မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတကျောင်း၏ ပရဝဏ်မှာ သန့်ရှင်းသပ်ရပ်နေပြီး ကြေးစည်သံသည်လည်း နားဝင်ချိုဖွယ် ပျံ့လွင့်နေသည်။ သို့သော် ထိုအေးချမ်းသည့်မြင်ကွင်းနှင့် မလိုက်ဖက်သော အသံတခုကိုလည်း ကျောင်းဝင်းအတွင်း ကြားနေရသည်။
ယင်းမှာ ဘုန်းကြီးကျောင်း တနေရာတွင် ထားရှိသော အိုင်ကွန် (ICOM) စကားပြောစက်မှ ထွက်ပေါ်နေသည့် လေကြောင်းရန် သတိပေးချက်ဖြစ်သည်။ တဖက်တွင် အေးချမ်းသည့် ကြေးစည်သံ လွင့်ပျံနေသော်လည်း အခြားတဖက်တွင် အသက်ဘေးမှ လွတ်မြောက်ရေးအတွက် သတိပေးသံ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း လေကြောင်းရန်သတိပေးချက်များ သိရှိနိုင်ရန် ထားရှိသည့် အိုင်ကွန် စကားပြောစက်။ ဓာတ်ပုံ- တင်စိုး(အညာမြေ)
အသက်ဘေးကြားက ဥပုသ်သည်များ
အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်ကြည်အတွက်မူ ဘုန်းကြီးကျောင်းသွားရာတွင် လေကြောင်းရန်ကို စိုးရိမ်နေရခြင်းသည် သူ့ဘဝ၏ အစိတ်အပိုင်းတခု ဖြစ်လာသည်။ ဒေါ်ခင်ကြည်သည် ငယ်စဉ်ကတည်းက ဘာသာရေးကိုင်းရှိုင်းသူတဦးဖြစ်ပြီး ဥပုသ်နေ့များတွင် ဘုန်းကြီးကျောင်းသွားကာ သီလဆောက်တည်လေ့ရှိသည်။
စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဝါတွင်းကာလ ဥပုသ်နေ့များတွင် ဘုန်းကြီးကျောင်း၌ ညအိပ် နေထိုင်ပြီး နံနက်စောစော အိပ်ရာထကာ ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်းခြင်း၊ ဘုန်းကြီးကျောင်းသို့ လာရောက်သည့် ဥပုသ်သည်များအတွက် ရေနွေးတည်ပေးခြင်းတို့ဖြင့် ကုသိုလ်ယူလေ့ရှိသည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် ယခင်ကဲ့သို့ ဘုန်းကြီးကျောင်းတွင် စိတ်အေးလက်အေး နေထိုင်ကာ ကုသိုလ်မယူနိုင်တော့ပေ။
စစ်ကောင်စီတပ်သားများ ရွာထဲသို့စစ်ကြောင်းထိုး ဝင်ရောက်လာတတ်ခြင်းကြောင့် နေအိမ်နှင့် လယ်ယာလုပ်ငန်းများကိုစွန့်၍ ထွက်ပြေးခဲ့ရသည့် နေ့ရက်များကို ဇရာထောင်းနေပြီဖြစ်သည့် ဒေါ်ခင်ကြည် မမေ့နိုင်သေးပေ။
တကြိမ်တွင် စစ်ကောင်စီတပ်များ ရွာအတွင်း ကိုးညကြာ တပ်စွဲခဲ့သည်။ ထိုစဉ်က နွားများကိုပါ ခေါ်ဆောင်၍ တောထဲတွင် ချက်ပြုတ်စားသောက်ရင်း ပုန်းရှောင်နေခဲ့ကြရသည်ဟု ဒေါ်ခင်ကြည်က ပြောသည်။ စစ်ကြောင်းအန္တရာယ်မှ လွတ်မြောက်ရန် တနေရာမှ တနေရာသို့ ထပ်မံရွှေ့ပြောင်းခဲ့ရပြီး နွားများသည်လည်း အစာရေစာ ဝဝမစားခဲ့ကြရပေ။
“တောထဲမယ် နေပြီးတော့မှ တောကနေမှ ချောင်ကြိုချောင်ကြားကို ပြေးရသေးတာ၊ တောထဲမယ် နေရတာ တောထဲမှာ ချက်ပြုတ်စားနေရတာ အချိန်မရွေး အဲဒီလိုမျိုး ဖြိုးဖြိုးဖျောင်းဖျောင်း ရောက်ရောက်လာတတ်လို့ ကြောက်ရတာပေါ့” ဟု စစ်ကောင်စီတပ်သားများ ရွာထဲ ဝင်ရောက်လာပုံကို ချွေးပျံနေသည့် ဒေါ်ခင်ကြည်က တဘက်လေးခတ်လျက် ပြန်ပြောင်းပြောပြသည်။
ရွာထဲသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ထွက်ပြေးခဲ့ရပုံကို ပြန်ပြောင်းပြောပြနေသည့် ဒေါ်ခင်ကြည်။ ဓာတ်ပုံ- တင်စိုး(အညာမြေ)
ထိုသို့ စစ်ဘေးရှောင်ခဲ့ရသည့် အတွေ့အကြုံများရှိနေသော်လည်း ဒေါ်ခင်ကြည်သည် ဘုန်းကြီးကျောင်း သို့ သွားရောက်ကာ ဥပုသ်သီလဆောက်တည်သည့် အလေ့အထကို မစွန့်လွှတ်ခဲ့ပေ။ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသို့သွားရောက် သီလယူသည်ဟု သူက ဆိုသည်။
သို့သော် ဘုန်းကြီးကျောင်းသို့ သွားသည့်အခါတိုင်း လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်နေရသည်။
“တထိတ်ထိတ်နဲ့ သွားရတာပေါ့။ ဒါပေမဲ့လည်း ကောင်းမှုကုသိုလ်လုပ်ဖို့ပဲ ရောက်အောင်သွားတာပဲ။ ကိုင်းသေချင်လည်း သေပါစေပေါ့။ ကောင်းမှုကုသိုလ်လုပ်တဲ့ဟာပဲ၊ မကောင်းတာလုပ်တာမှ မဟုတ်တာ” ဟု ဒေါ်ခင်ကြည်က ပြောသည်။
ဒေါ်ခင်ကြည်ကဲ့သို့ အန္တရာယ်ကြားမှ ဘုန်းကြီးကျောင်းသို့ လာရောက်သူများ ရှိနေသေးသော်လည်း တချိန်က ဥပုသ်နေ့များတွင် လူစည်ကားခဲ့သည့် ကျောင်းဝင်းမှာ ယခင်ကဲ့သို့ မဟုတ်တော့ပေ။ စစ်အာဏာမသိမ်းမီနှစ်များအတွင်း ဥပုသ်နေ့များတွင် ရွာသူရွာသားများ စုဝေးကာ သီလဆောက်တည် ကြသလို ဘုရားပွဲ၊ ကထိန်ပွဲနှင့် အလှူပွဲများလည်း ကျင်းပလေ့ရှိသည်။
ဘုန်းကြီးကျောင်းများသည် ရွာသူရွာသားများ ကုသိုလ်ယူရာနေရာသာမက အချင်းချင်း တွေ့ဆုံစုဝေးရာ၊ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲရာ နေရာတခုလည်း ဖြစ်သည်။ သို့သော် စစ်ရေးပဋိပက္ခများနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် ယခုအခါ ထိုကဲ့သို့ လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲလမ်းသဘင်များ မရှိသလောက် ဖြစ်သွားပြီဟု ဒေသခံများက ပြောသည်။
ကထိန်ပွဲအတွင်း ကျရောက်ခဲ့သည့် ဗုံး
ဒေါ်ခင်ကြည်ကဲ့သို့ပင် ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်လေ့ရှိသူ အသက် ၆၂ နှစ်အရွယ် ဦးကျော်စန်းအတွက်လည်း အသက်ဘေးမှ ထွက်ပြေးခဲ့ရသည့် အတွေ့အကြုံရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကထိန်ပွဲတွင် ရေစက်ချအမျှဝေရန် ပြင်ဆင်နေကြစဉ် စစ်လေယာဉ်တစီးက ဘုန်းကြီးကျောင်းအနီးသို့ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲချလိုက်သည့်အခါ ကထိန်ပွဲသို့ လာရောက်ကြသော အလှူရှင်များနှင့် သံဃာတော်များမှာ ကထိန်ပွဲ ဆက်မလုပ်နိုင်တော့ဘဲ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု ဦးကျော်စန်းက ရယ်ရယ်မောမော ပြောပြသည်။ သို့သော် သူပြောပြသည့် တကယ့်အဖြစ်အပျက်မှာ ရယ်စရာမဟုတ်ဘဲ မောစရာဖြစ်နေသည်။
