သတင်း

ဆိုလာလျှပ်စစ်စီမံကိန်းတင်ဒါ တရုတ်ကုမ္ပဏီ အများဆုံးလျှောက်ထား 

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၁၅၅ ခု ရှိသည့်အနက် တရုတ်ကုမ္ပဏီက နေရာအများဆုံးလျှောက်ထားခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတာဝန်ရှိသူက ယနေ့ (ဇူလိုင် ၂၃) တွင် Myanmar Now ကို ပြောသည်။

“၂၄ နေရာပေါ့။ အများဆုံးလျှောက်တာပါပဲ။ တရုတ်ကုမ္ပဏီပါပဲ။ သူ့နောက်မှာတော့ မြန်မာကုမ္ပဏီ ငါးခုလောက်ရှိပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း (EPGE) ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ပြောသည်။

အဆိုပါ တရုတ်ကုမ္ပဏီ၏ အမည်ကိုမေးမြန်းခဲ့သော်လည်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

“နောက်ကျရင် သိရမှာပါ။ နှစ်ပတ်အတွင်းမှာ ပြီးပြတ်အောင်ဆောင်ရွက်သွားမှာပါ။ တင်ဒါဖွင့်ဖောက် ကြေညာတဲ့အခါ သူတို့ (ကုမ္ပဏီ) ကမ်းလှမ်းတဲ့ဈေးနှုန်းတွေကအစ အားလုံးကို အများသိကြေညာပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။ 

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတင်ဒါလျှောက်ထားသည့် ကုမ္ပဏီများတွင် တရုတ်အခြေစိုက်ကုမ္ပဏီများနည်းတူ ဂျာမနီ၊ နော်ဝေ၊ စပိန်၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများလည်း ပါဝင်သည်ဟု ဦးသန်းနိုင်ဦးက ပြောသည်။ 

စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၁၀၆၀ ဝယ်ယူရန် ရည်ရွယ်ထားသည့် အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတင်ဒါကို ပြီးခဲ့သည့် မေလ ၁၈ ရက်က ကြေညာခဲ့သည်။ တင်ဒါ နောက်ဆုံးလျှောက်ထားရမည့်ရက်ကို ဇွန်လ ၁၈ ရက်ဟု မူလက သတ်မှတ်ခဲ့သော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါ ကျရောက်နေချိန်ဖြစ်သည့်အတွက် ဇူလိုင် ၁၇ ရက်အထိ ရက်တိုးသတ်မှတ်ပေးခဲ့သည်။ 

လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို ပဲခူးတိုင်းဒေသကြီးတွင် ၇ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၆ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၅ ခု၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ၄ ခုစီ၊ နေပြည်တော်တွင် ၃ ခုနှင့် ရန်ကုန်တွင် တစ်ခု အကောင်အထည်ဖော်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျာထားသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် နေရောင်ခြည်စွမ်းအင်သုံး (ဆိုလာ) လျှပ်စစ်စီမံကိန်းတင်ဒါကို ရုတ်တရက်ခေါ်ယူခဲ့ခြင်းနှင့် တင်ဒါစတင်ကြေညာစဉ်က အချိန်တစ်လသာ ပေးခဲ့သည့်အတွက် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

Show More

Related Articles

Back to top button