
ယမန်နေ့ (ဇွန် ၁၃) မွန်းလွဲပိုင်းက တနင်္သာရီတိုင်း တကူတိုက်နယ်ရှိ ကျေးရွာ ၄ ရွာ လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် လူကြီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အင်းရှည်ကုန်း၊ သံတိုက်၊ ခြောက်အိမ်စုရွာနှင့် ပြည်အေးရွာတို့ကို စစ်ကောင်စီ၏ မြိတ်လေတပ်စခန်းမှ Mi2 အမျိုးအစား စစ်သုံးရဟတ်ယာဉ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“ရဟတ်ယာဉ်က ဗုံးသီး ၁၈ လုံးချတယ်။ ပြည်အေးရွာက မီးသတ်ရုံးကို ထိတယ်” ဟု ၎င်းက ပြောသည်။
“အိမ် ၂ လုံးနဲ့ မီးသတ်ကင်းဆောင်တွေလည်း ထိခိုက် ပျက်စီးသွားတယ်”
ပစ်ခတ်ရသည့် အကြောင်းရင်းကို မသိရသေးသလို ဒေသခံ ၂ ဦး ထိခိုက်သွားသည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
တနင်္သာရီမြို့နှင့် ၁၀ မိုင်သာ ကွာဝေးသည့် တကူတိုက်နယ် ကျေးရွာအုပ်စုသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင်၊ တကူ၊ ကိုးမိုင်၊ သမီးလှ ကျေးရွာများဖြင့် ဖွဲ့စည်းထားသည်။
၂၀၂၂ မေလတွင် အာဏာသိမ်း စစ်တပ်နှင့် တိုက်ပွဲများစတင်ခဲ့ပြီးနောက် ထိုဒေသရှိ ကျေးရွာအများစုမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ခြေကုပ်ယူရာဒေသများ ဖြစ်လာခဲ့သည်။

မြိတ်ခရိုင်အတွင်းတွင် မြို့ကြီးများမှလွဲ၍ ကျေးရွာအများစုမှာ တော်လှန်ရေးအင်အားစု၏ စိုးမိုးနယ်မြေများဖြစ်နေပြီး စစ်တပ်က မကြာခဏဆိုသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မြိတ်ခရိုင်ထဲမှာ စစ်ကြောင်းထိုးတာတော့ မရှိဘူး။ လေယာဉ်ကြဲတာတော့ ရှိတယ်။ မနေ့က တကူမှာ လေယာဉ်ကြဲတယ်။ ဒီနေ့တော့ ပုလောမှာ လေယာဉ်လာဝဲတာပေါ့”
“လောလောဆယ်ကတော့ သူတို့က ခံစစ်ပုံစံပဲ လာတိုက်ရင် ပြန်တိုက်မယ်။ စစ်ကြောင်းထိုးတာမျိုးတော့ မရှိဘူး။ လာတိုက်ရင်တော့ လေယာဉ်နဲ့ဘာနဲ့ တိုက်တာမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်းစီက တနင်္သာရီတိုင်းအတွင်းရှိ ၎င်းတို့၏ ထိန်းချုပ်မှုနှင့် ဝေးကွာသည့် ကျေးရွာများကို လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း စီးပွားရေးနှင့် စစ်ရေးဗျူဟာကျသည့် လမ်းမကြီးများကိုမူ စစ်သည်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့် ဇွန် ၇ က စစ်ရေး၊ စီးပွားရေး ဗျူဟာကျသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမဘေးရှိ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ရားဖူးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့သည်။
ထို့နောက် စစ်အင်အား ၃၀၀ ကျော်ဖြင့် အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းခဲ့ရာ ကျေးရွာ ၅ ရွာမှ ဒေသခံ ထောင်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများကို စစ်တပ်က စစ်သည်အင်အား အလုံးအရင်းဖြင့် မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်သည်ဟု တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကြောင်းအင်အား အလုံးအရင်းနဲ့ ဝင်ချင်တဲ့ နေရာတစ်ခုကို ဝင်မယ် ဖျက်ဆီးမယ်။ ပြည်သူပိုင်ပစ္စည်းတွေယူမယ်။ အိမ်တွေကို မီးရှို့မယ်။ တွေ့တဲ့သူကို သတ်မယ်။ အဓိကကတော့ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားမှာ အဆက်အသွယ်ဖျက်ဖို့ အဓိက စစ်ကြောင်းထိုးပြီးတော့ ရှင်းလင်းရေးလုပ်နေတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကြာချိန်အထိ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်တပ်တို့အကြား တိုက်ပွဲများ တစ်နေ့တခြား ပြင်းထန်လာသည့် ဒေသများထဲတွင် မြန်မာပြည်တောင်ဘက်စွန်းရှိ တနင်္သာရီတိုင်းလည်း ပါဝင်လာသည်။
၂၀၂၂ ဧပြီမှ ၂၀၂၄ ဧပြီအတွင်း အာဏာသိမ်း စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၅၅၄ ဦး သေဆုံးခဲ့ပြီး စစ်ဘေးဒုက္ခသည် ၅၉၁၈၁ ဦးထိ ရှိလာပြီ ဖြစ်သည်ဟု ထိုဒေသအခြေစိုက် FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။