စစ်တပ်၏ ဗုံးကြဲချမှုကြောင့် အချို့က အနီးရှိ မြောင်းထဲသို့ ခုန်ချ၊ အချို့က ဘုန်းကြီးကျောင်း အုတ်တံတိုင်းနှင့် သစ်ပင်များနောက်တွင် ပုန်းခိုကြသည်။ မြောင်းထဲသို့ ခုန်ချသူများမှာလည်း အလုအယက် ထွက်ပြေးကြရသဖြင့် တဦးနှင့်တဦး ထပ်လျက်သား ဖြစ်နေကြသည်ဟု ဦးကျော်ဆန်းက ဆိုသည်။
“မြောင်းထဲ ခုန်ချတဲ့ကောင် ခုန်ချ၊ အုတ်တံတိုင်းကွယ်တဲ့ကောင် ကွယ်၊ သစ်ပင်ကပ်တဲ့ကောင် ကပ်ပေါ့” ဟု ဦးကျော်စန်းက ထိုနေ့အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။
ဗုံးကျရောက်ပေါက်ကွဲခဲ့သည့်နေရာကို လက်ညှိုးညွှန်ပြနေသည့် ဦးကျော်စန်း။ ဓာတ်ပုံ- တင်စိုး(အညာမြေ)
ဗုံးကျသည့်နေရာမှာ ဘုန်းကြီးကျောင်းနှင့် အနည်းငယ်လှမ်းခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိခဲ့ပေ။ သို့သော် ထွက်ပြေးပုန်းရှောင်ကြစဉ် အုတ်တံတိုင်းပေါ်မှ မြောင်းထဲသို့ ခုန်ချသူအချို့နှင့် အလျင်လို ပြေးလွှားသူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု ဦးကျော်ဆန်းက ပြောသည်။
ဗုံးကျရောက်ပေါက်ကွဲခြင်းကြောင့် အလှူလာ ပရိသတ်များ ပြေးပြေးလွှားလွှား ဖြစ်ရပုံကို ရယ်ရယ်မောမော ပြောနေသည့် ဦးကျော်စန်းက “အခုကျတော့ ကောင်းရာကောင်းကြောင်း လုပ်တာတောင် ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်တဲ့ အနေအထားတွေ ဖြစ်ကုန်တာပေါ့ကွာ” ဟု တွေတွေဝေဝေ စကားဆိုသည်။
ထိုနေ့ ကထိန်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ဆက်လက်မလုပ်နိုင်တော့ဘဲ ထိုနေ့ကုသိုလ်အတွက် ရေစက်ချအမျှဝေခြင်းကို သံဃာတော်အချို့က အကျဉ်းချုံး ပြုလုပ်ခဲ့ကြရသည်။
ထိုသို့ ဘာသာရေးအခမ်းအနားတွင် အသက်ဘေးမှ ထွက်ပြေးခဲ့ရသော်လည်း ဦးကျော်စန်းသည် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်သည့် အလေ့အထကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။
ယခုနှစ် ဝါတွင်းကာလတွင်လည်း ဥပုသ်နေ့အများစု၌ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့သည်။ သို့သော် တခေတ်တခါက ကဲ့သို့ စိတ်ချလက်ချ သွားရောက်နိုင်ခြင်းတော့ မဟုတ်ပေ။ ဘုန်းကြီးကျောင်းသွားမည့်နေ့များတွင် မိသားစုဝင်များကပင် လေကြောင်းအန္တရာယ်ကို နားစွင့်ထားရန် သတိပေးလေ့ရှိသည်ဟု ဦးကျော်စန်းက ပြောသည်။
