အာဘော်

မုန်တိုင်းဝင်တော့မည့်အချိန်တွင် စစ်ခေါင်းဆောင် ဘုရားဖူးထွက်နေ

မိုခါမုန်တိုင်း မြန်မာပြည်ကို ဝင်မည့်အချိန်ကို ကြိုတင်သိရှိသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့များ မုန်တိုင်းကာကွယ်ရေးအတွက် အလုပ်များနေကြစဉ် အာဏာသိမ်း စစ်ခေါင်းဆောင်မှာ ဘုရားဖူးထွက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကို အပြတ်ရှင်းမည်ဟု ကြုံးဝါးခဲ့သည်။

မေ  ၁၂ တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ စစ်သည်များနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က အာဏာသိမ်းရခြင်းမှာ မဲမသမာမှုကြောင့် ဖြစ်သည်၊ PDF များကို အပြတ်ရှင်းမည်ဟု ပြောကြားပြီး နောက်တစ်နေ့ မေ ၁၃ တွင် ထိုမြို့ရှိ မဟာဗောဓိစေတီတွင် ထီးတင်ပွဲ တခမ်းတနား လုပ်ခဲ့သည်။ 

ထီးတင်သည့်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက မုန်တိုင်းကို အန္တရာယ်ရှိအဆင့် အနီရောင် သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံသို့ အန္တရာယ်ရှိမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက သတိပေးထားသည့်တိုင် စစ်ခေါင်းဆောင်များက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်းကို ဦးစားပေး စီမံရန် ပျက်ကွက်ခဲ့ကြောင်း ထိုလုပ်ရပ်များက သက်သေခံနေသည်။

ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် လူပေါင်း ရာနှင့်ချီ သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူ၊ နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာအတွက် တာဝန်ရှိသူ၊ လူပေါင်း သောင်းနှင့်ချီကို ထောင်သွင်းအကျဉ်းချထားသူ စစ်ခေါင်းဆောင်သည် မေလ ၁ ရက်မှ မေလ ၁၂ ရက်အထိ ၁၀ ရက်ကျော်အတွင်း ယင်း၏သရုပ်မှန်နှင့် မကိုက်ညီသည့် လုပ်ဇာတ်များကို ဆက်တိုက် ကပြနေခဲ့သည်။

မေ ၁ တွင် နေပြည်တော် မာရဝိဇယ (မာရ်နတ်ကို အောင်မြင်သည့် ဘုရား) ရုပ်ပွားတော်ကို သွားသည်၊ မေ ၃ တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတွင် ညောင်ရေသွန်းသည်၊ မေ ၁၃ တွင် သူကိုးကွယ်သည့် ဝစီပိတ်ဆရာတော်၊ သီတဂူဆရာတော်တို့နှင့်အတူ ကျိုင်းတုံတွင် စေတီ  ထီးတင်ခြင်းတို့ဖြင့် မရောင်ရာ ဆီလူးကာ မုန်တိုင်းအရေး ဒုက္ခရောက်မည့် အခြေအနေကို လျစ်လျူထားခဲ့သည်။

မုန်တိုင်းသတင်း ထုတ်ပြန်ရန် တုံ့ဆိုင်းနေသည့် စစ်ကောင်စီထိန်းချုပ် မီဒီယာများ

သဘာဝဘေးအန္တရာယ်ကို ကာကွယ်ရန် သတင်းအချက်အလက် စီးဆင်းမှုသည် အရေးပါသည့်တိုင် စစ်ကောင်စီ ထိန်းချုပ်ထားသော မီဒီယာများတွင် မုန်တိုင်းသတင်းဖော်ပြရာတွင် တုံ့ဆိုင်းနေသည်ကို တွေ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးချက်နှင့် ညှိနှိုင်းဆောင်ရွက်ရေးစနစ် GDACS၊ ကုလသမဂ္ဂ ဂြိုဟ်တုတိုင်းထွာရေးအဖွဲ့ UNOSAT တို့က မုန်တိုင်း ဝင်ရောက်လာမည့်နေ့ရက်၊ လမ်းကြောင်း၊ အချိန်များကို ဂြိုတ်တုရုပ်ပုံများဖြင့် မေလဆန်းပိုင်းမှ စတင်ကာ ဖော်ပြခဲ့ကြသည်။

