အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူငယ်တစ်ဦးထိန်းသိမ်းခံရပြီး ၅ ရက်အကြာတွင်သေဆုံးခဲ့မှု အမှုမှန်ပေါ်ရန် မိခင်တောင်းဆို

မုံရွာမြို့နေ ၁၈ နှစ်အရွယ် လူငယ်တစ်ဦး မန္တလေးလူငယ်သင်တန်းကျောင်း၌ ထိန်းသိမ်းခံရပြီး ငါးရက်အကြာတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ကျောင်း၏ဖြေရှင်းမှုကို မကျေနပ်ဟုဆိုကာ အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်များက တောင်းဆိုလိုက်သည်။ 

မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းအနီး ၂၀၁၈ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သည့် လုယက်မှုတစ်ခုအတွက် လူငယ် ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်နေစဉ် ၎င်းတို့ကို မုံရွာအမှတ် ၁ ရဲစခန်း၌ ထိန်းသိမ်းထားခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် တရားရုံးက ၎င်းတို့ကို ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ရာ အသက် ၁၈ နှစ် မပြည့်သေးသည့်လူငယ်များ ဖြစ်သည့်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင် ၃၁ တွင် ပြည့်ဖြိုးမောင်အမည်ရှိ လူငယ်တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ 

သေဆုံးသူလူငယ်အပါအဝင် ငါးဦးသည် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းက လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းတို့သည် ကျောင်းအနီးအနားရှိမြောင်းတစ်ခုအတွင်း ရေငုပ်၍ ပုန်းနေခဲ့သောကြောင့် ရေမွန်းဝေဒနာများနှင့် ကျောင်းသို့ ပြန်ခေါ်ဆောင်လာခဲ့ရကြောင်း၊ ကျောင်းအရောက်တွင် ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများက သေဆုံးသူ၏ မိသားစုထံ ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု မိခင်ဒေါ်မျိုးမျိုးထွေးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့ဖုန်းဆက်ပြောတာက ကလေးက ရေနစ်မွန်းသေတယ်ပေါ့။ CCTV မှာကျတော့ ရေမြောင်းမှာ ကျွန်မကလေးကိုမတွေ့ရဘူး။ နောက်ပြီး ကလေးက ခါးလေးကုန်းပြီး ဝင်လာတယ်။ ကန်ကျောက်ခေါ်တယ်။ ကျောင်းပေါက်ရောက်တော့ အခြားကျောင်းသားတွေက ဝိုင်းထိုးကြိတ်ကြတယ်” ဟု ၎င်းကြည့်ရှုခဲ့ရသည့် CCTVမှတ်တမ်းပါ အဖြစ်အပျက်များကို သေဆုံးသူ၏ မိခင်ဒေါ်မျိုးမျိုးထွေးက ပြန်ပြောပြသည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ကျောင်း၏ဖြေရှင်းမှုကို မကျေနပ်ဟုဆိုကာ မန္တလေးလူငယ်သင်တန်းကျောင်းတာဝန်ခံများကို ယနေ့ ဩဂုတ် ၄ တွင် သွားရောက်တွေ့ဆုံခဲ့သည်။  

“ကျွန်မမကျေနပ်ဘူး။ ကျွန်မသားလေးလို နောက်လာနောင် ဒီလိုကလေးတွေ ဒီအဖြစ်ဆိုးမျိုး ညှဉ်းပန်းနှိပ်စက်ခံ မသေရစေချင်ဘူး။ အမှုမှန်ပေါ်ဖို့လုပ်ပေးစေချင်တယ်” ဟု ဒေါ်မျိုးမျိုးထွေးက Myanmar Now ကို ပြောသည်။

အဆိုပါလူငယ်သေဆုံးပြီးနောက် မိသားစုဝင်များ ဆေးရုံသို့ လိုက်သွားရာ သေဆုံးသူ၏ ဦးခေါင်းနှင့်မျက်နှာတစ်ဝိုက် ထိုးကြိတ်ခံရသည့်ဒဏ်ရာများ တွေ့ရကြောင်း၊ အလောင်းကို အိမ်သို့ သယ်ခွင့်မရဘဲ ဆေးရုံမှတစ်ဆင့် သင်္ဂြိုဟ်ခဲ့ရကြောင်း ဒေါ်မျိုးမျိုးထွေးက ဆိုသည်။ 

“သူတို့ (ကျောင်း၏တာဝန်ရှိသူများ) ပြောသလို ရေနစ်သေဆုံးတာဆိုရအောင် အဲဒီမြောင်းကို ကျွန်မတို့သွားကြည့်တော့ ရေက ဒူးလောက်ပဲရှိပါတယ်။ ပြီးတော့အလောင်းမှာက မျက်ကွင်းတွေညိုမည်း၊ နားပန်းတွေရဲတောက်လို့၊ မျက်နှာအနှံ့ ထိုးကြိတ်ဒဏ်ရာတွေနဲ့” ဟု ဒေါ်မျိုးမျိုးထွေးက ပြောသည်။ 

သင်တန်းကျောင်းက ယင်းသေဆုံးမှုကို အောင်မြေသာစံမြို့နယ် အမှတ် ၂ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ယင်းလူငယ်သင်တန်းကျောင်းထံ Myanmar Now ကဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ်အတွက် အမှုမှန်ပေါ်ပေါက်ရန် ဖြေရှင်းနေကြောင်း၊ လက်ရှိတွင် မိသားစုဝင်များနှင့် ဆွေးနွေးနေကြောင်း၊ “အထက်” က မဖြေကြားရန် ညွှန်ကြားထားသည့်အတွက် အလုံးစုံပြောရေးဆိုခွင့်မရှိကြောင်း ကျောင်းတာဝန်ခံ ဦးနေအောင်ကျော်က ပြောသည်။

သေဆုံးလူငယ်နှင့်အတူ ထွက်ပြေးခဲ့သူများ၏ မိသားစုဝင်များကလည်း ၎င်းတို့၏ သားသမီးများ အလားတူဖြစ်ရပ်မျိုး ကြုံတွေ့မည်စိုးရိမ်သဖြင့် ၎င်းတို့နှင့် တွေ့ခွင့်ရရန် လူငယ်သင်တန်းကျောင်းထံ တောင်းဆိုရာ တွေ့ခွင့်မရသေးသည့်အတွက် စိုးရိမ်ပူပန်နေကြကြောင်း ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles