မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကမာဝက်နယ်မြေရဲစခန်းတွင် လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ အမျိုးသားတစ်ဦးသည် ဖမ်းဆီးခံရပြီး ငါးနာရီခန့်ကြာတွင် ရဲအချုပ်၌ သေဆုံးသွားခဲ့ကြောင်း စခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က ပြောသည်။
ကမာဝက် ရဲစခန်းအပိုင်အတွင်းရှိ နှီးပဒေါကျေးရွာအပြင်ဘက် ဇရပ်၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် လူသတ်မှုတစ်ခု ဇန်နဝါရီ ၂၃ တွင် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သည်ဟု သံသယရှိသူ အသက် ၃၂ နှစ်အရွယ် နှီးပဒေါရွာသား ကိုဝင်းထွန်းကို ယင်းနေ့တွင် ဖမ်းဆီးခဲ့သည်ဟု ကမာဝက်နယ်မြေရဲစခန်းမှူးထံမှ သိရသည်။
“မသင်္ကာလို့ဆိုပြီး သူ့ (ကိုဝင်းထွန်း) ကို ဖမ်းခေါ်လာတယ်။ ဖမ်းခေါ်လာတဲ့အချိန်မှာထဲက သူ့မှာ ဒဏ်ရာတွေ ပါလာတယ်။ အဲ့ဒီဒဏ်ရာတွေကုဖို့ အရင် ဆေးခန်းပို့ပြီးတော့ စခန်းရောက်လာတော့ စစ်ရင်းနဲ့ သူ သတိလစ်သွားတယ်” ဟု ရဲအုပ်ကျော်မြင့်နိုင်က ပြောသည်။
အသတ်ခံရသူ အမျိုးသား မသေဆုံးမီ ကိုဝင်းထွန်းနှင့် တွေ့ဆုံခဲ့ကြောင်း ရွာအတွင်းရှိ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်း၌ တွေ့ရှိသောကြောင့် လူသတ်မှုသံသယဖြင့် ကိုဝင်းထွန်းကို ရဲက ဖမ်းဆီးစစ်ဆေးခဲ့ရာ ရဲစခန်းအချုပ်ရောက်ပြီး ၅ နာရီခန့်အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သေမှုသေခင်းပုဒ်မဖြင့် အမှုဖွင့်၍ ကိုဝင်းထွန်းအလောင်းကို ဆေးရုံပို့ကာ ရင်ခွဲစစ်ဆေးနေပြီး ဆေးစာအဖြေ စောင့်နေကြောင်း အဆိုပါစခန်းမှူးက ဆိုသည်။
ထိုသို့ အချုပ်သားသေဆုံးမှုကြောင့် လက်ရှိတွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့က စုံခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဖွဲ့၍ စစ်ဆေးနေသဖြင့် ကမာဝက်ရဲစခန်းရှိ ဖမ်းဆီးရေးအဖွဲ့နှင့် နယ်ထိန်းခေါင်းဆောင်များအပြင် ၎င်းကိုယ်တိုင်လည်း ဌာနတွင်း စစ်ဆေးခံနေရကြောင်း ရဲအုပ်ကျော်မြင့်နိုင်က Myanmar Now ကို ပြောသည်။
ကိုဝင်းထွန်း၏အလောင်းကို မြေမြှုပ်ခြင်းမပြုမီ ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုနှင့် ဓာတ်ပုံများတွင် သေဆုံးသူ၏ ပေါင်နှစ်ဖက်ကြွက်သားများတွင် ညိုမည်းကွက်ဒဏ်ရာများ ပေါ်နေခြင်း၊ ဘက်ဘက်မျက်ကွင်း ညိုမည်းနေခြင်း၊ လက်ကောက်ဝတ်နှစ်ဖက်တွင် ပွန်းပဲ့ဒဏ်ရာများအပြင် ယာဘက်ညို့သကျည်းရိုးတွင် တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ခုလည်း တွေ့ရှိရသည်။
အဆိုပါ ရရှိသောဒဏ်ရာများမှာ ရဲတပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုကြောင့် မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားသော်လည်း မျက်ခုံးပြတ်ရှဒဏ်ရာမှလွဲ၍ ကျန်ဒဏ်ရာများသည် ရဲအချုပ်ရောက်ပြီးမှ ရရှိခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်များက စွပ်စွဲထားသည်။
ကျူးလွန်သည်ဟု သံသယဖြင့် ကိုဝင်းထွန်းကို ကမာဝက်ရဲစခန်းမှ ဇန်နဝါရီ ၂၃ နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။
ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် အချုပ်ကျနေသော သားဖြစ်သူအတွက် ထမင်းနှင့် အိပ်ရာအသုံးအဆောင်များကို ကမာဝက်နယ်မြေရဲစခန်းသို့ သွားပို့ရာတွင် သေဆုံးသည်ကို မသိရသေးဘဲ စောင့်ဆိုင်းနေခဲ့ရကြောင်း ကိုဝင်းထွန်း၏မိခင် ဒေါ်စန္ဒာက ပြောသည်။
ထိုအချိန်တွင် စခန်း၌ ရဲအရာရှိများ၊ ဆရာဝန်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့လည်း ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။
