အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုပ်ခလစာမပေးသည့် တောင်ဒဂုံအထည်ချုပ်စက်ရုံကို တရားစွဲရန် အစိုးရစီစဉ်

စက်ရုံအလုပ်သမားများ၏ လုပ်ခလစာများကို မပေးချေဘဲ စက်ရုံပိတ်ထားသည့် တောင်ဒဂုံမြို့နယ်ရှိ Euro Gate အထည်ချုပ်စက်ရုံပိုင်ရှင်ကို တရားစွဲရန်စီစဉ်နေပြီဖြစ်ကြောင်း မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေ၊ စစ်ဆေးရေးဦးစီးဌာနရုံး တာဝန်ရှိသူကပြောသည်။

အလုပ်သမားများကို လုပ်ခလစာမပေးသည့် Euro Gate အထည်ချုပ်စက်ရုံပိုင်ရှင်ကို မနက်ဖြန် (မေ ၂၀) တောင်ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အဆိုပါရုံးမှ ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းကဆိုသည်။ သို့သော် တရားစွဲဆိုမည့် ဥပဒေနှင့်ပုဒ်မကို ပြောဆိုခြင်းမရှိပေ။

အလုပ်သမားများကို လုပ်ခလစာပေးချေမှုမရှိပါက အခကြေးငွေပေးချေရေးဥပဒေဖြင့် တရားစွဲဆိုလေ့ရှိပြီး စွဲဆိုသည့်ပုဒ်မပေါ် မူတည်၍ ပြစ်မှုပြစ်ဒဏ်အမျိုးမျိုးရှိကာ ငွေဒဏ်အပြင် ထောင်ဒဏ် ၆ လအထိ အများဆုံးချမှတ်ခံရနိုင်ကြောင်း ရှေ့နေများကဆိုသည်။

Euro Gate စက်ရုံမှာ ဂျာမနီနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတို့ ဖက်စပ်တည်ထောင်ထားပြီး အလုပ်သမား ၇၀၀ ကျော်ဖြင့် အားကစားဝတ်စုံများချုပ်လုပ်၍ ပြည်ပတင်ပို့သည့် အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်သည်။

ယင်းအပြင် အလုပ်သမားများထံမှ လူမှုဖူလုံရေးကြေး ဖြတ်တောက်ပြီး လူမှုဖူလုံရေးအဖွဲ့ကို မပေးသွင်းသဖြင့် လူမှုဖူလုံရေးဥပဒေဖြင့်လည်း တရားစွဲဆိုထားကြောင်း မြို့နယ်လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။ သို့သော် အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိပေ။

ယင်းစက်ရုံမှာ သင်္ကြန်ကာလမှစ၍ စက်ရုံကိုပိတ်ထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ကြေညာခြင်းမရှိသလို အလုပ်သမားများကို မတ်လနှင့် ဧပြီလအတွက် လုပ်ခလစာ ကျပ်သိန်း ၁၀၀၀ နီးပါးကိုမပေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် Labor Power Group မှ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးကလည်း ပြောဆိုသည်။

လုပ်ခလစာကြွေးကျန်ရရှိရေးအပြင် စက်ရုံရပ်နားလိုက်ပါက အလုပ်သမားများအတွက် အလုပ်ထုတ်နစ်နာကြေး ရရှိရန်လည်းလိုကြောင်း ၎င်းကဆိုသည်။

ထိုစက်ရုံသည် ၂၀၁၉ ဇူလိုင်မှစ၍ အလုပ်သမားများကို လခပေးချေရန် နောက်ကျလေ့ရှိပြီးလခမရရှိ၍ အလုပ်ထွက်သွားသော အလုပ်သမားများလည်း ရှိနေကြောင်း ၎င်းကဆိုသည်။

အလုပ်သမားများကို လစာပေးချေခြင်းမရှိသည့်အပေါ် Euro Gate အထည်ချုပ် စက်ရုံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပေ။

မြန်မာနိုင်ငံ၏ ၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ် ခြောက်မျိုးရှိသော်လည်း လက်ရှိတွင် ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ် တို့အတွက် အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်းဖြင့် လစဉ်ထည့်ဝင်ရခြင်းဖြစ်သည်။

လုပ်ငန်းများအနေဖြင့် လူမှုဖူလုံရေးအာမခံအတွက် လစဉ်ပေးသွင်းကြရမည်ဖြစ်ပြီး အလုပ်ရှင်က ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်လျှင်ပေးရသည့် ဒဏ်ကြေးများကိုပေးသွင်းရန် တမင်ပျက်ကွက်ပါက တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

ကိုဗစ်နိုင်တင်းရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံရှိ အထည်ချုပ်အပါအဝင် စက်ရုံအများအပြား ကုန်ကြမ်းပြတ်လပ်သဖြင့်ဆိုကာ အလုပ်သမားလျှော့ချမှု၊ စက်ရုံပိတ်သိမ်းမှုများရှိခဲ့ပြီး ရွှေပြည်သာနှင့် လှိုင်သာယာတို့ရှိ အထည်ချုပ်စက်ရုံနှစ်ရုံမှ လုပ်ငန်းရှင်များ ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button