သတင်း

အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲပြီး နှစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ကိုယ်ပိုင်ဥယျာဉ်ခြံမြေအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲသောကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဒေသခံနှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဇူလိုင် ၂၉ တွင် အမ်းမြို့နယ် ကဇူးကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှ အသက် ၆၀ အရွယ် ဦးမောင်တင်သည် ရွာနှင့်နှစ်မိုင်အကွာ ၎င်း၏ဥယျာဉ်ခြံသို့ တညင်းသီးခူးရန် သွားရောက်ခဲ့ပြီး ရွာသို့ပြန်မရောက်သဖြင့် နောက်တစ်ရက်အကြာတွင် ရှာဖွေရေးပြုလုပ်ကြရာ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးနေသည်ကို တွေ့ရသည်။

ထိုသို့ လူရှာဖွေရေးပြုလုပ်နေစဉ် အဆိုပါနေ့ ဇူလိုင် ၃၀ တွင် ထပ်မံမိုင်းပေါက်ကွဲသဖြင့် ဒေသခံ ကိုဆူပါချေ သေဆုံးသွားကာ ဦးဆန်းဝင်းဆိုသူလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု ကဇူးကိုင်းအုပ်ချုပ်ရေးမှူး ဦးခင်အောင်သန်းက ပြောသည်။

“ဦးမောင်တင်က အိမ်ကို ရောက်မလာဘူး။ ဒါကြောင့် မိုးလင်းတော့ မိသားစုဝင်တွေ သွားရှာကြတယ်။ ဆိုတော့ သူ့သားက အလောင်းကိုတွေ့တော့ ရွာကလူတွေကိုခေါ်ပြီး အလောင်းကို သယ်ဖို့ သွားကြတယ်။ ၃၀ ရက်နေ့ တစ်နာရီလောက်မှာ သယ်ဖို့သွားတဲ့ သူ့သမက်နဲ့နောက်တစ်ယောက် မိုင်းထိတယ်။ မိုင်းက တစ်လုံးပေါက်တယ်။ နင်းမိသူ ဆူပါချေမှာတော့ ခြေထောက်တွေ ပြတ်ထွက်သွားတယ်။ သူ့ကို အပြင်ထုတ်လာတုန်း သေဆုံးသွားတယ်။ သူ့သမက် ဦးဆန်းဝင်းမှာတော့ ဒဏ်ရာရသွားတယ်”ဟု ၎င်းကပြောသည်။

ဦးဆန်းဝင်းမှာ လက်နှင့်ပေါင်တွင် ဒဏ်ရာ ရရှိသွားပြီး အမ်းမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားသည်ဟု ဦးခင်အောင်သန်းက ပြောသည်။

ယင်းဒေသအတွင်းတွင် လွန်ခဲ့သည့်လများက တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ဖူးသည်။ ဒေသခံအများစုမှာ တောင်ယာများ အဓိကလုပ်ကိုင်သဖြင့် ယခုကဲ့သို့မိုင်းပေါက်ကွဲမှု ကြုံတွေ့လာရသဖြင့် ဟင်းရှာ၊ ထင်းခုတ်သူများအတွက် အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဦးခင်အောင်သန်းက ပြောသည်။

“ကျေးရွာပြည်သူလူထုရဲ့ အသက်အိုးအိမ် စိုးရိမ်ရပါတယ်။ တော်တော်လေး အခက်အခဲရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင် ၈ ကလည်း ကျေးရွာအနီးနွား ကျောင်းနေစဉ် မိုင်းပေါက်ကွဲသဖြင့် ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးမောင်ကျော်သန်း သေဆုံးသွားသည်။

မိုင်းပေါက်ကွဲမှုကြောင့် လက်ရှိအထိ ရခိုင်ပြည်နယ်တွင် အရပ်သား သေဆုံးမှု ၂၆ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၅၈ ဦး ရှိသည်ဟု စစ်ရှောင်များအရေး ဆောင်ရွက်နေသော ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အချက်အလက်များအရ သိရသည်။ 

ဇူလိုင် ၂၆ ကလည်း အမ်းမြို့နယ် ကဇူးကိုင်းအုပ်စု သဲကမ်းထောင်းရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသားငါးဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။ 

Show More

Related Articles

Back to top button