သတင်း

စစ်ခေါင်းဆောင်ကို စော်ကားသည်ဆိုကာ မန္တလေးမြို့ခံတစ်ဦး အဖမ်းခံရ

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စော်ကားသည်ဆိုသော စွပ်စွဲချက်ဖြင့် မန္တလေးမြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ (ဇူလိုင် ၂၆) တွင် ဖမ်းဆီးသွားသည်။

လူမှုကွန်ရက်တွင် လူသိများသူတစ်ဦးဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ကိုဇော်ဝင်းမောင်ကို မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀ နှင့် ၈၂ လမ်းထောင့်ရှိ ၎င်းပိုင် တက်တူး (Tattoo) ဆိုင်၌ လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ မင်းအောင်လှိုင်ကို စော်ကားပုတ်ခတ်တဲ့ ဗီဒီယိုတင်လို့ဆိုပြီး သိရတယ်။ ဘယ်မှာ ထိန်းသိမ်းထားလဲ မသိရဘူး။ အခြေအနေအသေးစိတ်လည်း မသိရသေးဘူးဗျ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သည့် မဟာအောင်မြေမြို့နယ်မှ အမျိုးသားက ဆိုသည်။

ကိုဇော်ဝင်းမောင်သည် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော TikTok ၌ ဟာသဗီဒီယိုများ လွှင့်တင်ရင်း လူသိများလာသူဖြစ်သည်ဟု သိရသည်။

အဖမ်းမခံရမီ တစ်ရက်တွင် စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ကိုဇော်ဝင်းမောင် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုကို တင်၍ စစ်ခေါင်းဆောင်ကို စော်ကားပုတ်ခတ်နေသဖြင့် ဖမ်းဆီးပေးရန် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

ထို့နောက် ကိုဇော်ဝင်းမောင်ကို ဖမ်းဆီးထားပြီဖြစ်ကြောင်း အဆိုပါ စစ်တပ်လော်ဘီစာမျက်နှာများကပင် ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြခဲ့ကြသည်။

နာမည်ကျော် TikTok လူမှုကွန်ရက်၌ ကိုဇော်ဝင်းမောင်တင်ခဲ့သော အချိန်စက္ကန့် ၄၀ ကြာ ဗီဒီယိုမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် အမည်ဆင်တူသူတစ်ဦးကို ဝိုင်းဝန်းထိုးနှက်နေသည့်အကြောင်း ဇာတ်လမ်းသဘော ရိုက်ကူးထားခြင်းဖြစ်ကာ ၂၀၂၁ နှစ်ဆန်းပိုင်းက တင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူသည် တက်တူးဆိုင်သာမက ပုသိမ်ကြီးမြို့နယ်တွင်လည်း တည်းခိုခန်းတစ်ခု ဖွင့်လှစ်ရန် ပြင်ဆင်နေသူဖြစ်ပြီး စီးပွားရေးကိစ္စများနှင့် ဆက်စပ်ကာ တိုင်ကြားခံရသဖြင့် အဖမ်းခံရခြင်း ဖြစ်နိုင်သည်ဟု မန္တလေးမြို့ခံတို့က ယူဆသည်။

လက်ရှိတွင် ကိုဇော်ဝင်းမောင်ကို စစ်ကောင်စီက မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ဟု မသိရှိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖမ်းဆီးအရေးယူလျက်ရှိရာ လူမှုကွန်ရက်အသုံးပြုသူများကိုလည်း အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထောင်ချလေ့ရှိသည်။

မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ အပါအဝင် ရာနှင့်ချီသော ဆရာဝန်၊ ရှေ့နေနှင့် ကျောင်းဆရာ၊ ဆရာမများကို စစ်ကောင်စီက အိုးဘိုထောင်၌ ဖမ်းဆီးထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button