“၆ နာရီခွဲလောက်ထိုးတော့ သူတို့ (ရဲ) က မေးရော။ ခင်ဗျားသားမှာ ရောဂါရှိလားတဲ့။ တခြား ဘာမှမပြောပြဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်ကတော့ အသည်းရောင်အသားဝါရောဂါဖြစ်ဖူးတယ်လို့ ပြောလိုက်တယ်။ (အခု) ရောဂါပျောက်သွားပါပြီ” ဟု ရဲစခန်းတွင် ကြုံတွေ့ခဲ့ရပုံကို ဒေါ်စန္ဒာက ပြောသည်။
ဒေါ်စန္ဒာက “ည ၇ နာရီ ကျော်သွားပြီ။ အဲ့ဒီမှာပဲ ထိုင်စောင့်နေတာပဲ။ သားလေးရဲ့အလောင်းကို သူတို့ (ရဲ) က သယ်ထုတ်လာတော့ ကျွန်မ နောက်ကနေလိုက်ကြည့်နေတယ်။ ကျွန်မကို တစ်ခွန်းမှ လှမ်းမခေါ်ဘူး။ ကားထဲ ထည့်ခါနီးကျတော့မှ ကျွန်မက ခဏနေဦး ခဏနေဦး။ ဒီစောင်လေး သူ့ကို ခြုံပေးပါဦး။ ကျွန်မသားကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါ ဆိုတော့မှ ကားတံခါး ဖွင့်ပေးတယ်။ အဲဒီတော့မှ သားလေးရဲ့ခေါင်းကို ပွတ်ကြည့်တော့ ဆံပင်မှာ ရေတွေစိုရွှဲနေတာပဲ” ဟု ပြောသည်။
ထို့နောက် ကိုဝင်းထွန်း၏အလောင်းကို ရင်ခွဲစစ်ဆေးရန် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ထားသည်။
“သေဆုံးသူ မိသားစုကိုတော့ ပြောသင့်သလောက်တော့ ပြောထားပါပြီ။ အပြီးသတ်ဆေးစာ မထွက်သေးတော့ အခုက စစ်ဆေးဆဲပဲ ရှိပါသေးတယ်”ဟု မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသန့်ကျော်က ပြောသည်။
ထိုဆရာဝန်က သေဆုံးသူ၏ ဦးခေါင်းတွင် ဒဏ်ရာတွေ့ရှိကြောင်း ပြောခဲ့သည်ဟု မိသားစုများက ပြောသည်။
ကိုဝင်းထွန်း၏ အလောင်းကို နှီးပဒေါကျေးရွာသုသာန်သို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး အလောင်းကို မြေမမြှုပ်မီ အသုဘပို့လာသော လူအများရှေ့တွင် စစ်ဆေးရာ ဦးခေါင်း၊ ဘယ်ဘက်မျက်စိ၊ ခြေသလုံးနှစ်ဖက်၊ ပေါင်နှစ်ဖက်တွင် အညိုမည်းစွဲနေသော ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်ဟု မိခင်ဖြစ်သူက ဆိုသည်။
“ကျွန်မကတော့ အမှန်တရားအတိုင်းဖြစ်စေချင်တယ်။ ဒီကိစ္စအတွက် လုံးဝရပ်မှာမဟုတ်ဘူး။ နတ်ပြည်အထိ အဆင့်ဆင့်သွားမယ်ဆိုလည်း သွားမယ်။ ကျွန်မက ဆင်းရဲတယ်။ အိမ်လည်းမရှိဘူး၊ ခြံလည်းမရှိဘူး။ ဒါပေမယ့် သားကို ထိရင်တော့ မခံဘူး။ သူတို့ (ရဲတပ်ဖွဲ့) တအားမှားတယ်၊ နှိပ်စက်လွန်းတယ်” ဟု ဒေါ်စန္ဒာက ပြောသည်။
ရဲက ဖမ်းဆီးစစ်ကြောမှုကြောင့် သံသယတရားခံတို့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ အလားတူဖြစ်ရပ်များ ရှိနေဆဲဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲအချုပ်တွင် တစ်ညတာ အထိန်းသိမ်းခံရစဉ် အမျိုးသားငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ရဲကင်းတွင် စစ်ဆေးမေးမြန်းခံရပြီး ခြောက်နာရီအကြာတွင် သေဆုံးခဲ့မှု ပြီးခဲ့သည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင်လည်း ၂၀၁၈ ခုနှစ်အတွင်းက ငါးဖမ်းပိုက်များပျောက်ဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံရစဉ် အမျိုးသားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုအတွင်း သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ပြုကျင့်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ၊ အသက်မသေသော်လည်း သေသည့်အလား ထိခိုက်နစ်နာခဲ့ရသူများစွာရှိနေသည်။ အပြစ်ကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသော်လည်း ထိခိုက်နစ်နာမှုနှင့် နှိုင်းစာပါလျှင် ချမှတ်သည့်ပြစ်ဒဏ်က နည်းပါးသဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြန်လည်ပြုပြင်ရန်လိုအပ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။