပ်နှင့် သရက်ပြင်ရွာများမှာ ရခိုင်ရွာနှင့် မွတ်စလင်ရွာဟူ၍ နှစ်မျိုးရှိသည်။

မိုင်းပေါက်ကွဲမှုကြောင့် မောင်အဒူလာမီ ၁၂ နှစ်နှင့် မရဟေနာဘေဂေါင် ၁၅ နှစ်တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ဖုံညိုလိပ်(မွတ်စလင်ရွာ)မှ အသက် ၁၀ အရွယ် မဆာဒေကာဆီဘီမှာ ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် ဘူးသီးတောင်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။။

မေ ၁၂ နေ့လယ် ၁၂ နာရီခန့်က ဘူးသီးတောင်ဆေးရုံသို့ ဒဏ်ရာရသူ ကလေးငယ် သုံးဦးရောက်ရှိလာရာတွင် နှစ်ဦးမှာသေဆုံးနေပြီဖြစ်ပြီး ဖုံညိုလိပ်ရွာသူ မဆာဒေကာဆီဘီမှာ လည်ပင်းတွင် ဒဏ်ရာပြင်းထန်စွာရထားသည်ကို တွေ့ရသည်ဟု ဘူးသီးတောင်ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက ပြောသည်။

ကလေးငယ်ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ခွဲစိတ်ကုသရန် မေ ၁၃ ရက်နံနက် ၇ နာရီခွဲခန့်တွင် ဘူးသီးတောင်ဆေးရုံမှ မောင်တောဆေးရုံသို့ လွှဲပြောင်းပေးလိုက်သည်ဟု ၎င်းက ပြောသည်။

သေဆုံးသူကလေးငယ် သုံးဦးမှာ အင်္ဂါနေ့မနက် ၁၁ နာရီခန့်က သရက်ပြင် (ရခိုင်ရွာ) အတွင်း သရက်သီးသွားခူးစဉ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ယင်းရွာ အုပ်ချုပ်ရေးမှူးဦးသန်းလှိုင်က ဒေသခံမွတ်စလင်များကို ကိုးကားပြီး ပြောသည်။ ပေါက်ကွဲမှုဟုသာ ယေဘုယျသဘောပြောနိုင်ပြီး မြေမြှုပ်မိုင်း (သို့မဟုတ်) မပေါက်ကွဲသေးသောလက်နက်အပိုင်းအစ ဟုတ် မဟုတ် အတည်မပြုနိုင်ပါ။

သရက်ပြင်ရခိုင်ရွာမှာ ရွာအနီးတိုက်ပွဲများဖြစ်ပွားသောကြောင့် တစ်ရွာလုံး ဘူးသီးတောင်မြို့ပေါ်သို့ တိမ်းရှောင်နေရပြီး ရွာအတွင်း လူနေထိုင်ခြင်းမရှိတော့သည်မှာ ၆ လခန့်ရှိနေပြီဖြစ်သည်။

“ရွာမှာ လူမရှိတော့ ကလေးတွေက ရွာထဲဝင်ထွက်သွားလာပြီးနေကြတာ၊ အရင်ကလည်း အဲဒီလိုသွားကြတာပဲ အခုမှဖြစ်တာ” ဟု ၎င်းကိုယ်တိုင်ပင် ဘူးသီးတောင်မြို့တွင် တိမ်းရှောင်နေရသည့် ဦးသန်းလှိုင်က ပြောသည်။

သရက်ပြင်ရွာမှ ကလေးငယ်နှစ်ဦးကို ရွာအနီးတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများကပြောသည်။

သရက်ပြင် (မွတ်စလင်ရွာ) သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး စိုင်းဒင်ချောင်းနှင့် စိုင်းဒင်တံတားအနီးတွင်ရှိသည့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာတစ်ခု ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ၂၀၁၈ ဇန်နဝါရီအတွင်းက တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဒေသခံအများစုမှာ နီးစပ်ရာကျေးရွာများနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ဒေသခံမွတ်စလင်များမှာ ၎င်းတို့ကျေးရွာများနှင့် နီးစပ်ရာကျေးရွာများတွင်သာ ဆက်လက်နေထိုင်ကြသည်။

ယမန်နေ့ကလည်း ကျောက်တော်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မွတ်စလင်လူငယ် ငါးဦး ဒဏ်ရာရရှိသွားခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီ ၇ ကလည်း ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက် မွတ်စလင်ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာအနီးတောင်ပေါ်သို့ ထင်းခုတ်သွားသူ မွတ်စလင်ကလေးငယ် ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သည်။

(ယခုသတင်းတွင် ကနဦးရရှိသည့် အချက်အလက်များအရ မူလက ကလေး ၃ ဦးသေဆုံးသည်ဟု ရေးသားဖော်ပြခဲ့သော်လည်း ထပ်မံရရှိသည့် အချက်အလက်များအရ နှစ်ဦးသာ သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံရောက်နေကြောင်း အတည်ပြုနိုင်သဖြင့် အနည်းငယ် ပြန်လည်ပြင်ဆင်ရေးသားထားပါသည်။ မေ ၁၃ မွန်းလွဲ ၁ နာရီ)

Show More

Related Articles

Back to top button