သတင်း

ဘားအံမြို့ သံလွင်တံတားအနီး ပေါက်ကွဲမှုဖြစ်၊ တစ်ဦး သေပြီး ၁၀ ဦးခန့် ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် ယနေ့ (ဇူလိုင် ၃၁ ) နံနက်က ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားရာ အရပ်သားတစ်ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် ၁၀  ဦးခန့် ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။

နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် ဖြစ်ပွားသော ထိုပေါက်ကွဲမှုကြောင့် ဂိတ်တစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဂိတ်က ပျက်စီးနေပြီ။ ပေါက်တာက တော်တော်ပြင်းတယ်လို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၁၀ ဦးထဲတွင် စစ်ဆေးရေးဂိတ် တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ပါဝင်သည်ဟု ရဲသတင်းရင်းမြစ်တစ်ဦးကလည်း Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ရပ်နားထားသော တိုယိုတာအမျိုးအစား မော်တော်ယာဉ်တစ်စီးကို စစ်ဆေးစဉ် ပေါက်ကွဲခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်အဆောက်အအုံများ ပွင့်ထွက်သွားသည်ဟု ဒေသခံများကို ကိုးကား၍ ကရင်သတင်းဌာန (KIC) တွင် ဖော်ပြထားသည်။

တောင်ကလေးစစ်ဆေးရုံကိုလည်း လုံခြုံရေးတိုးမြှင့်ထားသလို ဘားအံမြို့ကိုလည်း ပိတ်ဆို့စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများ၊ စစ်ဆေးရေးဂိတ်များတွင် အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ စစ်ဆေးနေသည့်အတွက် မော်တော်ယာဉ်များပိတ်ဆို့နေကြောင်း KIC တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်အဆောက်အအုံများ၊ မော်တော်ယာဉ်တချို့ ပျက်စီးသွားပြီး ကားလမ်းပေါ် ချိုင့်ခွက်ငယ်တစ်ခု ဖြစ်သွားသည်ကို အွန်လိုင်းတွင် ပျံ့နှံ့နေသော ဓာတ်ပုံများတွင် တွေ့ရသည်။

ဘားအံမြို့ဘက်သို့ ဝင်ထွက်သွားလာရာတွင် အဓိကကျသောနေရာဖြစ်သည့် ထိုတံတားသို့ ချဉ်ကပ်ရာလမ်းတွင် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်၍ တင်းကျပ်စွာ စစ်ဆေးနေပြီး ခရီးသွား လူငယ်လူရွယ်များ ထိုဂိတ်တွင် မကြာခဏ ဖမ်းဆီးခံရလေ့ရှိသည်။

ခရီးသည်များကို ဂိတ်ရှေ့တွင် လမ်းလျှောက်ခိုင်းပြီး မှတ်ပုံတင်နှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးတတ်သည်၊ ဖုန်းအတွင်းရှိ နိုင်ငံရေးနှင့် သက်ဆိုင်သည်များ တွေ့ရှိပါက ဖမ်းဆီးကာ ငွေညှစ်လေ့ရှိသည့်ဂိတ်လည်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

တံတား၏ တစ်ဖက်ခြမ်း မွန်ပြည်နယ် သထုံမြို့နယ်သည် တော်လှန်ရေးအင်အားစုများ အားကောင်းရာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၁) နယ်မြေ၌ ပါဝင်သောဒေသဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ဘားအံမြို့နယ်သည် KNU ဗဟိုဌာနချုပ်များနှင့် နီးကပ်သည့် တပ်မဟာ (၇) နယ်မြေဖြစ်သည်။

စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုအပြီး တွေ့ရသော မော်တော်ယာဉ်တစ်စီး။

အဆိုပါပေါက်ကွဲမှုကို မည်သည့်အဖွဲ့များက လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဗုံးပေါက်ကွဲသည့် နေရာသည် ဘားအံမြို့အနီး လုံခြုံရေးတင်းကျပ်သည့်နေရာဖြစ်သောကြောင့် ပူးပေါင်းသူ မရှိပါက တိုက်ခိုက်ရန် မလွယ်ကူကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့လည်း အသေးစိတ်မသိရသေးဘူး ။ အဲ့ဒီနေရာက LPDF (ဒေသအခြေစိုက်ပြောက်ကျားအဖွဲ့) တွေ များတယ်။ အဲဒီနေရာမျိုးမှာ သူတို့ (စစ်ကောင်စီ) အတွင်းလူ မပါရင် ဒါကို ဘယ်သူမှ မလုပ်နိုင်ဘူးလို့ ထင်ပါတယ်” ဟု သူက ပြောသည်။

ပေါက်ကွဲမှုသည် ၎င်းတို့ လုပ်ဆောင်ချက် မဟုတ်ကြောင်း သံလွင်တံတားတစ်ဖက်ခြမ်းမှ KNU သထုံခရိုင်မှ မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က Myanmar Now ကို ပြောသည်။

စစ်ဆေးရေးဂိတ်သည် တပ်မဟာ (၇) နယ်မြေအတွင်း ရှိသော်လည်း အပစ်ရပ်စဲရေး (NCA) စာချုပ် လက်မှတ်ထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ ဝင်ထွက်လှုပ်ရှားရာဒေသလည်း ဖြစ်သောကြောင့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အတိအကျပြောရန် ခက်ခဲသည်ဟု ၎င်းက ဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနဘက်သို့လည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်နေသလို NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် (၂) ကလည်း ပြီးခဲ့သည့် ဇူလိုင် ၁ ကတည်းက ရန်ကုန်-ဘားအံလမ်းပိုင်း၊ ပဲခူး-ရန်ကုန်လမ်းပိုင်းများကို ညအချိန် သွားလာခွင့် ကန့်သတ်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button