ဆိုင်ကလုံးကြောင့် လူပေါင်း ၁၆ သန်း ထိခိုက်မည်၊ ထောင်ပေါင်းများစွာသော နေအိမ်များ ပျက်စီးမည်ဟု သတိပေးခဲ့ကြသည်။

စစ်ကောင်စီမီဒီယာများတွင်မူ မုန်တိုင်း ဝင်ရောက်နိုင်ကြောင်း မေလ ၆ ရက် ရောက်မှသာ စတင်ကြေညာသည်။

မေ ၆ ရက်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲသို့ တက်ရောက်သတင်းယူနိုင်ကြောင်း ကြေညာချက်များသာ စစ်ကောင်စီ သတင်းစာများတွင် နေရာယူထားပြီး လူပေါင်းသန်းချီ ဒုက္ခဝေမည့် မုန်တိုင်းသတင်းမှာ မှေးမှိန်နေခဲ့သည်။ အကယ်ဒမီပေးပွဲသို့ တက်ရောက်ဆုပေးသည့် အာဏာသိမ်း ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီးစိုးဝင်း၏သတင်းမှာ သတင်းစာမျက်နှာဖုံးအပြည့် နေရာယူခဲ့ပြီး မုန်တိုင်းဝင်ရောက်မည့်သတင်းကို နောက်ကျောဖုံးတွင် မထင်မရှားကော်လံတစ်ခုဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။

မေ ၁၂ တွင် မုန်တိုင်းကို အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီက အနီရောင်အဆင့် သတ်မှတ်ခဲ့ပြီး မုန်တိုင်းဝင်ရောက်ရန် ရာခိုင်နှုန်းပြည့်သေချာသည့်တိုင် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်မည့် နည်းလမ်းများကို သတင်းစာများတွင် ဖော်ပြသည်ကို မတွေ့ရပေ။ မုန်တိုင်းဝင်သည့်နေ့ မေ ၁၄ တွင်မှ မုန်တိုင်းပညာပေးနည်းလမ်းများ ထည့်သွင်း ဖော်ပြသည်ကိုလည်း တွေ့ရသည်။

ထိုကော်မတီ အရေးပေါ်အစည်းအဝေးကို မေလ ၆ ရက်တွင် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်ပြုလုပ်ခဲ့သည်။ မင်းအောင်လှိုင်ပါဝင်သည့် အရေးပေါ်အစည်းအဝေးကိုမူ မုန်တိုင်းဝင်ရန် ၃ နာရီအလို မေ ၁၄ မနက်ပိုင်းတွင်မှ ပြုလုပ်သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် ဆန်နှင့် ရိက္ခာများ ကြိုတင်ပြင်ဆင်ထားရန် စစ်ခေါင်းဆောင်က မှာကြားခဲ့သည်။

ကွဲပြားသည့် ပျက်စီးမှုများနှင့် လူသေဆုံးမှု

မုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ်များရှိ ကျေးရွာရပ်ကွက်များမှ လူနေအိမ်ပေါင်း ၈၆၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ တိုင်၊ လမ်းမီးတိုင် ၇၁ တိုင်နှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၃၈ လုံး ပျက်စီးခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာများက ဆိုသည်။ လူ ၃ ဦးသာ သေဆုံးသည်ဟုလည်း ဖော်ပြသည်။

သို့သော် Myanmar Now က ဆက်သွယ်၍ ရခဲ့သော ရခိုင်ဒေသခံတစ်ဦး၏ အဆိုအရ စစ်တွေမြို့တွင် အိမ်ခြေ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးနေကာ ဓာတ်တိုင်များ ကျိုးပျက်နေပြီး ပင်လယ်ကမ်းစပ် နီးသည့် ရပ်ကွက်များဖြစ်သည့် ရွှေပြား၊ မိဇံ၊ ကျေးတောရွာမ၊ ကျေးတော ပိုက်ဆိပ် ကျေးရွာများတွင် ပိုမို အပျက်အစီးများသည်ဟု ဆိုသည်။ ကနဦးသတင်းများအရ စစ်တွေရှိ နာဇီရပ်ကွက်တွင် အိမ်ခြေ ၁၀၀ ပျက်စီးသွားကြောင်း သိရှိရသည်။

ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်း အိမ်ခြေရာနှင့်ချီရှိသည့် ကျေးရွာအများအပြားမှာ ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ရုပ်ချောင်းရွာတွင် အခိုင်အမာတည်ဆောက်ထားသည့်အလယ်တန်းကျောင်းခွဲ စာသင်ကျောင်း၊ ပျဉ်ထောင်အိမ်များ အပါအဝင် နေအိမ်အဆောက်အအုံ အားလုံးနီးပါး ပျက်စီးသွားကြောင်း မြောက်ဦးမြို့နယ်၊ ရုပ်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ကျောက်တော်မြို့နယ် စေတီတောင်နှင့် အုပ်ကြွပ်ရွာ ဒေသခံအချို့ကလည်း အိမ်ခြေရာနှင့်ချီ ပျက်စီးသွားဟု ပြောသည်။ အိမ်ခြေ ၂၉၀ ရှိ အုပ်ကြွပ်ရွာ၌ အိမ် ၁၀ လုံးခန့်သာ ကျန်ပြီး အိမ်အများစု ပြိုကျသွားခြင်းဖြစ်သည်။

ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရွာတွင် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ပြောသည်။ မောင်တော – အငူမော်ကားလမ်းဘေးရှိ ဒုံးပိုက်ရွာမှ ဒေသခံများမှာ မုန်တိုင်းအန္တရာယ်မှ ကင်းလွတ်ရေး ခေတ္တခိုလှုံနေသည့် ဓမ္မာရုံပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၁၄ ဦးတွင် ၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီး ၉ ဦး သေဆုံးသွားသည်ဟု ဆိုသည်။

မိုခါမုန်တိုင်း ဖြတ်သန်း တိုက်ခတ်သွားပြီးနောက် စစ်တွေမြို့ ခေါင်းဒုက္ကာ ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ ကျိုးသွားသော တံတားအနီး ဖြတ်သန်းသွားလာနေသူများကို မေ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-SAI AUNG MAIN/AFP via Getty Images)

ထို့အပြင် စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်ဘေးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ရေလွှမ်းမိုးခံခဲ့ရ၍ ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေသည်ဟု မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည်အများစုမှာ ပင်လယ်ကမ်းရိုးတန်းဘေးရှိ ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp, ဒါးပိုင်၊ အုန်းတောကြီး၊ ဘောဒူဗနှင့် ဗေဒကျေးရွာတို့မှ ရိုဟင်ဂျာဒုက္ခသည်များဖြစ်ပြီး ရာနှင့်ချီပြီး ပျောက်ဆုံးနေဆဲဖြစ်သည်ဟုလည်း ဒုက္ခသည်တို့က ဆိုသည်။

နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး မုန်တိုင်းတိုက်ခတ်မှုအဖြစ် ၂၀၀၈ ခုနှစ် မေလအတွင်း နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသကို တစ်နာရီမိုင် ၁၃၀ ကျော်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထိုဖြစ်ရပ်တွင်လည်း ထိုစဉ်က စစ်အစိုးရ၏ လူသေဆုံးမှုထုတ်ပြန်ချက်နှင့် ကုလသမဂ္ဂအေဂျင်စီများနှင့် လွတ်လပ်သည့် အဖွဲ့အစည်းများ၏ လူသေဆုံးမှုခန့်မှန်းချက် အလွန်ကွာခြားသည်ကို တွေ့ရသည်။

