မြန်မာနိုင်ငံတွင် တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှု မြင့်တက်နေချိန်ဖြစ်သော်လည်း ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကြီးအချို့၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ယနေ့ (စက်တင်ဘာ ၈) တွင် စတင်ခဲ့သည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မူလက ယနေ့တွင် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်သည့် သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်အချို့သည် နေပြည်တော်ရှိ ပါတီယာယီဌာနချုပ်ရုံးခွဲတွင် ယနေ့နံနက်ပိုင်းက ရွေးကောက်ပွဲအောင်လံလွှင့်ထူခြင်း အခမ်းအနားပြုလုပ် ခဲ့သည်။
“ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့မြေမှာ ဒီအောင်လံဟာ ခိုင်မြဲအောင်လို့ နိုဝင်ဘာ ၈ ရက် (ရွေးကောက်ပွဲနေ့) နေ့မှာ ပြည်သူ အားလုံး NLD ကို မဲပေးကြပါလို့ ဒီကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့အတူ ပါတီဒုတိယဥက္ကဋ္ဌဖြစ်သူ သမ္မတဦးဝင်းမြင့်ကလည်း “ဒီမိုကရေစီရေးအတွက် မဲပေးကြပါ။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးအတွက် မဲပေးကြပါ” ဟု တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ပါတီထောက်ခံသူများအနေဖြင့် စက်တင်ဘာ ၈ နံနက် ၈ နာရီအချိန်တွင် အိမ်ပြတင်းပေါက် သို့မဟုတ် ခြံဝတွင်၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီးတို့ပေါ်တွင် ပါတီအလံစိုက်ထူကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အွန်လိုင်းမှနေ၍ တိုက်တွန်းခဲ့သည်။
ရန်ကုန်အပါအဝင် အချို့သောမြို့များတွင် NLD ပါတီက အောင်လံလွှင့်ထူခြင်းအခမ်းအနား ကျင်းပခဲ့သည့်နည်းတူ ပြည်သူ များက NLD အလံများလွှင့်ထူခြင်း၊ NLD တီရှပ်အင်္ကျီများဝတ်ဆင်ခြင်းပြုလုပ်ကာ ထောက်ခံမှု ပြသခဲ့သည်ကို တွေ့ရသည်။
မန္တလေးမြို့တွင်လည်း ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ကာ ရွေးကောက်ပွဲအောင်လံလွှင့်ထူခြင်း အခမ်းအနားကျင်းပခဲ့သည့်နည်းတူ စဉ့်ကိုင်မြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်မည့် ဒေါ်ဝင်းမြမြသည်လည်း ၎င်း၏မဲဆန္ဒနယ်သို့ သွားရောက်ကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ခဲ့သည်ကို တွေ့ရသည်။
‘အောင်လံခိုင်ဖို့ မဲပေးစို့’ ဟူသော ရွေးကောက်ပွဲ အောင်နိုင်ရေးဆောင်ပုဒ်ဖြင့် အာဏာရ NLD ပါတီသည် ကိုယ်စားလှယ် လောင်း ၁,၁၄၃ ဦးဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မဲဆွယ်စည်းရုံးကာလမှာ ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်တက်နေချိန်လည်းဖြစ်သဖြင့် စည်းရုံးဟောပြောခြင်းကို ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်နှင့်အညီ ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာခဲ့သည်။
ယနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၆၁၀ ဦးရှိပြီး သေဆုံးသူ ရှစ်ဦးရှိသည်။ ကူးစက်မှုအများဆုံးနေရာများမှာ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်ဖြစ်ပြီး ၇၀၀ ကျော်နှင့် ၅၀၀ ကျော် အသီးသီးရှိသည်။
ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောရာတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်နှင့်အညီ နေရာအကျယ်အဝန်း၊ အနေအထားပေါ်မူတည်ပြီး လူ ၅၀ ဦးထက် ပိုမစုဝေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ တွင် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ မဲဆွယ်စုဝေးဟောပြောခြင်းအတွက် စုရုံးရာတွင် လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီကွာလျက် နေရာချထားစီမံနိုင်ရန်၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ပြုလုပ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာရမည်ဟုဆိုသည်။
သို့သော် နေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ် သတ်မှတ်ထားသော တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာဒေသများတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများ၊ အဆောက်အအုံများအတွင်း မဲဆွယ်စည်းရုံးခြင်း အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးခြင်းများကို မပြုလုပ်ရန် ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
ကိုဗစ်နိုင်တင်းဆိုင်ရာ ကန့်သတ်ချက်များရှိနေသော်လည်း NLD အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ၊ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ခိုင်၏ ပီသုံးလုံး (PPP) ခေါ် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် အခြားပါတီအချို့လည်း မဲဆွယ်လှုပ်ရှားမှုများ စတင်ခဲ့သည်ကို တွေ့ရသည်။
အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သပြေကုန်းအဝိုင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဇဗ္ဗူသီရိမြို့နယ် ကိုယ်စားလှယ်လောင်းကြော်ငြာဆိုင်းဘုတ် ထူထောင်သည့်အခမ်းအနားကို ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက လာရောက်ကြည့်ရှုခဲ့သည်။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူက အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ရုံဖြင့် မလုံလောက်သေးဘဲ အစိုးရက ပြည်သူများ ၏ဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် လူမှုဘဝလုံခြုံအောင် ဆောင်ရွက်ပေးနိုင်မှသာ ဒီမိုကရေစီဟူသည့် နိုင်ငံရေးသဘောတရား ပြည့်စုံမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
“၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများအတွက် ပိုကောင်းအောင်ပြောင်းပေးနိုင်တဲ့ အစိုးရတစ်ရပ် ရွေးချယ်ပေးရန် လိုအပ်နေပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူများကလည်း ပိုပြီးကောင်းအောင်ပြောင်းပေးနိုင်တဲ့ အပြောနဲ့အလုပ်ညီညွတ်တဲ့ ကောင်းကျိုးဆောင်ပါတီ UBP ကို အရွေးမှန်လို့ အမှန်ရွေးပြီး ပြောင်းလဲထောက်ခံမဲပေးကြပါ” ဟုလည်း သူရဦးရွှေမန်းက မဲဆွယ်ခဲ့သည်။
“ပိုပြီးကောင်းအောင် ပြောင်းလဲဖို့ UBP ကို မဲပေးစို့” ဟူသည့် ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ကိုယ်စားလှယ်လောင်း ၉၂၀ ကျော်ဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယအများဆုံး ဝင်ပြိုင်သည့်ပါတီဖြစ်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းမှာမူ ရွေးကောက်ပွဲဝင်ပြိုင်မည် မဟုတ်ပေ။