တချိန်က ဥပုသ်နေ့ရောက်လျှင် ဘုရားဝတ်ပြု၊ ပန်းရေချမ်းကပ်ပြီး ဘုန်းကြီးကျောင်းသွားကာ တရားနာယူရန် စိတ်အားထက်သန်ခဲ့သည့် ဦးကျော်စန်းသည် ယခုအခါ လေယာဉ်သံကိုပါ နားစွင့်နေရသည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ဦးကျော်စန်းအတွက် ယခုလို အခြေအနေမျိုးကို သူ၏ သက်တမ်းတလျှောက် ကြုံတွေ့ရလိမ့်မည်ဟု မထင်ခဲ့ပေ။ ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ကုသိုလ်ယူခြင်းကို အားပေးတိုက်တွန်းရမည့်အစား အသက်ဘေးစိုးရိမ်၍ ဘုန်းကြီးကျောင်းမသွားရန် တားမြစ်နေရသည့် အခြေအနေကိုလည်း သူက မနှစ်သက်ပေ။
ဘုရားရှိခိုးမပြီးမီ ထွက်ပြေးခဲ့ရသည့် ဆရာတော်
စစ်ပွဲကြောင့် ဘာသာရေးအခမ်းအနားများကို စိတ်အေးလက်အေး မကျင်းပနိုင်တော့သည့် အခြေအနေတွင် ဥပုသ်သည်များသာမက ဘုန်းကြီးကျောင်းရှိ သံဃာတော်များအပေါ်တွင်လည်း သက်ရောက်နေသည်။
၂၀၂၂ ခုနှစ်ကတည်းက အဆိုပါ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့သည့် ကျောင်းထိုင် ဆရာတော်မှာလည်း ဘာသာရေးအခမ်းအနားတခု ပြုလုပ်နေစဉ် စစ်ကြောင်းဝင်ရောက်လာသဖြင့် ထွက်ပြေးခဲ့ရသည့် အတွေ့အကြုံရှိသည်။
၂၀၂၂ ခုနှစ် နတ်တော်လပြည့်ကျော် သုံးရက်တွင် ဘုရားဆွမ်းတော်ကပ်လှူရန် ပြင်ဆင်နေကြစဉ် ဆရာတော်က ဥပုသ်သည်များကို သီလပေးရန် စီစဉ်ခဲ့သည်။ သို့သော် သီလမပေးရသေးမီ စစ်ကြောင်းရောက်လာပြီး သေနတ်သံများ ထွက်ပေါ်လာသဖြင့် ဘုရားဆွမ်းတော်ပင် ဖြောင့်တန်းအောင် မကပ်နိုင်တော့ပေ။
ထိုနေ့က သီလခံယူရန် ဘုရားကန်တော့ ဩကာသရွတ်ဆိုနေကြသည်မှာပင် တဝက်မပြီးသေးဘဲ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ ဆရာတော်ကိုယ်တိုင် ရွာသူရွာသားများနှင့်အတူ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တောထဲတွင် လေးညအထိ ကျိန်းစက်ခဲ့ရသည်ဟု ဆရာတော်က မိန့်သည်။
စစ်ကြောင်းဝင်ရောက်လာသည့် အန္တရာယ်များအပြင် လေကြောင်းတိုက်ခိုက်မှု များကြောင့်လည်း ဘုန်းကြီးကျောင်းတွင် ဘာသာရေးအခမ်းအနားများကို ယခင်ကဲ့သို့ အချိန်ယူကျင်းပရန် မဖြစ်နိုင်တော့ပေ။
တရားဟောကြားနေစဉ်ပင် အန္တရာယ်ပေါ်ပေါက်လာပါက ချက်ချင်းရပ်ပြီး ထွက်ပြေးနိုင်ရန် ကြိုးပမ်းရသည့်အတွက် တရားအချိန်ကြာကြာဟော၍ မရတော့ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။
ဘုန်းကြီးကျောင်းသို့လာရောက်သည့် ဥပုသ်သည်အရေအတွက် နည်းပါးသွားကြောင်း မိန့်ကြားနေသည် ကျောင်းထိုင်ဆရာတော်။ ဓာတ်ပုံ- တင်စိုး(အညာမြေ)
သို့သော် အန္တရာယ်ရှိနေသည့်ကြားမှ ဘာသာရေးလုပ်ငန်းများကို လုံးဝရပ်ဆိုင်းထားရန်လည်း ဆရာတော်နှင့် ရွာသူရွာသားများက ဆန္ဒမရှိကြပေ။ “လာရင်လည်း ရှောင်ကြမှာပေါ့၊ မလာသေးတဲ့ အချိန်လေးမှာတော့ လုပ်ကြရအောင်” ဟု ဆရာတော်က မိန့်သည်။
