သတင်း

Fact-Check | ငွေလှူမည်ဟုလိမ်ပြီး Facebook Group များမှတစ်ဆင့် သတင်းမှားများဖြန့်နေ

Facebook Group ကို ဝင်ရောက်လျှင် ငွေလှူမည်ဟု လိမ်လည်လှည့်ဖြားပြီးနောက် အဖွဲ့ဝင် (member) များပြားလာသည့်အခါ သတင်းတု သတင်းမှားများဖြန့်ဖြူးနေသည့် Facebook Group အနည်းဆုံး ၄၀ ကျော်ကို Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ တွေ့ရှိထားသည်။

အဆိုပါ Facebook Group ၄၀ ကျော်အနက် အဖွဲ့ဝင် တစ်သိန်းကျော်သည့် Group များ ၁၅ ခုရှိသည်။ အဆိုပါ Group များမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြပြီး စီမံကိုင်တွယ်သူ (Admin) များအပြင် Group များအတွင်း ပြန်လည်မျှဝေနေကြသည့် သတင်းမှားသတင်းတုများမှာလည်း တူနေသည်ကို တွေ့ရသည်။

ယင်း Group များသည် ငွေကြေးချမ်းသာသူများ၊ နာမည်ကြီးသရုပ်ဆောင်များ၊ ထီပေါက်သူများ၏ ဓာတ်ပုံများကို အသုံးပြုပြီး အဖွဲ့ဝင်များပြားလာစေရန် လိမ်လည်လှည့်ဖြားကြသည်။

ငွေလှူမည်ဟု လှည့်ဖြားပြီး အဖွဲ့ဝင်စုဆောင်း

Group အတွင်းသို့ ဝင်ရောက်ပါက ငွေလှူမည်ဆိုသည့် အကြောင်းအရာ (Post) များကို Group များသို့ ဝင်ရောက်ရမည့် လင့်ခ် (Link) များနှင့်အတူ တင်ထားကြသည်။ ငွေလှူမည်ဟူသည့် Post များအောက်တွင်ပင် အမှန်တကယ် ယုံကြည်၍ ဖုန်းနံပါတ်ရေးပေးထားသူ ထောင်ချီရှိကာ Group များသို့ ဝင်ရောက်ရန် ပြန်လည်ဖြန့်ဝေနေသူများလည်း ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲတွင် သိန်း ၁၅,၀၀၀ ပေါက်ခဲ့သူက ငွေလှူမည်ဟူသည့် သတင်းတုကို ဖြန့်ချိပြီး ၎င်းတို့၏ Group များသို့ ဝင်ထားရန် လိမ်လည်လှည့်ဖြားနေကြသည်။ အဆိုပါသတင်းတုကို ပြန်လည်ဖြန့်ဝေမှု သောင်းချီရှိနေပြီး အောင်ဆုထူးပိုင်ထီဆိုင်၏ မုံရွာမြို့ဆိုင်ခွဲပိုင်ရှင် ဦးစိုးဝင်း၏ ဓာတ်ပုံများနှင့် account တုများပြုလုပ်ကာ လိမ်လည်နေကြသည်။

Myanmar Now က ဦးစိုးဝင်းကို ဆက်သွယ်မေးမြန်းသည့်အခါ ထီပေါက်သူမှာ ၎င်းမဟုတ်ကြောင်း၊ အွန်လိုင်းပေါ် ထွက်ပေါ်နေသည့် သတင်းများသည် သတင်းမှားသာဖြစ်ကြောင်း ပြောသည်၊

“သိန်း ၁၅,၀၀၀ တကယ်ပေါက်တာ မဟုတ်ဘူးဗျ။ တချို့က လိုင်းပေါ်မှာက အမျိုးမျိုးပွသွားပြီး နာမည်ကြီးသွားတာပေါ့။ အချိန်တန်ရင်တော့ ပြီးသွားမှာပါ” ဟု ဦးစိုးဝင်းက ပြောသည်။

ဦးစိုးဝင်းသည် ၅၀၀ တန်ထီလက်မှတ် ၁၁ ကြိမ်မြောက်တွင် သိန်းတစ်သောင်းဆု ပေါက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၇ ကြိမ်မြောက်တွင် တကယ်ပေါက်သည့်သူမှာ ၎င်း၏ထီဆိုင်၌ ထီထိုးသွားသူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ဝရာကျေးရွာနေ ကိုသောင်းထိုက်လင်းဆိုသူဖြစ်သည်ဟု ဦးစိုးဝင်းက ပြောသည်။

