တာမွေရှိ ပြည်ခိုင်ဖြိုးပိုင် ကျူးအဆောက်အအုံလေးခုကို ဖယ်ရှားရန် စီစဉ်

ပြည်ခိုင်ဖြိုးပါတီက ကျူးအဆောက်အအုံများတွင် ဆိုင်ခန်းများဖွင့်လှစ်ခွင့်ပေးထားပြီး ရန်ပုံငွေရှာနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း ပါတီတာဝန်ရှိသူကမူ ပါတီရန်ပုံငွေမဟုတ်ဟုဆိုသည်

Published on Jun 4, 2020
ရန်ကုန်မြို့ တာမွေမြို့နယ် သတိပဌာန်လမ်းပေါ်ရှိ ဖြိုးစေတနာဆေးခန်းအဆောက်အအုံကို မေ ၂၇ ကတွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmr Now)
ရန်ကုန်မြို့ တာမွေမြို့နယ် သတိပဌာန်လမ်းပေါ်ရှိ ဖြိုးစေတနာဆေးခန်းအဆောက်အအုံကို မေ ၂၇ ကတွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmr Now)

အများပြည်သူပိုင်မြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် အဆောက်အအုံ လေးခုကို ဖယ်ရှားရန်စီစဉ်နေကြောင်း တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီကပိုင်ဆိုင်သည့် တာမွေမြို့နယ်၊ သတိပဌာန်လမ်းရှိ ‘ဖြိုးစေတနာ’ဆေးခန်း၊ ၁၃၅ လမ်းရှိ သစ်သားနှစ်ထပ် အဆောက်အအုံ၊ ဗျိုင်းရေအိုးစင်လမ်းရှိ အဆောက်အအုံနှင့် အရိုးကုန်းရပ်ကွက် လမ်းမြေပေါ်တွင်ဆောက်ထားသည့် အဆောက်အအုံများမှာ ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးနေပြီဖြစ်၍ ကျူးကျော်အဆောက်အအုံဖြစ်နေပြီဖြစ်ကြောင်း တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ဆိုသည်။

ယင်းကျူးအဆောက်အအုံ ၄ ခုနှင့်ပတ်သက်၍ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကတည်းက မြေယာကော်မတီသို့ စာတင်ထားခြင်းဖြစ်ပြီး မကြာခင်တွင် ‘ကျူးလွန်ခြင်းပြမြေပုံ’ ရရှိမည်ဖြစ်ကြောင်း၊ မြေပုံရရှိပါက ပါတီတာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံကာ အဆောက်အအုံများ ဖျက်ပေးရန် ပြောဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စာတင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး“ကျူးနေတာလည်း အမှန်ပဲဆိုတော့ အဲ့ဒါတွေကို လက်မှတ်ထိုးပြီးတော့ မနေ့ကပဲ တွဲဘက်အတွင်းရေးမှူးဆီကို တင်လိုက်ပြီ”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၆) မြို့တော်စည်ပင် မြေယာကော်မတီဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံး တွဲဖက်အတွင်းရေးမှူးရုံးခန်းသို့ သွားရောက်မေးမြန်းခဲ့ရာတွင် မြေယာကော်မတီမှတင်သည့်စာ ရောက်ရှိသည်မှာ မှန်ကန်ကြောင်း၊ ဆုံးဖြတ်ချက် ချပြီးပါက သက်ဆိုင်ရာစည်ပင်ကိုသာ ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း အဆိုပါရုံးခန်းမှ အမည်မဖော်ပြလိုသော အရာရှိတစ်ဦးကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက အဆိုပါကျူးအဆောက်အအုံများတွင် ဆိုင်ခန်းများဖွင့်လှစ်ခွင့်ပေးထားပြီး ပါတီရန်ပုံငွေရှာနေကြောင်း သတင်းများထွက်ပေါ်နေသည်။

တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကလည်း ကျူးအဆောက်အအုံအချို့တွင် ဈေးဆိုင်ခန်းများကို တွေ့ရှိရပြီး ငှားရမ်းခများ ပြည်ခိုင်ဖြိုးပါတီကို ပေးနေရသည်ဟု သိရကြောင်း Myanmar Now ကိုပြောသည်။