နိုင်ငံရေးပါတီသစ်များဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ (People’s Party) သည် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး၊ ဒေါ်သက်သက်ခိုင်၏ ပီသုံးလုံး (PPP) ခေါ် ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် လောင်း၂၄၈ ဦးတို့ဖြင့် ဝင်ရောက်ရွေးချယ်ခံမည်ဟု အသီးသီးထုတ်ပြန်ထားကြသည်။
“တစ်သင်းလုံးကန်မည် PPP” ဟု ကြွေးကြော်ထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုကာ ရန်ကုန်တိုင်း ဒဂုံမြို့နယ်တွင် ရွေးကောက်ခံအနိုင်ရခဲ့သည်။ ၂၀၁၉ တွင်တော့ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့ပြီး မရမ်းကုန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မရမ်းကုန်းမြို့နယ်ကို ရွေးချယ်ရခြင်းမှာ မဲဆန္ဒရှင်အရေအတွက် အများဆုံးနှင့် မဲဆန္ဒနယ်အကျယ်ဆုံးဖြစ်ပြီး စည်းရုံးရေး ကာလတွင် ပိုမိုခက်ခက်ခဲခဲ လုပ်ရမည့်နေရာဖြစ်သည့်အတွက်ကြောင့်ဟု ဒေါ်သက်သက်ခိုင်က ဆိုသည်။
“ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လွယ်လွယ်လေး နိုင်မယ့်နေရာမဟုတ်ဘဲနဲ့ ခက်ခက်ခဲခဲ ယှဉ်ရမယ့်နေရာယူပြီး ပါတီ ဝင်တွေကိုလည်း အတုယူကြိုးစားစေချင်လို့ပါ” ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကိုနေယံဦးအပါအဝင် ပြည်သူ့ပါတီကိုယ်စားလှယ် လောင်းများက “နိုင်ငံတော်သစ်ဆီသို့” ဟူသည့် အောင်နိုင်ရေးဆောင်ပုဒ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည်းတန်းလမ်း ဆုံအထိ လမ်းလျှောက်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ခဲ့သော်လည်း ကပ်ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး ရွေးကောက်ပွဲကို နိုဝင်ဘာတွင် မပြုလုပ်ဘဲ ဒီဇင်ဘာဝန်းကျင်သို့ ရွှေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက တိုက်တွန်းသည်။
“ဒါကိုပြောနေတာကလည်း ပါတီအောင်နိုင်ရေးကိစ္စအတွက် ကျွန်တော်တို့ ပြောနေတာမဟုတ်ဘူး။ ပြည်သူအတွက် လုံခြုံရေး၊ ကျန်းမာရေး စိတ်ချရတဲ့ အခြေအနေအထိ အကယ်၍ ရွှေ့မယ်ဆိုရင် ဒီလွှတ်တော် ငါးနှစ်သက်တမ်း မပြည့်ခင်မှာ ရွေးကောက်ပွဲရလဒ် ကြေညာနိုင်တဲ့အချိန်အထိ ရွှေ့လို့ ရပါတယ်။ ဒါဟာ အများပြည်သူကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဓိက လိုအပ်ချက် ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုများ မြင့်တက်နေချိန် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မဲဆွယ်စည်းရုံးရမည့် နည်းလမ်းများ မှာလည်း ငွေကြေးအင်အား မတောင့်တင်းသည့် ပါတီများအတွက် မြေပြင်တွင် လိုက်နာနိုင်ရန် ခဲယဉ်းသည်ဟု ၎င်းက ဝေဖန်သည်။
“ရပ်ကွက်ထဲ ဆင်းမယ်ဆိုတော့ကော ရပ်ကွက်ထဲမှာ ဘယ်အိမ်က ဘာမှန်းမသိတဲ့ ပိုးပါလား၊ မပါလား မသိတဲ့ လူတစ်အုပ်တစ်မကြီး ဝင်လာတဲ့ကိစ္စကို ကျွန်တော်တို့ဆိုလည်း စိတ်ထဲက မသန့်ဘူး” ဟု ဦးကိုကိုကြီးက ပြောသည်။