အဆိုပါသတင်းမှားဖြန့်နေသည့် Group များသည် ဦးစိုးဝင်း၏ ဓာတ်ပုံများကိုအသုံးပြုကာ account တုပြုလုပ်၍လည်း လိမ်လည်နေကြသည်။ Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ ဦးစိုးဝင်းအဖြစ် အယောင်ဆောင်ထားသည့် account တုတစ်ခုသည် ယခင်က အမျိုးသမီးတစ်ဦး၏ account ဖြစ်ပြီး သတင်းများဖြန့်သူများက အဆိုပါ account ကို ခိုးယူ (Hack) ကာ ဆက်လက်အသုံးပြုခြင်းဖြစ်ကြောင်း တွေ့ရသည်။

ထို့အပြင် ဦးစိုးဝင်း၏ ဓာတ်ပုံများကိုအသုံးပြုပြီး ဦးစိုးဝင်းအဖြစ် အယောင်ဆောင်ထားသည့် U Soe Win Facebook စာမျက်နှာနှင့် Myanmar ထီ အမည်ရှိ စာမျက်နှာများက ထီပေါက်သူနှင့် အလှူရှင်များ ထီပေါက်ပီဟေ့ ဂရုအပ်ထားလှူချင်လို့ စသည့် Group များကို စီမံခန့်ခွဲနေကြကြောင်းတွေ့ရသည်။

အောင်ဆုထူးပိုင်ထီဆိုင် မုံရွာမြို့ဆိုင်ခွဲပိုင်ရှင်၏ ဓာတ်ပုံများ အသုံးပြုကာ လိမ်လည်နေခြင်း

လိမ်လည်နေသည့် Group များနှင့် သတင်းမှားကွန်ရက်များ ချိတ်ဆက်နေ

ယခင်က “ထီပေါက်ပြီဟေ့ ဂရုအပ်ထားသူများကိုလှူနေပြီ” အမည်ရှိ Group သည်သတင်းစုံ နိုင်ငံတကာသတင်း” ဟု နာမည်ပြောင်းကာ သတင်းတု သတင်းမှားများ ထုတ်လုပ်ရေးသားနေသည့် ဝက်ဆိုက်များနှင့်ချိတ်ဆက်ပြီး သတင်းတုသတင်းမှားများ ထပ်မံဖြန့်ဝေလာသည်ကို တွေ့ရသည်။

ထို့အပြင် “လှူမယ် ဂရုအပ်ထားပါ” နှင့်နေ့စဉ် သတင်းစုံ သတင်းမှန်” အမည်ရှိ Group များသည်လည်း သတင်းတုဖြန့်ဝေနေသည့် ဝက်ဆိုက်များဖြင့် ချိတ်ဆက်ထားသည်ကို တွေ့ရသည်။ အဆိုပါ Group များ၏ Group Admin များမှာ မြန်မာ့သတင်းစုံ ထီပေါက်စဉ် Xi Jar U Thu Mingala ဥုးသုမင်္ဂလ ဆိုသည့် Facebook စာမျက်နှာများ၏ Admin များ ဖြစ်သည်။

ထီပေါက်စဉ် ဆိုသည့် စာမျက်နှာသည် ယခင်က သူ၏ ဝက်ဆိုက်လိပ်စာကို myanmarnewsteam.com ဟု လည်းကောင်း၊ မြန်မာ့သတင်းစုံ ဆိုသည့် စာမျက်နှာသည် သူ၏ ဝက်ဆိုက်လိပ်စာကို everytimestory.com ဟု ဖော်ပြထားသည်။

ယင်းဝက်ဆိုက်များသည် သတင်းမှားများကို ကွန်ရက်သဖွယ် ချိတ်ဆက်ဖြန့်ဝေနေသည့် Myanmar News Team (M.N.T) မှ ဖြစ်ပြီး ဝက်ဆိုက်အများအပြားဖွင့်ကာ သတင်းမှားများဖြန့်ဝေနေသည့် အဖွဲ့ ဖြစ်သည်။

ထို့ကြောင့် ထီပေါက်သူမှ ငွေလှူမည်ဟု လှည့်ဖြားနေသည့် Group အချို့ကို သတင်းမှားဖြန့်ဝေနေသည့် Myanmar News Team (M.N.T) ကွန်ရက်က ပြုလုပ်နေသည်မှာ ထင်ရှားသည်။ အဆိုပါအဖွဲ့အကြောင်းကို Myanmar Now က ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

Follower ၅၀၀,၀၀၀ ဝန်းကျင်ရှိသည့် Wai-Media ဆိုသည့် စာမျက်နှာသည် Group အဖွဲ့ဝင် ၁၀၀,၀၀၀ ဝန်းကျင်ရှိသည့်တတ်နိုင်သလောက်လှူချင်လို့ အပ်ထားဟေ့” ၊အလှူရှင်များ စုစည်းရာ” ၊ “ထီးပေါက်ပြီ လှူချင်လို့ပါ” ဆိုသည့် Group များတွင် Admin အဖြစ်ရှိနေသည်။

