သတင်း

အွန်လိုင်းစျေးဆိုင်များ မှတ်ပုံတင်ရန်နှင့် နိုင်ငံရေးအကြောင်း မပြောကြရန် စစ်ကောင်စီကန့်သတ်

အွန်လိုင်းမှ ဈေးရောင်းသူအားလုံး မှတ်ပုံတင်ရန်နှင့် စျေးရောင်းရာတွင် နိုင်ငံရေးအကြောင်း မပြောကြရန် စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ယနေ့ ဇူလိုင် (၂၁) တွင် အမိန့်ကြေညာချက်ထုတ်ပြန်သည်။

အွန်လိုင်းစနစ်ဖြင့် စျေးရောင်းခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကြောင်းနှင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ မည်သူမဆို ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဟု ကြေညာချက်က ဆိုသည်။

နောက် ၆ လအတွင်း မှတ်ပုံမတင်ဘဲ ရောင်းချပါက ထောင် ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ် ကျပ် ၅ သိန်း ချမှတ်နိုင်သည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) ဖြင့် အရေးယူမည်ဟုလည်း ဖော်ပြသည်။

အွန်လိုင်းအသုံးပြု စျေးရောင်းကြမည့် ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် တာဝန်ခံ၏ ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရောင်းချမည့်ပစ္စည်း၊ အာမခံချက်နှင့် တင်သွင်းသောနိုင်ငံအထောက်အထားဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်တွင် တွေ့ရသည်။

စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက အချက်လက်များနှင့် မြေပြင်စစ်ဆေးပြီး ၂ နှစ်သက်တမ်းရှိ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ ရောင်းချရာတွင် ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်၊ အရည်အသွေးနှင့် အာမခံချက်ပေးကာ၊ တာဝန်ယူမှုတာဝန်ခံမှုရှိစွာ ရောင်းချရန် ထိုအမိန့်ကြေညာချက်တွင် တွေ့ရသည်။

ထို့ပြင် “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကို ရည်ရွယ်၍သော်လည်းကောင်း၊ အများပြည်သူ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍သော်လည်းကောင်း လှုံ့ဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနှင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်” ဟုလည်း ကန့်သတ်ချက်ထည့်သွင်းထားသည်။

ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် အရောင်းအဝယ်များတုံ့ဆိုင်းနေချိန် မဖြစ်မနေမှတ်ပုံတင်ရမည့် အခြေအနေကြောင့် ကုန်ကျစရိတ်ပိုများလာကာ အကျိုးအမြတ်များ ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း အွန်လိုင်းရှော့ပင်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

အွန်လိုင်းဈေးရောင်းချမှုကို စီးပွားဖြစ်လုပ်ကိုင်သူများရှိသလို ကျောင်းသားလူငယ်များ၊ အလုပ်အကိုင်အတည်တကျမဖြစ်သေးသူများက တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြရာ မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်၍ လုပ်ရကိုင်ရခက်နိုင်ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် အွန်လိုင်းရှော့ပင်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ကလေးတွေ ကျောင်းတက်ရင်းနဲ့ လုပ်ကြတယ်။ တစ်နိုင်တစ်ပိုင်လေး လုပ်တဲ့သူလေးတွေရှိတယ်။ အဲ့ဒီအတွက် လူငယ်လေးတွေအတွက် အခက်အခဲတော့ရှိတယ်။ အွန်လိုင်းရှော့ဆိုပေမဲ့ Delivery လုပ်တာလည်း ရှိတယ်။ အကုန်လုံးက ဆက်နွှယ်နေကြတာဆိုတော့ လုပ်ကိုင်တဲ့အခါ အခက်အခဲရှိသွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

ရောင်းချသူများ မှတ်ပုံတင်ရမည်ဖြစ်၍ တာဝန်ယူမှုတာဝန်ခံမှုရှိနိုင်သလို ဝယ်ယူသူများဘက်မှလည်း မှန်မှန်ကန်ကန်ဝယ်ယူရန်လိုကြောင်း၊ အမှန်တကယ်မဝယ်ယူဘဲ ပစ္စည်းလိမ်လည်မှာယူမှုရှိခြင်းကြောင့် ထိခိုက်မှုများရှိကြောင်း သူက ဆိုသည်။

မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်၍ အချိန်နှင့် ငွေကြေး ကုန်ကျမှုများရှိလာနိုင်သော်လည်း ရွေးချယ်ခွင့်မရှိဘဲ မှတ်ပုံတင်လက်မှတ်လျှောက်ထားမည်ဟု နောက်ထပ် အွန်လိုင်းရှော့ပင် ဖွင့်လှစ်လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဈေးကွက် ဖွင့်လှစ်လိုက်ပြီးနောက် မိုဘိုင်းဖုန်းအသုံးပြုသူ တိုးလာသလို အွန်လိုင်းရှော့ပင်များလည်း တစ်နေ့တခြား ခေတ်စားလာသည်။ စီးပွားဖြစ်လည်ပတ်လုပ်ကိုင်သည့် အွန်လိုင်းဈေးဝယ်အက်ပလီကေးရှင်းနှင့် ဝက်ဆိုက်များရှိသလို Facebook ပေါ်တွင် ပေ့ချ်များဖွင့်ကာ တစ်ပိုင်တစ်နိုင်ရောင်းချသူများလည်း ရှိနေသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်များလည်း Facebook ပေ့ချ်မှ ဈေးရောင်းချသူများ ဖြစ်လာသည်။

အရပ်သားအစိုးရကို ဖြတ်ချကာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေးအင်တာနက်နှင့် ဖုန်းလိုင်းများ မကြာခဏဖြတ်တောက်ခံရလေ့ရှိသလို အင်တာနက်အသုံးပြုမှုကို စစ်ကောင်စီက အကြီးကျယ်ကန့်သတ်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button