တချိန်က ရွာသူရွာသားများ စုဝေးကာ တရားနာယူခြင်း၊ သီလဆောက်တည်ခြင်း၊ အလှူအတန်း ပြုလုပ်ခြင်းတို့ဖြင့် စည်ကားခဲ့သည့် ဘုန်းကြီးကျောင်းမှာ ယခုအခါ ဘာသာရေးလုပ်ငန်းများကိုပင် အန္တရာယ်ကြည့်နေရသည့် အခြေအနေဖြစ်လာသည်။
ဘုန်းကြီးကျောင်းသို့ လာရောက်ကာ သီလဆောက်တည်လိုသူများ ရှိနေသော်လည်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် မလာရဲကြသူများလည်း ရှိနေသည်ဟု ဆရာတော်က မိန့်သည်။
“ဘာသာရေးကို ပြောမယ်ဆိုရင် ပုန်းလျှိုးကွယ်လျှိုးလေးနဲ့ပေါ့နော်၊ လာချင်တော့လည်း မလာရ၊ ပြည့်ပြည့်ဝဝပေါ့။ ဆိုလိုတာ ဗုဒ္ဓဘာသာတိုင်းကတော့ ကျောင်းကန်ဘုရားကို သွားချင်ကြတဲ့ ဆန္ဒကတော့ ရှိကြပါတယ်” ဟု ဆရာတော်က မိန့်သည်။
ဘုန်းကြီးကျောင်းအတွင်း သီလယူရန် စောင့်ဆိုင်းနေသည့် ဥပုသ်သည်အချို့ကို တွေ့ရပုံ။ ဓာတ်ပုံ- တင်စိုး(အညာမြေ)
ဘုန်းကြီးကျောင်းသို့ မလာရောက်နိုင်သူများမှာ မိမိတို့နေအိမ်၌ပင် ငါးပါးသီလစောင့်ထိန်းခြင်း၊ ဘုရားဆွမ်းတော်ကပ်ခြင်းနှင့် ပန်းကပ်ခြင်းတို့ဖြင့် စိတ်ဖြေသိမ့်နေကြရသည်ဟုလည်း ဆရာတော်က ဆိုသည်။
ဆရာတော်မိန့်သကဲ့သို့ အသက်ဘေးစိုးရိမ်၍ ဘုန်းကြီးကျောင်းသို့ မသွားလိုကြသူများ ရှိနေသော်လည်း ဒေါ်ခင်ကြည်နှင့် ဦးကျော်စန်းတို့ကဲ့သို့ အန္တရာယ်ကြားမှ ဘုန်းကြီးကျောင်းသို့သွားကာ ကုသိုလ်ယူလိုသူများလည်း ရှိနေဆဲဖြစ်သည်။
အသက် ၆၂ နှစ်အရွယ် ဦးကျော်စန်းကမူ သူ၏ ကျန်ရှိနေသည့် သက်တမ်းအတွင်း ဘုန်းကြီးကျောင်းသို့ အသက်ဘေးစိုးရိမ်စရာမလိုဘဲ သွားရောက်ကာ ဘာသာရေးလုပ်ငန်းများ လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်မည့်နေ့ ပြန်လည်ရောက်ရှိလာရန် မျှော်လင့်နေသည်။
“ဒီအတိုင်းဆိုလို့ရှိရင် ကျွန်တော်တို့က လွတ်လွတ်လပ်လပ် မရှိတဲ့အခါကျတော့ ဒီလို ဖြောင့်ဖြောင့်တန်းတန်းလေး သီလဆောက်တည်နိုင်အောင်၊ ဘာသာရေးပွဲတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် ဘယ်အခါမှ လုပ်နိုင်မလဲ” ဟု ဦးကျော်စန်းက ဆိုသည်။
ဘုန်းကြီးကျောင်းပရဝဏ်အတွင်း လေကြောင်းရန် သတိပေးနေသည့် အိုင်ကွန်စကားပြောစက်သံကို နားစွင့်နေရမည့်အစား ဘုန်းကြီးကျောင်းအတွင်း ပျံ့လွင့်နေသည့် ကြေးစည်သံနှင့် ဗုဒ္ဓတရားတော်များကို စိတ်အေးလက်အေး နာယူနိုင်မည့်နေ့များကို သူက မျှော်လင့်နေခြင်းဖြစ်သည်။
“ငါတို့ ဒီလို အခက်အခဲတွေ တွေ့ကြုံခဲ့ရတာ နောက် ဘယ်လောက်ကြာကြာ ခံရဦးမှာတုံး။ ကျွန်တော်တို့အတွက်ရော ဘယ်လောက် ဒီဘာသာရေး၊ သာသနာရေး ထွန်းကားလာအောင် ဖြည့်စွက်ပြီး လုပ်ပေးနိုင်ကြမလဲ” ဟု ဦးကျော်စန်းက မေးခွန်းထုတ်လိုက်သည်။