
ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ (မေ ၂၅) ပြုလုပ်နေသော မင်္ဂလာပွဲအခမ်းအနားတစ်ခု၌ ပါဆယ်ဗုံးပေါက်ကွဲ၍ သတို့သမီးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်း (က)ရပ်ကွက်၊ ဇေယျသုခလမ်းတွင် ကျင်းပနေသော မင်္ဂလာပွဲ၌ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်ခန့်က မင်္ဂလာလက်ဖွဲ့ပစ္စည်းအတွင်း ထည့်သွင်းထားသည့်ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယင်းပေါက်ကွဲမှုကြောင့် သတို့သမီးအပါအဝင် အမျိုးသမီး ၃ ဦး၊ ပရဟိလုပ်ကိုင်သူ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“သတို့သမီးလည်းဆုံးတယ်။ နောက် အဲ့ဒီကလေး(ပရဟိတလူငယ်)လည်း ဆုံးတယ်။ သတို့သမီးရဲ့သူငယ်ချင်းဆိုတာ အဲ့ဒီနားတင်ပဲ ဆုံးသွားတယ်။ နောက် အန်တီကြီးတစ်ယောက်ကတော့ ဆေးရုံရောက်မှ Heart Attack ဖြစ်ပြီး ဆုံးသွားတာ။ ၄ ဦးပေါ့” ဟု ၎င်းက ဆိုသည်။
သတို့သား ကိုချစ်မင်းဆိုသူလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သတို့သမီးမှာ ကျောင်းဆရာမတစ်ဦးဖြစ်ကာ မင်္ဂလာပွဲမှာ အကျဉ်းရုံးကျင်းပခြင်းဖြစ်ကြောင်း Mizzima သတင်းတွင် ဖော်ပြထားသည်။
သေဆုံးသူများတွင် ‘လူငယ်အင်အား ကမ်းလက်စေတနာ’ ပရဟိတအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ အသက် ၂၀ အရွယ် ကိုဇော်ဝင်းအောင်လည်း ပါဝင်ပြီး အခြားသေဆုံးသူ အမျိုးသမီး ၂ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို Myanmar Now က အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် ကိုဇော်ဝင်းအောင်၏ အစ်ကိုဖြစ်သူနှင့် ကလေးငယ်များလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း အထက်ပါရပ်ကွက်ဒေသခံက ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် ရဲနှင့် စစ်သားများ လာရောက်စစ်ဆေးခဲ့ပြီး လမ်းများပိတ်ထားကြောင်း မျက်မြင်များက ပြောပြီး ဗုံးပေါက်ကွဲရခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းကို လတ်တလော မသိရှိရသေးပေ။
ယနေ့ညနေပိုင်းကလည်း ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ အောင်ရတနာဆေးရုံအနီးတွင် ကားတစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။