အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သင်္ဃန်းကျွန်းတွင် မင်္ဂလာဆောင်၌ ပါဆယ်ဗုံးပေါက်ကွဲပြီး သတို့သမီးအပါအဝင် ၄ ဦးသေဆုံး

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ (မေ ၂၅) ပြုလုပ်နေသော မင်္ဂလာပွဲအခမ်းအနားတစ်ခု၌ ပါဆယ်ဗုံးပေါက်ကွဲ၍ သတို့သမီးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။ 

သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်း (က)ရပ်ကွက်၊ ဇေယျသုခလမ်းတွင် ကျင်းပနေသော မင်္ဂလာပွဲ၌ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်ခန့်က မင်္ဂလာလက်ဖွဲ့ပစ္စည်းအတွင်း ထည့်သွင်းထားသည့်ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် သတို့သမီးအပါအဝင် အမျိုးသမီး ၃ ဦး၊ ပရဟိလုပ်ကိုင်သူ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“သတို့သမီးလည်းဆုံးတယ်။ နောက် အဲ့ဒီကလေး(ပရဟိတလူငယ်)လည်း ဆုံးတယ်။ သတို့သမီးရဲ့သူငယ်ချင်းဆိုတာ အဲ့ဒီနားတင်ပဲ ဆုံးသွားတယ်။ နောက် အန်တီကြီး‌တစ်ယောက်ကတော့ ဆေးရုံရောက်မှ Heart Attack ဖြစ်ပြီး ဆုံးသွားတာ။ ၄ ဦးပေါ့” ဟု ၎င်းက ဆိုသည်။

သတို့သား ကိုချစ်မင်းဆိုသူလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သတို့သမီးမှာ ကျောင်းဆရာမတစ်ဦးဖြစ်ကာ မင်္ဂလာပွဲမှာ အကျဉ်းရုံးကျင်းပခြင်းဖြစ်ကြောင်း Mizzima သတင်းတွင် ဖော်ပြထားသည်။ 

သေဆုံးသူများတွင် ‘လူငယ်အင်အား ကမ်းလက်စေတနာ’ ပရဟိတအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ အသက် ၂၀ အရွယ် ကိုဇော်ဝင်းအောင်လည်း ပါဝင်ပြီး အခြားသေဆုံးသူ အမျိုးသမီး ၂ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို Myanmar Now က အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် ကိုဇော်ဝင်းအောင်၏ အစ်ကိုဖြစ်သူနှင့် ကလေးငယ်များလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း အထက်ပါရပ်ကွက်ဒေသခံက ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက် ရဲနှင့် စစ်သားများ လာရောက်စစ်ဆေးခဲ့ပြီး လမ်းများပိတ်ထားကြောင်း မျက်မြင်များက ပြောပြီး ဗုံးပေါက်ကွဲရခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းကို လတ်တလော မသိရှိရသေးပေ။ 

ယနေ့ညနေပိုင်းကလည်း ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ အောင်ရတနာဆေးရုံအနီးတွင် ကားတစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button