သတိပဌာန်လမ်းပေါ်မှ ပေ ၂၀ ပတ်လည်ခန့်ရှိ ‘ဖြိုးစေတနာ’ဆေးခန်းအနီးတွင် ဆိုင်ခန်းများဖွင့်ထားပြီး ယင်းဆိုင်ခန်းများထံမှ ငှားရမ်းခများကို ပြည်ခိုင်ဖြိုးပါတီက ပုံမှန်ရရှိနေကြောင်း ငါးကင်ရောင်းချသူတစ်ဦးက ပြောသည်။ တစ်လ ကျပ် ၇၀,၀၀၀ ခန့် ငှားရမ်းခပေးနေရသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် အဆိုပါဆေးခန်းအနီးတွင် လက်တွန်းလှည်းဖြင့် လာရောက်ရောင်းချလေ့ရှိသည့် လမ်းဘေးဈေးသည်များထံမှလည်း တစ်စီးလျှင် ကျပ် ၂,၀၀၀ ခန့် ပြည်ခိုင်ဖြိုးပါတီက ကောက်ခံကြောင်း ၎င်းကပြောဆိုသည်။

သို့သော် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးအောင်ခင်ကမူ ယင်းသို့ကောက်ခံခြင်း မရှိကြောင်း ငြင်းဆိုသည်။

“ဘယ်ဆေးခန်း ဘယ်နေရာမှာမှ ရန်ပုံငွေအတွက်ဆိုပြီး အငှားချထားတာ တစ်ယောက်မှမရှိဘူး။ မနက်ရော ညရော ဘယ်သူ့ဆီကမှ ရန်ပုံငွေ တစ်ပြားမှ မယူထားဘူး”ဟု ၎င်းကဆိုသည်။

၁၃၅ လမ်းရှိ ၁၀ ပေ ၅၅ ပေခန့်ရှိ သစ်သားနှစ်ထပ် အဆောက်အအုံမှာ ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ ‘ဖြိုးစေတနာ’အခမဲ့ဆေးခန်းဟု ဆိုင်းဘုတ်တပ်ထားပြီး အောက်ထပ်ကို ထမင်းဆိုင်ဖွင့်လှစ်သူကို ငှားရမ်းထားကာ ငှားရမ်းခအဖြစ် တစ်လ ကျပ်တစ်သိန်းခန့် ပါတီသို့ပေးသွင်းရကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

အဆိုပါထမင်းဆိုင်ဖွင့်ထားသူမှာ ပါတီဝင်ဖြစ်ပြီး အခန်းခသဘောမျိုးမဟုတ်ဘဲ အဆောက်အအုံပြင်ဆင်စရိတ်အဖြစ် ပါတီကိုပေးသွင်းခြင်းဖြစ်ကြောင်း ဦးအောင်ခင်ကဆိုသည်။

ကျန်အဆောက်အအုံ နှစ်ခုမှာ ဗျိုင်းရေအိုးစင်လမ်း (နား၊နှာခေါင်း၊လည်ချောင်း ဆေးရုံအနီး) ‘အမျိုးသမီးကယ်တင်ခြင်းတပ်’ ရုံးဘေးရှိ လမ်းကြားကိုပိတ်၍ ဆောက်ထားသည့် ပြိုကျပျက်စီးနေသည့် နှစ်ထပ်ပျဉ်ထောင် အဆောက်အအုံတစ်ခုနှင့် အရိုးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်တွဲလျက် ဆောက်ထားသည့် အနံ ၁၀ ပေ၊ အလျား ၂၅ ပေခန့်ရှိ နှစ်ထပ်ပျဉ်ထောင် အဆောက်အအုံတစ်ခုတို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူးရုံးနှင့် တွဲလျက်တည်ဆောက်ထားသည့် အဆိုပါအဆောက်အအုံ အပေါ်ထပ်တွင် ပါတီဝင်များနေထိုင်ပြီး အောက်ထပ်တွင် လူနေအခန်းငှားရမ်းထားကြောင်း မြို့နယ်စည်ပင်ကသိရသော်လည်း Myanmar Now က သွားရောက်ကြည့်ရှုရာတွင် အောက်ထပ်မှာ အငှားနေထိုင်သူမရှိတော့ဘဲ ဝါးလုံးတန်းများဖြင့် ခြံခတ်ကာရံထားသည်ကိုတွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီဘက်ကမူ တာမွေမြို့နယ်ရှိ ပါတီပိုင် အဆောက်အအုံလေးခုဖျက်သိမ်းရန် မြို့နယ်စည်ပင်က အကြောင်းကြားခြင်းမရှိသေးကြောင်း ပါတီ၏ ရန်ကုန်တိုင်းအတွင်းရေးမှူးဦးကျော်စိုးက တုံ့ပြန်သည်။

