သတင်း

ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှုအရှိန်မြင့်နေဆဲ

‌မြန်မာနိုင်ငံတွင် ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းမှစ၍ တစ်ကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကူးစက်မှု တဖြည်းဖြည်းအရှိန်မြင့်တက်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အတည်ပြုလူနာအရေအတွက် ၃၇၅ ဦးအထိ ရှိလာသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း အတည်ပြုလူနာ စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်နေ့နောက်ပိုင်း နေ့စဉ်အတည်ပြုလူနာတွေ့ရှိမှု ဆက်တိုက်မြင့်မားနေလျက်ရှိသည်။ 

ယနေ့ (ဩဂုတ် ၃၀) နံနက်ပိုင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အတည်ပြုလူနာ ၁၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ညပိုင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၇၇ ဦးအထိ တွေ့ရှိခဲ့ရာ ဩဂုတ် ၁၆ မှ ယနေ့အထိ သီတင်းနှစ်ပတ်တာကာလအတွင်း အတည်ပြုလူနာအရေအတွက် ၃၇၅ ဦးအထိရှိလာသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာစတင်တွေ့ရှိသည့် မတ်လ ၂၃ မှ ဩဂုတ် ၁၆ အထိ လေးလကျော်ကာလအတွင်း အတည်ပြုလူနာအရေအတွက်မှာ ၃၇၄ ဦးသာရှိခဲ့ခြင်းဖြစ်သည်။ 

တစ်ကျော့ပြန်ကိုဗစ်နိုင်တင်းဖြစ်ပွားမှုတွင် ယခုသီတင်းပတ်နှစ်ခုအတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သည့်လေးလကျော်ကာလအတွင်း တွေ့ရှိသည့် အရေအတွက်ထက် ကျော်လွန်ခဲ့ပြီဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ယနေ့ (ဩဂုတ် ၃၀) အထိ တစ်နိုင်ငံလုံးရှိ ကိုဗစ်နိုင်တင်းအတည်ပြုလူနာ အရေအတွက်မှာ ၇၄၉ ဦးဖြစ်ပြီး ဆေးရုံမှဆင်းခွင့်ပြုပြီးသူ ၃၄၇ ဦးနှင့် သေဆုံးသူ ၆ ဦးရှိသည်။ 

ဒုတိယလှိုင်းဟု ခေါ်ဆိုကြသည့် တစ်ကျော့ပြန်ကိုဗစ်နိုင်တင်းဖြစ်ပွားမှု ယနေ့အထိ ရခိုင်ပြည်နယ်မှ အများဆုံးတွေ့ရှိရပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အတည်ပြုလူနာများ တွေ့ရှိလာသည်။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအရ ယခုရက်ပိုင်းအတွင်း တွေ့ရှိရသည့် အတည်ပြုလူနာအများစုမှာ အသွားအလာကန့်သတ်ထားသူများဖြစ်ပြီး လွန်ခဲ့သော ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်ရှိ ရောဂါကူးစက်ဖြစ်ပွားရာဒေသများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသူများဖြစ်သည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်မှုအများဆုံးဖြစ်သည့်အတွက် သတိထားသွားလာကြရန်နှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များလိုက်နာရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားသည်။ 

Show More

Related Articles

Back to top button