သတင်း

ပေါက်ကွဲမှု ဆက်တိုက်ဖြစ်နေသည့် မန္တလေးမြို့အနီးတွင် တိုက်ပွဲပြင်းထန်

မေလ ပထမပတ်အတွင်း မန္တလေးမြို့ပေါ်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သလို အနီးတစ်ဝိုက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့နယ်များအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်။

မေ ၂ မှ ၆ အထိ မန္တလေးမြို့မြောက်ဘက်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတစ်လျှောက်တွင် ရှိသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့နယ်များအတွင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီ စစ်ကြောင်းသုံးကြောင်းနှင့် တိုက်ပွဲဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံမှ သိရသည်။

မန္တလေးနှင့် ၇ မိုင်ခန့်သာ ဝေးသည့် မတ္တရာမြို့နယ်အနောက်မြောက်ဘက် သုံးဆယ်ပေးရွာတွင် မေ ၄ ရက်က ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာ၊ စဉ့်ကူးမြို့နယ်အတွင်းရှိ နွယ်ရုံ၊ ကျည်တောက်ပေါက် စသည့် ကျေးရွာများဝန်းကျင်၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်းရှိ ဆူးတောနှင့် ကျွန်းတပင်ရွာများအနီးတွင်လည်း တိုက်ပွဲရှိခဲ့ကြောင်း ပကဖတာဝန်ရှိသူတို့က ဆိုသည်။

“မြို့နယ်သုံးခုလုံးမှာ တိုက်ပွဲတွေဖြစ်နေတာ။ ပြင်ဦးလွင်ပကဖရဲ့ တပ်ဖွဲ့တွေက မြို့နယ်အလိုက် လှုပ်ရှားနယ်မြေတွေမှာ ဦးဆောင်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတာပါ။ ကျွန်တော်တို့သပိတ်ကျင်းထဲမှာတော့ နှစ်ရက်၊ ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်” ဟု သပိတ်ကျင်းမြို့နယ် ပကဖအဖွဲ့ဝင် တောဆင်ရိုင်းပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲများအတွင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ (LPDF) များနှင့် ပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ၊ လက်နက်ကြီး၊ လက်နက်ငယ်များပါ သုံး၍ အပြင်းအထန်ခုခံခဲ့ကြောင်း ပကဖအဖွဲ့များထံမှ သိရသည်။

“တော်လှန်ရေးအင်အားစုတွေက စစ်ကြောင်း လေးကြောင်းလောက် ဖြန့်ခွဲပြီးတော့ ခုခံရာမှာ စစ်ကောင်စီ အတော် အထိနာပါတယ်” ဟု ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့တွင် ပါဝင်သည့် ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် လက်ချက်ကြောင့် အရပ်သား ထိခိုက်မှုရှိပြီး ကျေးရွာများ မီးရှို့ခံရကြောင်း၊ စစ်ကြောင်းသုံးကြောင်းသည် မေ ၇ ရက်တွင် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်း ခင်ဦးမြို့နယ်အတွင်းသို့ ရောက်ရှိ ပေါင်းစည်း၍ စစ်ရေးလှုပ်ရှားနေကြောင်း၊ မြစ်ဖြတ်ကူးစဉ် စက်လှေတိမ်းမှောက်၍ စစ်ကောင်စီ ၇ ဦး သေကြောင်း၊ ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း တော်လှန်ရေးအင်အားစုတို့က ဆိုသည်။ 

တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီဘက်မှ ထိခိုက်၊ သေဆုံးမှု အခြေအနေ၊ တိုက်ပွဲဖြစ်စဉ်များ၊ အရပ်သားထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှု၊ စစ်ကောင်စီ စစ်ကြောင်း၏ နောက်ဆုံးအခြေအနေတို့နှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်လျှင် နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

မန္တလေးတိုင်းနှင့် အနီးတစ်ဝိုက် တိုက်ပွဲဖြစ်လေ့ရှိသည့် နေရာများ။

ထို့အတူ မေ ၅ ၊ မေ ၇ နှင့် ယနေ့ (မေ ၈) ရက်တွင် မန္တလေးမြို့ပေါ်၌ စစ်ကောင်စီနှင့် သက်ဆိုင်သည့် နေရာများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။ 

အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးကို ဆိုင်ကယ်တစ်စီးတည်း စီးလာသူ အမျိုးသားနှစ်ဦးက မေ ၅ တွင် လက်လုပ်ဗုံးဖြင့် ပစ်ခဲ့ရာ ရုံးခေါင်မိုးနှင့် ကားတစ်စီး ထိခိုက်ပြီး ဝန်ထမ်းသုံးဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

အသက် ၅၇ နှစ်အရွယ် ဒုဦးစီးမှူး ဒေါ်ဝင်းဝင်း၊ ၅၅ နှစ်အရွယ် ဒေါ်ခင်အေးအေးကျော်၊ ၃၃ နှစ်အရွယ် ဒေါ်သွယ်သွယ်အောင်တို့ ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံသို့ တင်ပို့ကုသနေရကြောင်း စစ်ကောင်စီက ဆိုထားသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားရှိ မြို့နယ်အခွန်ဦးစီးဌာနရုံးအနီး ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ကြားလိုက်ရကြောင်း ထိုရပ်ကွက်နေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးထံမှ သိရသည်။

“အခွန်ရုံး ဗုံးပေါက်ကွဲတာလို့ ပြောတယ်။ အသံကျယ်ကြီးတစ်ချက်လည်း ကြားလိုက်ရတယ်။ ပစ်ခတ်သံတွေလည်း ကြားတယ်။ ထိခိုက်မှုတော့ ဘာမှ မကြားရသေးဘူး” ဟု ၎င်းက ဆိုသည်။

မေ ၇ ရက်နေ့ ညနေ ၄ နာရီက စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးတစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်အရွယ် အောင်နိုင်ထွေး (ခ) နှုတ်ခမ်းမွှေး ဆိုသူ၏ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်မြောက်ဥယျာဉ်ရပ် နေအိမ်ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု မန္တလေးအခြေစိုက် တော်လှန်ရေးအဖွဲ့ Urban Guerrilla Force-MDY ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး၏ အဆိုအရ အဆိုပါနေအိမ်အနီးတွင် ထပ်ဆင့်ဖောက်ခွဲရန် ဆင်ထားသည့် မိုင်းနှစ်လုံးကို စစ်ကောင်စီက ရှာတွေ့သွားကြောင်း သိရသည်။

“ဖြစ်ဖြစ်ချင်း မကြာဘူး စစ်ကားတွေ ရောက်လာပြီး ကျန်တဲ့ မိုင်း ၂ လုံးကို ဖြုတ်တယ်။ ညဘက်ထိ စစ်သားတွေက မပြန်ဘဲ အဲဒီအိမ်မှာပဲ ရှိနေတယ်။ အထိအခိုက် မသိရဘူး။ ဘယ်သူမှလည်း သွားကြည့်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ယနေ့ အခွန်ဦးစီးဌာနရုံးပေါက်ကွဲမှုနှင့် မေ ၅ ရက်က လဝကရုံးဖြစ်စဉ်တို့ကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း သိရှိရခြင်းမရှိသေးပေ။

မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းသည် စစ်အာဏာသိမ်းမှုကို ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့နှင့် ထိစပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ စိမ့်ဝင် ပျံ့နှံ့ရာ ဒေသဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း တောင်တန်းဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များထံမှ စစ်ပညာသင်ယူလာကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ ပတ်ပတ်လည်ရှိ နွားထိုးကြီး၊ မြင်းခြံ၊ မတ္တရာ၊ ပုသိမ်ကြီးနှင့် တံတားဦးမြို့နယ်တို့တွင် နေ့စဉ် ပြောက်ကျားစစ် ဆင်နွှဲနေသည်။ မန္တလေးမြို့ပေါ်တွင်လည်း စစ်ကောင်စီပစ်မှတ်များ မကြာခဏ တိုက်ခိုက်ခံနေရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့နှင့် လက်တစ်ကမ်းတွင် ရှိသည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။ ဒေသစုံတွင် ပြောက်ကျားစစ်နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကိုသာ အားပြုစစ်ဆင်နေရာ ကလေးများအပါအဝင် အရပ်သားသေဆုံးမှုနှုန်း မြင့်တက်လာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button