စုံစမ်းဖော်ထုတ်ရေးသားမှုသတင်း

Asia World ဆိပ်ကမ်း X-Ray စက်ငှားရမ်းခမှ ပြည်ခိုင်ဖြိုး ကျပ်ဘီလျံချီရရှိခဲ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်မြို့ အလုံမြို့နယ် အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ ကုန်သေတ္တာများစစ်ဆေးသည့် x-ray စက်အသုံးပြုခွင့်မှတစ်ဆင့် ၁၂ နှစ်အတွင်း ကျပ် ၁၆ ဘီလျံကျော် ရခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာနှစ်စောင်အရ Myanmar Now က တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် အကောက်ခွန်ဦးစီးဌာနက ၂၀၀၆ ခုနှစ်မှစ၍ ကုန်သေတ္တာများကို x-ray စက်ဖြင့် ရန်ကုန်ရှိ ဆိပ်ကမ်းကိုးခုနှင့် နယ်စပ်ဂိတ်နှစ်ခုတို့တွင် စစ်ဆေးသည့်စနစ်ကို ကျင့်သုံးလာသည့်နောက် ပုဂ္ဂလိကကုမ္ပဏီပိုင် စက်များနှင့် “အဖွဲ့အစည်း” ပိုင်စက်များကို ငှားရမ်းတပ်ဆင်ခဲ့သည့်အနက် ပြည်ခိုင်ဖြိုးပါတီပိုင် ရန်ကုန်မြို့ အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ စက်တစ်လုံးလည်း ပါဝင်သည်။

အဆိုပါစက်မှာ ပြည်ခိုင်ဖြိုးအသင်းဘဝက ထူထောင်ထားသည့် မြန်ဂုဏ်မြင့်ကုမ္ပဏီအမည်ဖြင့် ၂၀၀၆ ခုနှစ်ကတည်းက စတင်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီဖျက်သိမ်းခဲ့ပြီးဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီအမည်ဖြင့် ဆက်လက်လည်ပတ်နေသည့် စက်ဖြစ်သည်။

စက်စတင်တပ်ဆင်သည့်နှစ်မှ အစီရင်ခံစာတင်ပြထားသည့် ၂၀၁၈ ဘဏ္ဍာနှစ်အထိ အဆိုပါ x-ray စက်အသုံးပြုခအဖြစ် ယူရို ၁၁ ဒသမ ၅၁၈ သန်း (ကျပ် ၁၆ ဒသမ ၆၇ ဘီလျံ) ခွဲတမ်းရရှိခဲ့သည်ဟု တွေ့ရသည်။

ကုန်သေတ္တာများကို x-ray ရှာဖွေရေးစက်ဖြင့် ဖြတ်သန်းခအနေဖြင့် ကုန်သေတ္တာတစ်လုံးလျှင် ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး စစ်ဆေးခရငွေစုစုပေါင်းမှ မီတာခ၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ x-ray ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ခ ၅ ရာခိုင်နှုန်းတို့ကို နုတ်၍ ကျန်ငွေကို စက်အရေအတွက်ဖြင့် စားကာ စက်တစ်စက်ချင်းစီအလိုက် အချိုးကျပြန်ခွဲပေးသည့်စနစ်ဖြစ်သည်ဟု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် ဌာန၏ လုံခြုံရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ချက်အရ လုံခြုံမှုစစ်ဆေးရန် မလိုသည့် ကုန်သေတ္တာများမှာ x-ray စက်ဖြတ်ရန် မလိုသော်လည်း ၎င်းစက်များအတွက်ရသည့် စစ်ဆေးခကို စက်ပိုင်ရှင်ကုမ္ပဏီများအား ခွဲဝေရာတွင် ထည့်သွင်းထားသဖြင့် နိုင်ငံတော်က နစ်နာရသည်ဟု အဆိုပါအစီရင်ခံစာတွင် ဆိုထားသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအရ ရန်ကုန်ရှိဆိပ်ကမ်းများမှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပိုင် စက်များအား x-ray စက်ဖြင့် စစ်ဆေးခအတွက် အမှန်တကယ် ခွဲဝေပေးသင့်သည့်ပမာဏမှာ ကျပ်သန်း ၂၀၀၀ (နှစ်ဘီလျံ) ကျော်ဖြစ်သော်လည်း အသားတင်ခွဲဝေပေးသည့် ပမာဏမှာ သန်း ၈၀၀၀ ကျော်ရှိခဲ့သည်ဟု ထောက်ပြထားသည်။ အကောက်ခွန်ဌာနနှင့် စက်ပိုင်ရှင်များကြား အကျိုးအမြတ်ခွဲဝေမှုပုံစံ သဘောတူစာချုပ်ကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်နှစ်တည်းတွင် နိုင်ငံတော်က ကျပ်သန်း ၆၀၀၀ နီးပါး နစ်နာခဲ့သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။

