သတင်း

မန္တလေးလူငယ်သင်တန်းကျောင်း၏ ထုတ်ပြန်ချက်ကို အယုံအကြည်မရှိဟုဆို

မန္တ​လေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ကျောင်း၏ထုတ်ပြန်ချက်ကို အယုံအကြည်မရှိဘဲ အမှုဖွင့်ရန် စီစဉ်နေသည်ဟု သေဆုံးလူငယ်နှစ်ဦး၏ မိခင်များက ပြောသည်။ 

မုံရွာမြို့တွင် ၂၀၁၉ ခုနှစ်က လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ်ခုနစ်ဦးကို ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင် ၃၁ တွင် လူငယ်ငါးဦးသည် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့သည်။ ပြန်လည်ထိန်းသိမ်းခံရသည့် ငါးဦးအနက် လူငယ်တစ်ဦးသည် ရိုက်နှက်ဒဏ်ရာများဖြင့် ယင်းနေ့တွင်ပင် သေဆုံးခဲ့ပြီး ဩဂုတ် ၅ တွင် ဒုတိယတစ်ဦး သေဆုံးခဲ့သည်။

သေဆုံးခဲ့သည့် လူငယ်များမှာ မောင်ပြည့်ဖြိုးမောင်နှင့် မောင်ခိုင်ဇော်ထွန်းဖြစ်သည်။

အဆိုပါသေဆုံးမှုများမှာ ကျောင်းသားအချင်းချင်းရိုက်နှက်မှုကြောင့်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အဖွဲ့ဝင်များ၏ တွေ့ရှိချက်ကို ထုတ်ဖော်ပြောကြားထားသည်။ အသေးစိတ်အမှုမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးရေးများ ပြုလုပ်နေသည်ဟုလည်း သင်တန်းကျောင်းအုပ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်မှုကို အယုံအကြည်မရှိဘဲ အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏မိခင် ဒေါ်ခင်ချိုဦးက ဆိုသည်။ 

“အခုကျောင်းက ပြောထားတဲ့ ကျောင်းသားအချင်းချင်းကြောင့် သေတာဆိုတာ ကျွန်မတို့က အယုံအကြည်မရှိဘူး။ သူတို့အမှုပေါ့အောင်လုပ်တာ။ ကျွန်မတို့က လိမ်ခံထားရသူတွေ။ အခု ဆေးစာစောင့်နေတာ၊ အမှုဖွင့်သွားမှာ” ဟု ဒေါ်ခင်ချိုဦးက ပြောသည်။ 

“ကျွန်မက လောလောလတ်လတ် အလိမ်ခံထားရသူ။ ပထမကလေးသေလို့ သင်္ဂြိုဟ်တဲ့အထိ ကျွန်မသား ဆေးရုံတက်နေရတာကို ဖွင့်မပြောဘူး လိမ်ခဲ့တယ်။ ဒီတော့ လိမ်နေမှာပဲ မယုံနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါသင်တန်းကျောင်းတာဝန်ရှိသူများကို အရေးယူပေးရန် အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်း၌ သွားရောက်အမှုဖွင့်ရာ ဆေးရုံ၏ ရင်ခွဲစစ်ဆေးခွဲစိတ်မှုအဖြေရရှိမှသာ အမှုဖွင့်နိုင်မည်ဖြစ်သဖြင့် ခွဲစိတ်မှုအဖြေကို စောင့်ဆိုင်းနေသည်ဟု မောင်ပြည့်ဖြိုးမောင်၏မိခင် ဒေါ်မျိုးမျိုးထွေးက ပြောသည်။ 

ခွဲစိတ်မှုအဖြေကို မူလက သြဂုတ် ၁၅ တွင် သိရမည်ဟု မှုခင်းဆရာဝန်ကြီးက ဆိုသော်လည်း ယင်းနေ့တွင် မရရှိခဲ့ဘဲ ဩဂုတ် ၂၆ သို့ ထပ်မံချိန်းဆိုထားကြောင်း ဒေါ်မျိုးမျိုးထွေးက ဆိုသည်။ 

“ကျောင်းသားအချင်းချင်း ရိုက်တယ်ဆိုလည်း သေတဲ့အထိ ဖြစ်မလား။ သေဦးတော့ ကျောင်းက ဆရာဆရာမတွေမှာ တာဝန်မရှိဘူးလား” ဟု ၎င်းက ပြောသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ သင်တန်းကျောင်းကို ဌာနတွင်းစစ်ဆေးရေး နှစ်ဖွဲ့အပြင် မန္တလေးတိုင်းအစိုးရအဖွဲ့၏ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သောအဖွဲ့၊ တိုင်းတရားသူကြီးချုပ် ဦးဆောင်သောအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင် စသည်ဖြင့် တိုင်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ စစ်ဆေးရေးအဖွဲ့ ခုနစ်ဖွဲ့က စစ်ဆေးနေကြောင်း လူငယ်သင်တန်းကျောင်းအုပ်ဆရာ ဦးနေအောင်ကျော်က ပြောသည်။ 

“ခုချိန်ထိ သူတို့သိချင်တာတွေ လာပြီး စစ်နေတုန်းပါပဲ။ ကျွန်တော်တို့ကလည်း အားလုံးကို ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ပဲ အကုန်လုပ်ပေးပါတယ်။ သူတို့ သိချင်တဲ့ ဝန်ထမ်း၊ စစ်ချင်တဲ့ ကျောင်းသားတွေကို ထုတ်ပေးပါတယ်” ဟု ဦးနေအောင်ကျော်က ပြောသည်။  

အမှန်တရားပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကျောင်းမှထွက်ပြေးသည့် ကျောင်းသားများအနက် ဆေးရုံတင်ထားရသည့် နောက်တစ်ဦးမှာလည်း သြဂုတ် ၁၀ ကတည်းက ဆေးရုံမှဆင်းခဲ့ပြီး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ကြောင်း ဦးနေအောင်ကျော်က ဆိုသည်။

တိုင်းအစိုးရ၏ ညွှန်ကြားချက်အရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ပြီး စုံစမ်းတွေ့ရှိချက်ကို ထုတ်ဖော်ပြောခွင့် မရှိသေးကြောင်း ဦးမျိုးသစ်က Myanmar Now ကို ပြောသည်။ 

“တွေ့ရှိချက်ကို အစိုးရအဖွဲ့ကို တင်ရမှာဖြစ်တဲ့အတွက် ကျွန်တော်က ဖောက်ပြီး ပြောလို့မရပါဘူး” ဟု ဆိုသည်။

တိုင်းတရားသူကြီးချုပ်၏ အဖွဲ့မှာမူ စုံစမ်းစစ်ဆေးရေးသဘောမျိုး မဟုတ်ဘဲ တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမျိုးသစ်က ပြောသည်။ 

အဆိုပါလူငယ်သင်တန်းကျောင်းသည် မန္တလေးမြို့  ၇၃ လမ်းနှင့် ၁၂ လမ်းထောင့်တွင် တည်ရှိပြီး ကျောင်းတွင် လက်ခံသင်ကြားပေးနေသည့် ကျောင်းသားဦးရေ ၄၉၆ ဦးရှိပြီး ဝန်ထမ်းအင်အား ၂၅ ဦးသာ ရှိသည်။ လူငယ်များ ထွက်ပြေးသည့်နေ့မှာ ရုံးပိတ်ရက်ဖြစ်ပြီး ဝန်ထမ်းအင်အားနည်းပါးချိန် ဖြစ်သည်ဟုလည်း ကျောင်းအုပ်ဖြစ်သူက ဆိုသည်။

Show More

Related Articles

Back to top button