ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဩဂုတ် ၂၆) နံနက်ပိုင်း ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၇၀ ဦးထပ်မံတွေ့ရှိခဲ့ရာ ၂၄ နာရီအတွင်း အတည်ပြုလူနာ ၁၀၀ အထိရှိလာပြီး အမြင့်ဆုံးစံချိန်တင်ကူးစက်မှုဖြစ်သည်။ ယမန်နေ့ည ၈ နာရီထုတ်ပြန်ချက်တွင် အတည်ပြုလူနာ ၃၀ ဦးတွေ့ရှိခဲ့သည်။
ထပ်မံတွေ့ရှိရသည့် အတည်ပြုလူနာစာရင်းများအရ ကူးစက်မှုစတင်မြင့်မားခဲ့သည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေအပြင် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ သံတွဲ၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်ဖြူနှင့် အခြားဒေသများအဖြစ် တီးတိန်၊ ဟားခါး၊ တောင်ကြီး၊ ရန်ကုန်နှင့် မော်လမြိုင်အထိ ပါဝင်လာခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများက ပြီးခဲ့သည့်ရက်များအတွင်း သတိပေးခဲ့သည်။ ထို့နောက် ကူးစက်မှုမြင့်မားလာသည်ကို တွေ့ရှိရပြီး စံချိန်တင်အရေအတွက်အဖြစ် တစ်နေ့တည်း၌ပင် အတည်ပြုလူနာ ၁၀၀ တွေ့ရှိသည်အထိ မြင့်မားလာခဲ့သည်။
ကူးစက်မှုမြင့်မားနေသည့် ရခိုင်ပြည်နယ်တွင် စစ်တွေမြို့အပြင် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင် နေအိမ်တွင်း၌သာ နေထိုင်ရန် အမိန့်များ ထုတ်ပြန်ခဲ့ရသည်။
တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း (Covid-19) ဖြစ်ပွားမှုတွင် ဩဂုတ်လ ၁၆ ရက်မှ ယနေ့ (ဩဂုတ် ၂၆) နံနက်ပိုင်း ထုတ်ပြန်ချက်များအရ အတည်ပြုလူနာသစ် ၁၈၄ ဦးရှိပြီး အများဆုံးမှာ ရခိုင်ပြည်နယ်မှ ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ ဩဂုတ်လ ၂၆ အထိ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူ နာ ၅၇၄ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိသည်။
ပြည်တွင်းကူးစက်မှုပြန်လည်ဖြစ်ပွားနေသည့်အတွက် လုံးဝ (လုံးဝ) မပေါ့ဆရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားပြီး မြန်မာနိုင်ငံတွင် ကူးစက်နိုင်စွမ်း ၁၀ ဆ ပိုမြန်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိထားကြောင်းလည်း တာဝန်ရှိသူများက သတိပေးထားသည်။
ပြည်သူလူထုအတွင်း ရောဂါလက္ခဏာ မပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုရက်ပိုင်းအတွင်း ဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။