အဆိုပါ ပိုမိုခွဲဝေပေးထားသည့် ကျပ်သန်း ၆၀၀၀ အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင်သည့် စက် (အေးရှား ဝါး(လ်) ဆိပ်ကမ်းရှိ စက်အမှတ်-၃) အတွက် အမှန်တကယ်ပေးရမည့်ပမာဏထက် ကျပ်သန်း ၇၀၀ ကျော် ပိုမိုပေးထားသည်ဟု Myanmar Now က တွေ့ရှိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် စက်အမှတ်-၃ မှာ အရေးပေါ်ရပ်သွားသည့်အတွက် ၂၀၁၇ ဧပြီ ၁ ရက်နေ့မှစ၍ အကျိုးအမြတ်ခွဲဝေမှု ရပ်နားထားသည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် လုံခြုံရေးစစ်ဆေးခအကျိုးအမြတ်ခွဲဝေပေးရာတွင် စက်အမှတ်-၃ အတွက် ယူရို ၆၂,၀၀၀ ခွဲဝေပေးထားသည်ကို တွေ့ရသည်။ ယင်းမှာ တစ်ယူရိုလျှင် ၁၄၄၇ ကျပ်နှုန်းဖြင့် တွက်ချက်ပါက ကျပ်ငွေ သိန်း ၈၀၀ နီးပါးဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီပိုင်သည့် အဆိုပါ x-ray စက် အမှတ်-၃ ကို ‘မြန်ဂုဏ်မြင့်’ ကုမ္ပဏီပိုင်ဟု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်ဂုဏ်မြင့်ကုမ္ပဏီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ရန်ပုံငွေအတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) လက်အောက်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကိုလုပ်ဆောင်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် “Myanmar’s Political Transition and Lost Opportunities (2010-2016)” စာအုပ် စာမျက်နှာ ၃၈ တွင် ဖော်ပြထားသည်။

မြန်ဂုဏ်မြင့်ကုမ္ပဏီကို ၂၀၁၅ ဒီဇင်ဘာတွင် ရှယ်ယာရှင်အများစု၏ ဆန္ဒဖြင့်ဖျက်သိမ်းကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။ ပြည်ခိုင်ဖြိုးအသင်းမှ ပြည်ခိုင်ဖြိုးပါတီသို့ လွှဲပြောင်းစဉ် အသင်း၏ ပိုင်ဆိုင်မှုများကို ပါတီသို့လွှဲပြောင်းယူခဲ့သည်ဟု ပါတီခေါင်းဆောင်များက ဝန်ခံထားသော်လည်း မည်သည့်ပုံစံဖြင့် လွှဲပြောင်းယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

၂၀၁၇ ဧပြီ ၁ မှ၍ ပြည်ခိုင်ဖြိုးပါတီပိုင် စက်အမှတ်-၃ အတွက် အကျိုးအမြတ်ခွဲဝေမှုရပ်နားထားသည့်ကြားမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအရ ယူရို ၆၂,၀၀၀ ခွဲဝေပေးထားသည်ဟု ဆိုသည့်အပေါ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကမူ စက်ကို အသုံးမပြုဘဲ ငွေခွဲပေးထားသည်ဆိုခြင်းမှာ မဖြစ်နိုင်ဟု Myanmar Now ကို ပြောသည်။

“မလည်ဘဲနဲ့ ပေးတယ်ဆိုတာတော့ မဟုတ်လောက်ဘူး။ အသုံးပြုခဲ့လို့ အသုံးပြုခဲ့တဲ့အတိုင်းအတာပဲ ဒီကနေထုတ်ပေးတာ ရှိတယ်။ ငွေထုတ်ပေးတာကတော့ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး။ တခြားဌာနခွဲက လုပ်တဲ့ကိစ္စဖြစ်တယ်” ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက မေလနောက်ဆုံးပတ် ၎င်းရာထူး အပြောင်းအရွှေ့မဖြစ်မီ ပြောသည်။

အဆိုပါ “တခြားဌာနခွဲ” သည် မည်သည့်ဌာနဖြစ်ကြောင်း မေးသည့်အခါ ၎င်းမသိပါဟု ဆိုသည်။

စက်အမှတ်-၃ မှာ ၂၀၁၇ ကတည်းက ပျက်နေသည့်အတွက် အသုံးပြုရန် ခက်ခဲသည့် အခြေအနေဖြစ်ပြီး အစားထိုးအသုံးပြုရန် အရန်စက်အနေဖြင့်သာ ထားရှိရသည့် အခြေအနေဖြစ်သည်ဟု အေးရှား ဝါး(လ်) ဆိပ်ကမ်းမှ လက်ထောက်မန်နေဂျာ ဦးဝဏ္ဏကျော်မြင့်က ပြောသည်။

