အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဖြူမြို့တွင် နေအိမ်လက်နက်ကြီးထိ၊ လသားကလေးနှင့် မိသားစုဝင်များသေဆုံး

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်ဒေသ ရားဖူးကျေးရွာ ပစ်ခတ်ခံရသဖြင့် မိသားစုတစ်စုလုံး ထိခိုက်သွားသည်၊ အသက်ရှင် ကျန်ရစ်သည့် ကလေးမှာလည်း ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

ဇွန်လ ၇ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမဘေးရှိ ရားဖူးကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လသားအရွယ်ကလေး အပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးသွားသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်ဒေသကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ရဲဘော်ဇီဝကက ပြောသည်။

“ရန်သူဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးက အိမ်တစ်လုံးပေါ် ကျပြီး မိသားစု ၃ ယောက်လုံး သေသွားတယ်” ဟု သူက ပြောသည်။

သေဆုံးသူများမှာ အသက် ၃၈ နှစ်အရွယ် ကိုအောင်အောင်၊ အသက် ၂၉ နှစ်အရွယ် ဇနီးသည် လားဝါးထူး၊ လသားအရွယ် ကလေးငယ်တို့ဖြစ်သည်။ အသက်ရှင်လျက် ကျန်ရှိသည့် ၁၀ နှစ်အရွယ် ယောက်ျားလေးမှာလည်း ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှု၊ ထိခိုက်သေဆုံးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်စစ်ကြောင်းထိုးနေသည့် နေရာသည် မြန်မာ-ထိုင်း အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်ကြားဒေသဖြစ်သည်။ ထိုဒေသကို နယ်မြေစိုးမိုးနိုင်ရန် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များကလည်း ကြိုးပမ်းနေသည်။

မေ ၃၁ ရက်နေ့ကလည်း ကော်သူးလေတပ်မတော် (KTLA) ၊ ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တို့က ရေဖြူအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၀၈ ကို ပူးပေါင်းတိုက်ခဲ့သည်ဟု ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုအပြီး ထားဝယ်မြို့အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ−၈) လက်အောက်ခံတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း ၄၀၈၊ ၄၀၉ နှင့် ၄၁၀ တို့က စစ်ကြောင်းထိုးခြင်း ဖြစ်သည်။

မေ ၃ ညပိုင်းကလည်း စကခ−၈ တပ်မမှူး ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင် စီးလာသည့် မော်တော်ယာဉ်တန်း ကရင်ပြည်နယ် ကမမောင်းမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။ ထိခိုက်မှုအခြေအနေကို မသိရပါ။

အလားတူ ရေးမြို့အခြေစိုက် စကခ-၁၉ တပ်များကလည်း ထိုဒေသတွင် စစ်ကြောင်းထိုးနေသည်၊ ​ဒေသအခြေစိုက်သည့် မောရဝတီရေတပ်ဌာနချုပ်ကလည်း ကြည်းကြောင်း၊ ရေကြောင်း အသုံးပြုတိုက်ခိုက်ရန် စစ်ပြင်နေသည်ဟု ထားဝယ် ပကဖ တာဝန်ခံ ရဲဘော်ဇီဝကက ဆိုသည်။

မေ ၈ ရက်နေ့က သရက်ချောင်းမြို့နယ် ပဲဒက်ရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲအပြီးတွင် မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသအခြေစိုက် ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က မေ ၂၅ က ထုတ်ပြန်ထားသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို ဗုံးအလုံးရေ ၂၄ လုံးမှ အလုံး ၃၀ ကြဲချ တိုက်ခိုက်ခဲ့သည်၊ ထိုဖြစ်စဉ်တွင် ကလေးငယ် ၃ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၄ ဧပြီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည်အရေအတွက် ၅၉၁၈၁ ဦး ရှိသည်။ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့မှ အများစုဖြစ်သည်ဟု ထိုဒေသဖြစ်ရပ်များကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button