ရွေးကောက်ပွဲ

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြည်ခိုင်ဖြိုးပါတီကို မဟာမိတ်အဖြစ်မှ လက်တွဲဖြုတ် 

၂၀၁၀ နှင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ရွေးကောက်ပွဲမဟာမိတ်အဖြစ်မှ ရပ်စဲလိုက်သည်။ 

ပြည်ခိုင်ဖြိုးပါတီနှင့် လက်တွဲဖြုတ်လိုက်ခြင်းမှာ ပအိုဝ်းပြည်သူလူထု၏ သဘောဆန္ဒအရသာဖြစ်သည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ အတွင်းရေးမှူးချုပ် ခွန်သိန်းဖေက Myanmar Now ကို ပြောသည်။

“အခုမလုပ်တော့ဘူးဆိုတာက ပြည်သူတွေရဲ့ဆန္ဒအရ လုပ်လို့မရတော့တာ။ သူတို့နဲ့ အပေးအယူလုပ်ရင် ပြည်သူတွေက လက်မခံတော့ဘူး”  ဟု ၎င်းက ပြောသည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုလုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်လုံးတွင် အနိုင်ရရှိခဲ့ပြီး ထိုမြို့နယ်များမှအပ ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ရာ  မောက်မယ်၊ လွိုင်လင်၊ နမ့်ဆန်နှင့် ရပ်စောက်မြို့နယ်များရှိ မဲဆန္ဒနယ်အများစုတွင် ၎င်း၏ မဟာမိတ် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် ၄၁ နေရာအနိုင်ရခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုတည်းတွင် ၁၈ နေရာ အနိုင်ရခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ၇၄ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုတည်းတွင် ၃၁ နေရာ အနိုင်ရရှိခဲ့သည်။ 

ရှမ်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၀၂ ဦးရှိပြီး ပြည်ခိုင်ဖြိုးပါတီက ၃၁ ဦးဖြင့် ဦးဆောင်ထားသည်။ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများမှာလည်း ပြည်ခိုင်ဖြိုးပါတီမှ ဖြစ်သည်။ 

“၂၀၁၀နဲ့ ၂၀၁၅ (ရွေးကောက်ပွဲ) မှာ ညှိနှိုင်းတာက ကျွန်တော်တို့လဲဝင်မယ်၊ သူတို့လဲဝင်မယ်ဆိုရင် နှစ်ဖက်လုံးက နိုင်ဖို့ မသေချာဘူး။ နိုင်ဖို့ မသေချာတဲ့အခါမှာ သေချာအောင်ဆိုပြီးတော့ သူတို့ပါတီကိုပဲ ဝင်ခိုင်းပြီး လူ(ကိုယ်စားလှယ်လောင်း) ကျတော့ ကျွန်တော်တို့ ကြိုက်တဲ့သူကို ကျွန်တော်တို့ အဆိုပြုတာပေါ့” ဟု ခွန်သိန်းဖေက ဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် ဟိုပုန်း၊ ဆီဆိုင်နှင့်ပင်လောင်းမြို့နယ်များရှိ မဲဆန္ဒနယ် ၁၀ ခုတွင်သာမကပဲ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်သည့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ် ၃၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြင်ပရှိ ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ရာ မဲဆန္ဒနယ်များတွင် ၎င်းတို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီ၏ မဲရလဒ်ကို ထိခိုက်နိုင်ခြေရှိသည်ဟု ခွန်သိန်းဖေက ပြောသည်။

“အဲဒီနေရာတွေ (မဲဆန္ဒနယ်)မှာ USDP နဲ့ ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ ၂၀၁၀ ရော ၂၀၁၅ ရော နှစ်ခုလုံးမှာ ကျွန်တော်တို့ မဲတွေအကုန်လုံး သူတို့ကို ပေးထားတယ်လေ” ဟု ၎င်းက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိ ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ထက် မနည်းအောင် ပြည်ခိုင်ဖြိုးပါတီက ကြိုးစားသွားမည်ဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် မဟာမိတ် မဟုတ်တော့ခြင်းကြောင့် ထိုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ထိခိုက်နိုင်မည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ရှမ်းပြည်နယ် စိုက်ပျိုး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး စိုင်းလုံကျော်က ပြောသည်။

“အရင်တုန်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ အခုကျတော့ သူတို့လဲ သီးခြားဆောင်ရွက်ကြတယ်။ ဒီဘက်လည်း ဆောင်ရွက်ကြမှာပေါ့။ အဖြေကတော့ လာမည့် ၂၀၂၀ကို ကြည့်ရမှာပေါ့ ” ဟု ၎င်းကပြောသည်။

ဦးစိုင်းလုံကျော်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် (၂)မှ အနိုင်ရရှိခဲ့ပြီးနောက် ရှမ်းပြည်နယ် စိုက်ပျိုး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဖြစ်လာခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ မြို့နယ်လုံးတွင် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည့်အတွက် စိုးရိမ်မှုမရှိသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြင်ပရှိ မဲဆန္ဒနယ်များတွင်လည်း အနိုင်ရရှိရန် လိုအပ်ကြောင်း ခွန်သိန်းဖေက ဆိုသည်။

“ဒီတစ်ကြိမ်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြင်ပ မြို့နယ်တွေမှာ ကျွန်တော်တို့ နိုင်သင့်တဲ့ မြို့နယ်တွေမှာ နိုင်သင့်နေပြီလို့ပဲ ကျွန်တော်တို့က ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း တစ်ခုအပါအဝင်ဖြစ်သည်။

Show More

Related Articles

Back to top button