
တကောင်းနီကယ်စက်ရုံစီမံကိန်းဧရိယာအတွင်း တရားမဝင်တူးဖော်သည်ဟုဆိုကာ ရဲတပ်သား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူနှင့် အခြားအမျိုးသားတစ်ဦးကို အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် တကောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တကောင်းနီကယ်တောင်တွင် အလှဆင်ကျောက် တရားမဝင် တူးဖော်နေသူနှစ်ဦးကို စီမံကိန်းလုံခြုံရေးရဲကင်း တာဝန်ကျ ဒု-တပ်ကြပ်နှင့် တပ်သားနှစ်ဦးများက စက်ရုံမန်နေဂျာနှင့်အတူ သွားရောက်တားဆီးခဲ့စဉ် ပြန်လည်ခုခံ၍ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ရင်ဘတ်ထိမှန် သေဆုံးသွားသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူနှင့် ၎င်း၏ ယောက်ဖဆိုသူကို တကောင်းမြို့မရဲစခန်းမှ ရဲအုပ်အောင်မျိုးမြင့်က တရားလိုပြုလုပ်ကာ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀ က (၃)အရ ဇွန် ၁၈ တွင် အမှုဖွင့်ခဲ့သည်။
သေနတ်ထိမှန်သေဆုံးခဲ့သူမှာ တကောင်းမြို့ ညောင်သာယာရွာသား အသက် ၃၈ နှစ်ရှိ ဦးသောင်းထွန်းဖြစ်ပြီး ယောက်ဖဖြစ်သူနှင့်အတူ နီကယ်တောင်ပေါ်တွင် အလှဆင်ကျောက်တူးဖော်နေ စဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
“မရှိဆင်းရဲသားတွေမို့ ဒါလေးလုပ်ပြီး ရှာစားရတာပါ။ ခိုးတူးတာ မဟုတ်ရပါဘူး။ အဲဒီနေ့ကလည်း လမ်းမှားရောက်လာတာလို့ တောင်းပန်ခဲ့တယ်လို့ သားက ပြောပါတယ်။ ဒါပေမဲ့ သေနတ်နဲ့ရိုက်ပြီး ပစ်သတ်ပါတယ်”ဟု သေဆုံးသူ၏ယောက္ခမဖြစ်သူ ဒေါ်စန်းမြင့်က ဆိုသည်။
“တစ်ယောက်ကလည်း ပစ်သတ်ခံရတယ်။ တစ်ယောက်ကလည်း ပုဒ်မအကြီးကြီးတပ် ဖမ်းခံထားရတယ်။ မကျေနပ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ လူသေဆုံးအထိ ပစ်ခတ်မခဲ့သည့် ရဲတပ်သားကိ အရေးယူထားခြင်း ရှိ၊မရှိ တကောင်းမြို့နယ်ရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာ စုံစမ်းစစ်ဆေးရေးပြုလုပ်နေသည်ဟုဆိုသည်။
“ဟုတ်ကဲ့ ကျွန်တော်တို့ စုံခုံဖွဲ့ စစ်ဆေးနေပါတယ်။ အသေးစိတ်မပြောနိုင်သေးပါဘူး”ဟု တကောင်းမြို့မရဲစခန်းမှ ဒုတပ်ကြပ် သိန်းသန်းဇော်က ဇွန် ၁၉ တွင် ပြောသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် တကောင်းနီကယ်တောင်တွင် ကျောက်ဝါဟု ခေါ်ဆိုသည့် ကျောက်တစ်မျိုးထွက်ရှိပြီး ဒေသခံများက တူးဖော်ရောင်းချရာ တရုတ်များက ဝယ်ယူသည့် စျေးကွက်ရှိကြောင်း၊ နွမ်းပါးသည့်ဒေသခံများက ယင်းလုပ်ငန်းဖြင့် စားဝတ်နေရေး ဖြေရှင်းရကြောင်း ဒေသခံများက ဆိုသည်။
တကောင်းတောင်နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနီကယ်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်ပြီး ၂၀၀၈ မှစ၍ နှစ် ၂၀ စာချုပ်ဖြင့် တရုတ်နိုင်ငံသားပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ Myanmar CNMC Nikel နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် (၁ ) သတ္တုတွင်းလုပ်ငန်းတို့ ပူးပေါင်းလုပ်ကိုင်နေသည့် စီမံကိန်းဖြစ်သည်။
အကြီးစားရွှေတူးဖော်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို စွဲဆိုထားသည့်ပုဒ်မသည်လည်း သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ပင်ဖြစ်သည်။
သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က) အရ မည်သူမဆို ဤဥပဒေအရ ထုတ်ပေးထားသည့် ခွင့်ပြုမိန့် မရရှိဘဲ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၁၀ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ်သိန်း ၅၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။