မဲဆွယ်ကိုယ်စားလှယ်လောင်းများနှင့် မဲရုံဝန်ထမ်းများကြား ပိုးကူးစက်သွားပါက ရွေးကောက်ပွဲလုပ်ငန်းများ ရပ်တန့် သွားနိုင်သည့် အခြေအနေဖြစ်သည့်အတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲဝင်မည့် ပါတီအချို့က မဲဆွယ်စည်းရုံးမှုလှုပ်ရှားမှုများ စတင်ခဲ့သော်လည်း အဓိက အတိုက်အခံပါတီကြီး တစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကမူ မနက်ဖြန် (စက်တင်ဘာ ၉) မှသာ အောင်လံလွှင့်ပြီး မဲဆွယ်စည်းရုံးရေး စတင်လှုပ်ရှားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရွေးကောက်ခံမည့် နေပြည်တော် ဇေယျာသီရိမြို့နယ်ပါတီရုံး၌ပင် မည်သည့်လှုပ်ရှားမှုမျှ မတွေ့ရဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
“ကျွန်မတို့က မနက်ဖြန်မှလေ။ မနက်ဖြန်မနက်ပိုင်းပေါ့။ ၈နာရီ၊ ၉နာရီ ပတ်ဝန်းကျင်လောက်မှလေ အောင်လံလွှင့်တဲ့ဟာကို လုပ်မှာ။ ဒါပေမယ့် ဒီနေ့ကျတော့လေ… ၈ရက်လည်း ၈ရက်၊ အင်္ဂါလည်း အင်္ဂါဆိုတော့လေ။ ပြောရမယ်ဆိုရင် မနက်ဖြန်က ပိုပြီးတော့မှ ရက်ကောင်းတယ်ပေါ့” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်က Myanmar Now ကို ပြောသည်။
ရောဂါကူးစက်နေသည့်အချိန်ကာလဖြစ်သည့်အတွက် နှာခေါင်းစည်းနှင့် လက်ဆေးရည်ဝေသည့်လုပ်ငန်းများမှ လွဲ၍ ပါတီဝင်များကို တတ်နိုင်သမျှ အပြင်မထွက်ရန် ညွှန်ကြားထားသည်ဟုလည်း ၎င်းက ပြောသည်။
သို့သော် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့ညနေပိုင်းက နှာခေါင်းစည်းပေးဝေနေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ရှိရသည်။ ထို့အပြင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်အချို့က ဆိုင်းဘုတ်တင်အခမ်းအနား ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ပြည်ခိုင်ဖြိုးပါတီသည် ကိုယ်စားလှယ်လောင်းပေါင်း ၁,၁၀၀ ကျော်ဖြင့် ဒုတိယအများဆုံးရွေးကောက်ခံမည့် ပါတီကြီးဖြစ်ပြီး ‘ပိုမိုတောက်ပသော အနာဂတ်’ ဟူသော ကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးမည်ဖြစ်သည်။
ကယားပြည်နယ်၌ ယနေ့နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့က ရွေးကောက် ပွဲမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ စတင်ဆောင်ရွက်ခဲ့သည်ကို ကယားပြည်နယ်ရောက် Myanmar Now သတင်းအဖွဲ့က ပေးပို့ထားသည်။
အလားတူပင် “ဖက်ဒရယ်မှသည် ငြိမ်းချမ်းရေးဆီသို့ SNLD ကို မဲပေးစို့” ဟူသည့် ဆောင်ပုဒ်ဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည်လည်း မဲဆွယ်စည်းရုံးမှုများ စတင်လှုပ်ရှားရန် ပြင်ဆင်နေပြီဖြစ်သည်။ မူဆယ်၊ လားရှိုး၊ ရပ်စောက်၊ ပြင်ဦးလွင်၊ မိုးညှင်းစသည့်နေရာများတွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ပါတီဆိုင်းဘုတ်ထောင်ခြင်းများ စတင်ခဲ့သည်။
တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း ဆိုင်ရာ ကန့်သတ်ချက်များရှိနေခြင်း၊ စစ်ရေးပဋိပက္ခဖြစ်ပွားနေခြင်းနှင့် အင်တာနက်အပြည့်အဝ မရခြင်းများကြောင့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးရေးစတင်ရန် ခက်ခဲနေကြောင်း ရခိုင်နိုင်ငံရေးပါတီများက ဆိုသည်။
နိုဝင်ဘာ ၈ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းမဲဆန္ဒနယ်များတွင် ဝင်ရောက်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦး ရှိပြီး နိုင်ငံရေးပါတီ ၉၂ ခု ကိုယ်စားပြုကိုယ်စားလှယ် ၆,၆၈၉ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၂၈၀ ဦး ဖြစ်သည်။