တာမွေရှိ အဆောက်အအုံလေးခု အပါအဝင် ပါတီပိုင်အဆောက်အအုံများ တရားမဝင်အဆောက်အအုံများ ဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်၍မူ ယင်းအဆောက်အအုံများတည်ဆောက်ခဲ့စဉ်က ၎င်းတာဝန်ယူထားသည့် ကာလမဟုတ်သည့်အတွက် မသိရှိကြောင်း ဦးကျော်စိုးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီက လူမှုရေးအသင်းအဖြစ်ရှိစဉ်က နိုင်ငံပိုင်မြေများပေါ်တွင် ဖြိုးစေတနာဆေးခန်းများ ဆောက်လုပ်ခဲ့ပြီး ရန်ကုန်တိုင်းတွင်လည်း ဖြိုးစေတနာဆေးခန်းအပါအဝင် အသင်းပိုင်အဆောက်အအုံများစွာရှိခဲ့သည်။

ယင်းအဆောက်အအုံများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ငှားရမ်းခ နှစ်စဉ်ပေးသွင်းကာ သက်တမ်းတိုးနေခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအဖြစ်ပြောင်းလဲချိန်တွင် ပါတီပိုင်အနေဖြင့် ဆက်ရှိနေခြင်းဖြစ်သည်။

သို့သော် ၂၀၁၆ မှစတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆက်လက်ပြီး သက်တမ်းတိုးခွင့် မပြုတော့သဖြင့် တရားမဝင်အဆောက်အအုံ အနေဖြင့်သာ ဆက်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

ယခုရက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပိုင် ကျူးအဆောက်အအုံများကို ဖယ်ရှားပေးရန် ညွှန်ကြားမှုများရှိခဲ့ပြီး မေလကုန်ပိုင်းကလည်း ရန်ကုန်တိုင်းအစိုးရ၏ လမ်းချဲ့ရေးစီမံချက်ဆောင်ရွက်ရာတွင် မလွတ်ကင်းသဖြင့် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ‘ဖြိုးစေတနာ’ဆေးခန်း အဆောက်အအုံကို ဖျက်သိမ်းခိုင်းခဲ့သည်။

ယင်းအပြင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟောင်းမြေနေရာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ထားသော ခွင့်ပြုမိန့်ကုန်ဆုံးနေပြီဖြစ်သည့် အဆောက်အအုံဟောင်း တစ်ခုကိုလည်း အန္တရာယ်ရှိအဆောက်အအုံဖြစ်နေ၍ ဖြိုချဖျက်ဆီးပြီး နိုင်ငံပိုင်မြေအဖြစ် ပြန်လည်သိမ်းယူခဲ့သည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကိုလည်း နိုင်ငံပိုင်အဖြစ် ပြန်လည်သတ်မှတ်ပေးရန် အဆိုပါမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားသောကြောင့် နိုင်ငံပိုင်ရရှိရေးလုပ်ဆောင်ရန် ရန်ကုန်တိုင်းအစိုးရက မေ ၁၄ တွင် စာထုတ်ညွန်ကြားထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ - ၃၁၀ (ခ)အရ ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ သက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထား ရယူခြင်းမရှိဘဲ အဆောက်အအုံဆောက်ထားပြီး ဆက်လက်နေထိုင်ပါက နေ့စဉ်ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ချမှတ်ရမည်ဟုပါရှိသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading