သတင်း

အရေးပေါ်ဆန်ထားရန် ပုဂ္ဂလိကပိုင်ဂိုဒေါင်ငှားရမ်းခ လစဉ်သိန်း ၁၀၀၀ နီးပါးကုန်ကျ

ကိုဗစ်နိုင်တင်းကာလအတွက် အရန်ဆန်များသိုလှောင်ထားရန် အစိုးရပိုင်ဆန်ဂိုဒေါင်မလုံလောက်သည့်အတွက် ပုဂ္ဂလိကဆန်ဂိုဒေါင်များကို လစဉ်သိန်း ၁၀၀၀ နီးပါးဖြင့် ငှားရမ်းအသုံးပြုနေရသည်။

အရန်ဆန်အိတ် ၁၀ သိန်း ဝယ်ယူသွားရန်ရှိပြီး မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ရှိ အစိုးရပိုင် ဂိုဒေါင်နှစ်လုံးတွင် ဆန်အိတ် ၅၀,၀၀၀ ခန့်သာဆံ့သည့်အတွက် ပုဂ္ဂလိကဆန်ဂိုဒေါင်များတွင် ထားရှိနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသိုင်းအဝိုင်းတို့က ပြောသည်။

ငှားရမ်းမည့်ပုဂ္ဂလိကဂိုဒေါင်များမှာ ရန်ကုန်မြို့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်များတွင် ရှိသည်ဟု အထက်ပါသတင်းရင်းမြစ်များကပြောသည်။

ပုဂ္ဂလိကပိုင်ဂိုဒေါင်များတွင် ထားရှိရသည့်အတွက် ထားရှိခအဖြစ် အရန်ဆန်တစ်အိတ်လျှင် တစ်လ ကျပ် ၁၀၀ နှုန်း ဂိုဒေါင်ပိုင်ရှင်ကို ပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကျခံပေးမည်ဖြစ်ကြောင်း၊ ယင်းကြောင့်ဆန်သိုလှောင်မှုအတွက် နိုင်ငံတော်က ကုန်ကျစရိတ်မရှိကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

ဆန်အိတ် ၉၅၀,၀၀၀ ထားရန်အတွက် ကျပ်သိန်း ၉၅၀ လစဉ်ကုန်ကျမည်ဖြစ်ပြီး ယခုလမှ စတင်ပေးဆောင်ရမည်ဖြစ်ဖြစ်ကြောင်း၊ နှစ်လအတွင်း ဆန်အိတ် ခြောက်သိန်းခန့် ဝယ်ယူသိုလှောင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ဈေးကွက်မှာပေါက်နေတဲ့ ဈေးထက် အများကြီးသက်သာတဲ့နှုန်းပေါ့နော်။ ဒီနှုန်းနဲ့က ဘယ်သူမှ လုပ်မပေးနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

ပြင်ပဈေးကွက်တွင် ဂိုဒေါင်ငှားရမ်းခအဖြစ် ဆန်တစ်အိတ်အတွက် ကျပ် ၅၀၀ နှုန်းခန့်ဖြစ်သည်ဟု ဆန်စပါးကုန်သည် အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ယခုလအတွင်းပြည်ပကို ဆန်တန်ချိန်တစ်သိန်းခွဲကျော် တင်ပို့ခွင့်ပြုထားပြီး အဆိုပါဆန်များ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော တန်ချိန် ၁၅,၀၀၀ (ဆန်အိတ် သုံးသိန်း)ကို အစိုးရကဝယ်ယူမည်ဖြစ်ရာ ယင်းအတွက် သိုလှောင်ခအဖြစ် ကျပ်သိန်း ၃၀၀ ကို ယခုလကုန်တွင် စတင်ပေးဆောင်ရမည် ဖြစ်သည်။

အစိုးရပိုင်ဂိုဒေါင်များ ရာနှင့်ချီရှိသော်လည်း လုပ်ငန်းရှင်များကို နှစ်ချုပ်ဖြင့်ငှားထားခြင်း၊ အချို့မှာ ပုဂ္ဂလိကပိုင်ဖြစ်သွားခြင်း၊ အချို့မှာပျက်စီးနေခြင်းနှင့် အချို့ဂိုဒေါင်များသည် လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်နေရာတွင်ရှိခြင်း စသည်တို့ကြောင့် အသုံးပြု၍မရဖြစ်နေကြောင်း ဦးရဲမင်းအောင်ကပြောသည်။

“နေရာကောင်းတွေ အကုန်လုံးက ၂၀၀၉၊ ၂၀၁၀ ကတည်းက အတော်များများကို ပုဂ္ဂလိကပိုင်အဖြစ်ကို လုပ်ခဲ့ပြီးပြီ။ အခုကျန်တဲ့ နိုင်ငံပိုင်ဂိုဒေါင်တွေသည် တကယ့်အချက်အချာကျတဲ့ စက်မှုဇုန်တွေမှာ မရှိဘူး”ဟု ၎င်းကပြောသည်။

အစိုးရပိုင်ဂိုဒေါင်အချို့ကို ပြန်ပြင်ဆင်ပါကလည်း ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ပုဂ္ဂလိကပိုင် ဆန်ဂိုဒေါင်များတွင် ထားရှိခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က Myanmar Now ကိုပြောသည်။

“ရေကြီးမိုးခေါင်လောက်ပဲ ထားနိုင်တဲ့ တန်ချိန် ၂၀၀၀၊ ၃၀၀၀ ဒါလောက်တော့ရှိတာပေါ့။ တန်ချိန်ငါးသောင်းလောက်တော့ ဘယ်ရှိတော့မှာလဲ”ဟု ၎င်းကပြောသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း ကမ္ဘာနှင့်အဝန်း စားနပ်ရိက္ခာမလုံလောက်မှုရှိနေသည့်အတွက် ပြည်တွင်းစားနပ်ရိက္ခာ လုံလောက်မှုရှိစေရန် အရန်ဆန်(အရေးပေါ်ရိက္ခာ)အဖြစ် တန်ချိန် ငါးသောင်းဝယ်ယူသိုလှောင်ထားရန် မြန်မာအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။

နောက်ငါးလအတွင်း ပြည်ပကို ဆန်တန်ချိန် ငါးသိန်းခန့်တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပြီး အဆိုပါဆန်များ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် တန်ချိန် ငါးသောင်းကို အရန်ဆန်အဖြစ် ဝယ်ယူသွားမည်ဖြစ်သည်။

အရန်ဆန်တစ်အိတ်လျှင် အလေးချိန် ၁၀၈ ပေါင်ပြည့်ရမည်ဖြစ်ပြီး ဆန်ကွဲ ၂၅ ရာခိုင်နှုန်း၊ ဆန်သား ၇၅ ရာခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန်အမျိုးအစားဖြစ်ရမည့်အပြင် ပြီးခဲ့သည့်တစ်နှစ်အတွင်းမှ ထွက်ရှိထားသောစပါးကို ကြိတ်ထားသည့်ဆန် ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ယင်းဆန်တစ်အိတ်လျှင် ကျပ် ၂၁,၆၀၀ နှုန်းဖြင့် ပေါက်ဈေးထက် ကျပ် ၁၅၀၀ ခန့်လျှော့ပြီး အစိုးရက ဝယ်ယူနေခြင်းဖြစ်သည်။ အရန်ဆန်အိတ် ဆယ်သိန်းအတွက် ကျပ် ၂၁ ဘီလျံ ကုန်ကျမည်ဖြစ်သည်။

ကိုဗစ်နိုင်တင်းရောဂါကြုံတွေ့နေရချိန်တွင် ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေး၊ ရိက္ခာဖူလုံမှုရှိစေရေးအတွက် ဆန်နှင့်ဆီ ကျပ် ၃၈ ဘီလျံဖိုး ဝယ်ယူသိုလှောင်ရန် စီစဉ်နေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button