အဆိုပါ Wai-Media ဆိုသည့် Page သည် ဖေဖော်ဝါရီလ အတွင်းက “ကော့မှူး၊ စမ်းချောင်းနှင့် ဒဂုန်ဆိပ်ကမ်းတွင် H1N1ဝက်တုပ်ကွေးရောဂါကြောင့် ၃ ဦးသေဆုံးသွား” ဆိုသည့်သတင်းမှားအပါအဝင် သတင်းမှားများဖြန့်ချိသည့် realthadin.club ဆိုသည့် ဝက်ဆိုက်မှ သတင်းမှားများကို ပြန်လည်ဖြန့်ဝေခဲ့သည်။

သတင်းမှားများ ဖြန့်သည့် Wai- Media

ငွေလှူမည်ဟု လိမ်လည်နေသော အဖွဲ့ဝင် ၅၀,၀၀၀ ကျော်ရှိ “အနုပညာရှင်တို့၏အတွင်းရေးသတင်းများ” Group ၏ Admin ဟိန်း ထက် ဆိုသည့် account သည် နိုင်ငံရေးသတင်းတု သတင်းမှားများစွာကို ဖြန့်ဝေနေပြီး ဇူလိုင် ၄ တွင် ဖားကန့်မြေစာပုံပြိုကျမှုနှင့် ပတ်သက်သည့် သတင်းမှားတစ်ခုကို ပြန်လည်မျှဝေထားသည်ကိုတွေ့ရသည်။

ဖားကန့် မြေစာပုံပြိုကျတာမျိုးက အရင်ကလည်းဖြစ်နေကျမျိုးပါ။ ဒီဟာက ကျွန်တော်တို့ပါတီကလည်းလုပ်တာမဟုတ်ဘူးလေဗျာ မိုးတွင်းကာလ တားထားတဲ့ကြားကနေ တရားမဝင်သွားလုပ်ကြတာပဲ။ ညက ဥက္ကဋ္ဌကလဲပြောပြီးသားပါ။မလတ်တောင်မြေပြိုမှုမှာ ကျွန်တော်တို့ချက်ချင်းသွားတယ်ဆိုတာ အစ္စလာမ်လူနည်းစုတွေမို့ပါ၊ အခုဖားကန့်မှာလို ကူညီသူတွေများများစားစားလည်းမရှိကြဘူးလေ။” ဟု NLD ပါတီပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင် ပုံနှင့် တွဲထားသည့် စာကို မျှဝေထားခြင်းဖြစ်သည်။

အဆိုပါ သတင်းမှား၏ မူရင်းသတင်းတုတွင် မျှဝေသူ ၆၀၀ ကျော်အထိရှိခဲ့ပြီး ပျံ့နှံ့မှုကောင်းနေသည့် သတင်းတုတစ်ခုဖြစ်သည်။

Myanmar Now က မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းသည့်အခါ “အဲ့ဒါတွေက ကျွန်တော်လည်းဘာမှမသိဘူးဗျ။ ရောထည့်တာဗျ။ အဲ့ဒါက ကျွန်တော်ပြောတာမဟုတ်ဘူး။ ဒါတွေကလည်း အဓိပ္ပာယ်မရှိဘူး။ သတင်းတုတွေက သေချာကို ဇောက်ချလုပ်နေကြတာ” ဟု ၎င်းကပြောသည်။

လောင်းကစားများအတွက် လူစုနေ

ထိုသို့ လိမ်လည်လှည့်ဖြားနေသည့် Facebook Group များသည် သတင်းတု သတင်းမှားများဖြန့်ဝေရန် လုပ်ဆောင်နေသည့်အပြင် တရားမဝင်လောင်းကစားများ လုပ်ဆောင်ရန်လည်း စည်းရုံးလှုံ့ဆော်နေသည်များ တွေ့ရသည်။

အဆိုပါ Group များတွင် account တုများအသုံးပြုကာ တရားမဝင်လောင်းကစားများဖြစ်သည့် နှစ်လုံး၊ သုံးလုံး(ချဲ) ထီနှင့် ဘောလုံးလောင်းကစားများ ၊ အွန်လိုင်းလောင်းကစားဂိမ်းများကို နေ့စဉ်တင်နေကြပြီး လောင်းကစားပြုလုပ်ရန် လူများကို ဆွဲဆောင်နေကြကြောင်း တွေ့ရသည်။ ထို့အပြင် Phone Give Away2020V ဆိုသည့် Group များသည် မိုဘိုင်းဖုန်းများ မဲဖောက်ပေးမည်ဟုဆိုကာ လိမ်လည်ပြီး အဖွဲ့ဝင်စုဆောင်းနေသည်ကိုလည်း တွေ့ရသည်။

နှစ်လုံးထီ၊ သုံးလုံးထီ (ချဲ) လောင်းရန် အကြောင်းအရာများနေ့စဉ်တင်နေသည့် Facebook Group တစ်ခု
 

Show More

Related Articles

Back to top button