
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ “ဇွဲထက်” ရွှေဆိုင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၅ ရက်နေ့က စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ သုံးဦး အပါအဝင် ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရသည်။
နံနက် ၁၀ နာရီခန့်မှ စတင်၍ လားရှိုးမြို့ ရပ်ကွက် (၉) နှင့် (၁၀) တို့မှ နေအိမ်များကို အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် CDM လုပ်ထားသော အသက် ၅၀ အရွယ်ဝန်းကျင် ပညာရေးဝန်ထမ်း အမျိုးသမီး နှစ်ဦး၊ မီးရထား CDM တစ်ဦးအပါအဝင် အမျိုးသားများကို ဖမ်းဆီးသွားသည်။
အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအနီး နေထိုင်သည့် အသက် ၅၀ အရွယ် CDM ပညာရေးဝန်ထမ်း ဒေါ်နန်းမြစိန်ကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။
“ဆရာမကို လာဖမ်းတုန်းက ရဲကားမဟုတ်ဘဲနဲ့ အရပ်သားတွေသုံးတဲ့ ကားတွေနဲ့ လာဖမ်းတာ။ လက်နက်ရှည်တွေ သုံးတယ်။ ရဲဝတ်စုံ၊ စစ်ဝတ်စုံ မဝတ်ကြဘူး။ ဆရာမက ရိုက်နှက်ခံထားရလို့ မျက်နှာတွေ ရောင်ကိုင်းနေတယ်လို့ ကြားတယ်” ဟု ရပ်ကွက် (၉) တွင် နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်နန်းမြစိန်သည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီကတည်းက CDM ပြုလုပ်ခဲ့ပြီး ရပ်ကွက် (၉) ရှိ ၎င်း၏ နေအိမ်မှာပင် ဆက်လက်နေထိုင်ခဲ့ကာ လာရောက်ဖမ်းဆီးချိန် ရာအိမ်မှူးကိုယ်တိုင် လိုက်ပါလာကြောင်း မျက်မြင်များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
ထို့နောက် အဆိုပါရပ်ကွက် ဘူတာစျေးအနီးရှိ နေအိမ်များကို ပိတ်ဆို့စစ်ဆေးရှာဖွေ၍ အသက် ၅၀ ဝန်းကျင် CDM ပညာရေးဝန်ထမ်း ဒေါ်နန်းအေးရွှေ၊ အသက် ၃၀ နှစ်အရွယ် CDM မီးရထားရုံးဝန်ထမ်း ကိုဂျိမ်း ဆိုသူတို့ကို ဆက်လက်ဖမ်းဆီးခဲ့သည်။
ဘူတာစျေးအတွင်း ရပ်ကွက်နေ အမျိုးသား ၇ ဦးကို သံသယဖြင့် ဖမ်းဆီးသွားကြောင်း သိရကာ ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။
မွန်းလွဲ ၁ နာရီခန့်တွင် ရပ်ကွက် (၁၀) နယ်မြေ (၉) နေ အလှဓာတ်ပုံ ရိုက်ကူးသည့် ဓာတ်ပုံဆရာ ကိုထက်မြတ်မိုး၊ နယ်မြေ (၄) နေ ဦးအိုက်ခမ်း ဆိုသူတို့ကို ဆက်လက်ဖမ်းဆီးကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် လားရှိုးမြို့ပေါ် မဇ္စိမတည်းခိုခန်းရှေ့ရှိ ကားလမ်းမတွင်လည်း ယာဉ်အသွားအလာများ တားဆီး စစ်ဆေးခဲ့ပြီး တအာင်းလူငယ် မိုင်းအိုက်ရွှေ ဖမ်းဆီးခံရသလို လူငယ်တချို့လည်း ဖမ်းဆီးခံခဲ့ကြောင်း မြို့ခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူအများစုကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ဟု မသိရသေးဘဲ အဆက်အသွယ်ပြတ်တောက်နေကာ ၎င်းတို့နေအိမ်များကိုလည်း ချိပ်ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် စနေနေ့ (ဇူလိုင် ၁၅) နံနက် ၇ နာရီခွဲခန့်တွင် ပြည်သူ့ဆေးရုံကုန်းဆင်းလမ်း မြို့မစျေးအတွင်း ဖွင့်လှစ်ထားသည့် “ဇွဲထက်”ရွှေဆိုင် ဆိုင်ခန်း ၃ ခုလုံးတွင် ပေါက်ကွဲအားပြင်းဗုံးများ တစ်ပြိုင်နက်ပေါက်ကွဲခဲ့ကာ ရွှေဆိုင်လုံခြုံရေးဝန်ထမ်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဆိုင်ဝန်ထမ်း ၁၁ ဦး၊ မြို့ခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ လက်ရှိအချိန်ထိ ရွှေဆိုင်များကို ပိတ်ထားရသည်။
“ဇွဲထက်” ရွှေဆိုင်ကို လားရှိုးမြို့မှ စစ်မှုထမ်းဟောင်းအရာရှိတစ်ဦး ပိုင်ဆိုင်ပြီး ယခုနှစ် နှစ်ဆန်းက ပြုလုပ်ခဲ့သည့် ဆိုင်ခန်းအသစ်ဖွင့်လှစ်ပွဲကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် တက်ရောက်ထားသည်။
ဗုံးပေါက်ကွဲမှုအပြီး လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးကင်းလှည့်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့ ညနေ ၄ နာရီခန့်မှာလည်း စစ်ကောင်စီတပ်က သံချပ်ကာယာဉ်တချို့ဖြင့် လမ်းမကြီးများပေါ်တွင် သွားလာမှု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများ ရှိတတ်သည့် လားရှိုးမြို့ Fully Light ဟိုတယ်အနီး နှစ်ကြိမ် ပေါက်ကွဲမှုဖြစ်ထားသည်။
လားရှိုးမြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုသပိတ်အင်အားကောင်းခဲ့သည့်မြို့ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် တိုင်းရင်းသားလူငယ် ၄ ဦး စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ဖွဲ့က ထိန်းချုပ်ထားပြီး မြို့တွင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့များက လုံခြုံရေးယူထားကာ မြို့အနီးတွင်မူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) ရက္ခိုင့်တပ်တော် (AA) တို့ အခြေစိုက်လှုပ်ရှားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)