“ပြည်ခိုင်ဖြိုးအလုံးသည် ခုအချိန်ထိ (ဆိပ်ကမ်း) အထဲကနေ အပြင်ထွက်မသွားသေးဘူး။ (အကောက်ခွန်) ကို ဒီအလုံး အသုံးမပြုတော့ဘူးလို့ စာတင်ထားပေမဲ့ (အကောက်ခွန်က) ဒီအလုံးကို ပြန်မသိမ်းသေးဘူး” ဟု ၎င်းက မေလကုန်ပိုင်းတွင် ပြောသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီပိုင် စက်သည် 2.5MeV (million electron volt) စွမ်းအားသာရှိပြီး ကွန်တိန်နာအတွင်းကို ဖတ်သည့်အခါ ပစ္စည်းများ၏ ပုံရိပ်ပြတ်သားမှုအားနည်းသည့်အတွက် ထပ်မံအသုံးမပြုတော့သလို လက်ရှိအသုံးပြုနေသည့် x-ray စက်အားလုံးကိုလည်း ၂၀၁၉ ဒီဇင်ဘာ နောက်ဆုံးထားပြီး 6MeV စွမ်းအားရှိ စက်များနှင့် လဲလှယ်ရန် ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို ညွှန်ကြားထားသည်ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးအသစ်ဖြစ်လာသည့် ဦးစိုးဝင်းအောင်က ဇွန်လဆန်းတွင် ပြောသည်။

သို့ရာတွင် စက်စွမ်းအားလည်း 2.5MeV သာရှိပြီး လက်ရှိတွင်လည်း မလည်ပတ်သည့် အဆိုပါ စက်အမှတ်-၃ ကို လဲလှယ်ရန်ညွှန်ကြားထားသည့် 6MeV စက်နှင့် လဲလှယ်မည်လား၊ လက်ရှိစက်ဟောင်းနှင့် ပတ်သက်ပြီး မည်သို့လုပ်မည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပေ။

“စက်အမှတ်-၃ က အစကတည်းက ပယ်ဖျက်ထားပြီးသား။ စာရင်းထဲမှာကို မရှိတော့ဘူး။ သယ်ဖို့ပဲ ကျန်တော့တယ်။ အသုံးလည်းမပြုတော့ဘူး။ ဝန်ထမ်းတွေလည်း မချထားဘူး” ဟု ဦးစိုးဝင်းအောင်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်သည့် x-ray စက်အမှတ်-၃ မှရသည့် ဝင်ငွေနှင့် ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဦးသိန်းထွန်းဦး၊ ဒေါ်နန်းမြမြမီမီဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နှစ်ဦးတို့ကို ဆက်သွယ်သော်လည်း အသေးစိတ်မသိရှိဟုသာ ဖြေကြားသည်။ စီးပွားရေးနှင့် ပတ်သက်သည့် အသေးစိတ်ကိစ္စများအား ပါတီထိပ်ပိုင်းခေါင်းဆောင်များသာ သိရှိနိုင်မည်ဆိုသည့်အတွက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို ဆက်သွယ်မေးမြန်းထားသော်လည်း ဇွန် ၂ ရက်အထိ အကြောင်းပြန်ခြင်းမရှိသေးပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ပြောင်းလဲဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံရေးပါတီများအနက် ငွေကြေးအင်အားအတောင့်တင်းဆုံးပါတီတစ်ခုဖြစ်သည်။ သို့သော်လည်း ပါတီ၏ ဝင်ငွေကိစ္စများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။

ပြည်ခိုင်ဖြိုးပါတီသည် တစ်လလျှင်အသုံးစရိတ် သန်း ၁၄၀၀ ကျော် သုံးစွဲကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်များက ၂၀၁၅ ခုနှစ်တွင် ထုတ်ဖော်ပြောကြားထားသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ် သိန်း ၃၀ စီ ထောက်ပံ့ပေးခဲ့ကြောင်း ပါတီက ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ၁,၁၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ကျပ် ၃၄၀၂ သန်း အသုံးပြုခဲ့သည့်သဘောဖြစ်သည်။

ပြည်ခိုင်ဖြိုးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီဝင်အင်အား ငါးသန်းနီးပါးရှိသည့် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ပါတီရန်ပုံငွေအဖြစ် ပါတီဝင်တစ်ဦးလျှင် နှစ်စဉ်ကြေး ကျပ် ၁၀၀၀ ကောက်ခံသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Myanmar Now ကို မေလကုန်ပိုင်းတွင် ပြောသည်။

Show More

Related Articles

Back to top button