
မန္တလေးလူငယ်သင်တန်းကျောင်းသားနှစ်ဦး သေဆုံးရခြင်းမှာ လိုက်လံဖမ်းဆီးသည့် ကျောင်းသားများက ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့်ဖြစ်သည်ဟု လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ကျော်စောသတင်းကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင်နှစ်ဦးသည် ဩဂုတ် ၇ တွင် လူငယ်သင်တန်းကျောင်းသို့ မန္တလေးကော်မရှင်ရုံးခွဲတာဝန်ရှိသူအချို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
“ပြေးတော့ သင်တန်းသားတွေက လိုက်ဖမ်းတာ။ ဖမ်းတော့ မိတော့ ကျောင်းက လုပ်လေ့လုပ်ထရှိတဲ့ အကျင့်လားတော့ မသိဘူး။ ရိုက်နှက်ပြီးဆုံးမတာက အဲဒီမှာ လက်လွန်သွားတဲ့ သဘောပါဘဲ။ နောက်တစ်ယောက်က အခြားနေရာမှာမိတယ်၊ မိတော့ ဝိုင်းရိုက်တဲ့ဒဏ်ရာတွေနဲ့ သေသွားတာပဲ။ ရိုက်တဲ့ကလေးတွေ ဘယ်သူတွေဖြစ်မလဲ အသေးစိတ် ဌာနဆိုင်ရာက စစ်ဆေးမှုတွေလုပ်မှာပေါ့” ဟု လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။
မုံရွာမြို့တွင် ၂၀၁၉ ခုနှစ်က လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ်ခုနစ်ဦးကို ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။
လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင် ၃၁ တွင် လူငယ်ငါးဦးသည် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့သည်။ ပြန်လည်ထိန်းသိမ်းခံရသည့် ငါးဦးအနက် လူငယ်တစ်ဦးသည် ရိုက်နှက်ဒဏ်ရာများဖြင့် ယင်းနေ့တွင်ပင် သေဆုံးခဲ့ပြီး ဩဂုတ် ၅ တွင် ဒုတိယတစ်ဦး သေဆုံးခဲ့သည်။
သေဆုံးခဲ့သည့် လူငယ်များမှာ မောင်ပြည့်ဖြိုးမောင်နှင့် မောင်ခိုင်ဇော်ထွန်း ဖြစ်သည်။
ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် သင်တန်းကျောင်း၏ မိခင်ဌာနဖြစ်သော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ထံ ဩဂုတ် ၉ တွင် အစီရင်ခံစာ ပေးပို့ခဲ့သည်ဟုလည်း ဦးလှမြင့်က ဆိုသည်။
“အပြစ်ရှိတဲ့သူ ပြစ်ဒဏ်ကျခံနိုင်ဖို့ ပြည်ထဲရေးဌာနကို တိုက်တွန်းထားတယ်။ ကျောင်းဘက်ကိုလည်း ဌာနဆိုင်ရာစစ်ဆေးမှုတွေဘာတွေလုပ်ဖို့ မိခင်ဌာနဘက်ကို တိုက်တွန်းထားတယ်” ဟု ၎င်းက ပြောသည်။
သင်တန်းကျောင်းတွင် ထိန်းသိမ်းခံရသည့်လူငယ် ၅၀၀ ခန့်ရှိသော်လည်း ကျောင်းသည် လူ ၂၀၀ ခန့်သာ ဆံ့သည်ဟုလည်း ကော်မရှင်ဥက္ကဋ္ဌက မှတ်ချက်ပြုသည်။
ကျောင်းအတွင်း ကျောင်းသားအချင်းချင်းထိုးကြိတ်မှုများ ရှိသည်ကို သင်တန်းကျောင်းအုပ် ဦးနေအောင်ကျော်ကလည်း ဝန်ခံပြောဆိုထားသည်။
သင်တန်းသားနှစ်ဦးသေဆုံးမှုအတွက် သင်တန်းကျောင်းတွင် ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍လည်း စစ်ဆေးနေကြောင်း ဦးနေအောင်ကျော်က ပြောဆိုထားသည်။ ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်မျိုးတို့ ပါဝင်သည်ဟု သိရသည်။
သင်တန်းကျောင်းမှ ထွက်ပြေးသည့် လူငယ်ငါးဦးအနက် လေးဦးဆေးရုံတင်ခဲ့ရပြီး ယင်းလေးဦးအနက် နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း၊ ဆေးရုံတင်ခဲ့ရသူ ကျန်နှစ်ဦးနှင့် ကျောင်းရှိတစ်ဦးမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ဦးနေအောင်ကျော်က ဆိုသည်။
အဆိုပါလူငယ်သင်တန်းကျောင်းသည် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၂ လမ်းထောင့်တွင် တည်ရှိပြီး ကျောင်းတွင် လက်ခံသင်ကြားပေးနေသည့် ကျောင်းသားဦးရေ ၄၉၆ ဦးရှိပြီး ဝန်ထမ်းအင်အား ၂၅ ဦးသာ ရှိသည်။ လူငယ်များ ထွက်ပြေးသည့်နေ့မှာ ရုံးပိတ်ရက်ဖြစ်ပြီး ဝန်ထမ်းအင်အားနည်းပါးချိန် ဖြစ်သည်ဟုလည်း ကျောင်းအုပ်ဖြစ်သူက ဆိုသည်။
လက်ရှိတွင် လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ လူငယ်သင်တန်းကျောင်းတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားသည်။
ကျောင်း၏ လုပ်ထုံးလုပ်နည်းစနစ်မကျမှုနှင့်ပတ်သက်၍ ကျောင်းအုပ်ဖြစ်သူကို အရေးယူနိုင်ခြင်း ရှိမရှိမှာ ဌာနဆိုင်ရာများ၏ စစ်ဆေးမှုပေါ်တွင်သာ မူတည်သည်ဟုလည်း လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဆိုသည်။