ဦးသိန်းစိန် ဝန်ကြီးချုပ်တာဝန်ယူသော ထိုစဉ်က စစ်အစိုးရ၏ နာဂစ်မုန်တိုင်းနှင့် ပတ်သက်သည့် လူသေဆုံးမှုထုတ်ပြန်ချက်တွင် လူပေါင်း ၈၄,၅၃၇ ဦး သေဆုံးကာ ပျောက်ဆုံးသူ ၅၃,၈၃၆ ဦး ရှိသည်ဟုဆိုသည်။ ပျောက်ဆုံးသူ ၅၀,၀၀၀ ကျော်၏ နောက်ဆက်တွဲအခြေအနေကိုမူ စစ်အစိုးရက ထပ်မံ ထုတ်ပြန်ခြင်းမရှိပါ။ နာဂစ်မုန်တိုင်းအတွင်း သေဆုံးသူအရေအတွက် ၁၄၀,၀၀၀ ဦး ရှိနိုင်သည်ဟု ကုလအေဂျင်စီများက ခန့်မှန်းထားကြသည်။

အလှူလက်ဖက်နှင့် မျက်နှာလုပ်သည့် စစ်ခေါင်းဆောင်

မိုခါမုန်တိုင်း မဝင်ရောက်မီ ထိခိုက်နိုင်သည့် လူဦးရေအရေအတွက်ကို မေ ၁၃ တွင် ကုလသမဂ္ဂ ဂြိုဟ်တုတိုင်းထွာရေးအဖွဲ့ UNOSAT က လေ့လာထားရာ လူပေါင်း ၁၆ သန်း ထိခိုက်နိုင်သည်ဟု ဆိုထားသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ ၂ သန်း၊ စစ်ကိုင်းတိုင်းမှ ၅ သန်းခွဲကျော် ပါဝင်သည်။ တိကျ သေချာသည့် ထိခိုက်ပျက်စီးမှုများ ထပ်မံမထွက်ပေါ်လာသေးသော်လည်း မုန်တိုင်းဒဏ်ခံ ဒေသများတွင် ထိခိုက်ပျက်စီးမှုများအတွက် အကူအညီများ လိုအပ်မည်မှာ သေချာလျက်ရှိနေသည်။

မုန်တိုင်းဝင်မည့်ဆဲဆဲတွင် ဘုရားဖူးနေသည့် စစ်ခေါင်းဆောင်သည် မုန်တိုင်းဝင်ရောက်ပြီးနောက် အလှူခံရန် ယင်းထိန်းချုပ်ထားသည့် မီဒီယာများမှတစ်ဆင့် လူလုံးထွက်ပြလာသည်။ မေ ၁၆ သတင်းစာတွင် ဖော်ပြချက်အရ အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ ရရှိထားသည်ဟုဆိုသည်။ ထိုအထဲမှ သိန်းပေါင်း ၇၀,၀၀၀ ကို ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် သုံးသွားမည်ဟုဆိုသည်။ ကျန်ငွေကို မုန်တိုင်းဒဏ်ခံ အခြားဒေသများသို့ ခွဲဝေလှူဒါန်းမည်ဟု ဆိုသည်။

မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် အလှူငွေလက်ခံနေသည့် စစ်ခေါင်းဆောင်။

ဆင့်ပါးစပ် နှမ်းပက်သည့် အကူအညီနှင့် ပျောက်ဆုံးနေသော အရေးပေါ် ရန်ပုံငွေ

လတ်တလောတွင် စစ်တပ်က စစ်တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကြက်ဥ အလုံး ၂၀,၀၀၀၊ ကြက်သား ပိဿာ ၅၀၀၊ လူ ၅ ဦးစာ ရိက္ခာထုပ် အထုပ် ၆,၀၀၀၊ ဆန် ၅ ပြည်ဝင်အိတ် ၁၀,၀၀၀ နှင့် အခြားဌာနများက အိမ်ဆောက်ပစ္စည်းများ၊ လူမှုဝန်ထမ်းဝန်ကြီးဌာနက ဆန်တန်ချိန် ၆၂၅ တန် လှူဒါန်းသည်ဟု ဆိုသည်။

စစ်တွေမြို့နယ်တွင် ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ၃၁၅,၈၁၄ ဦး ရှိသည်ဟု ဆိုသည်။ ဒေသတွင်းသတင်းများအရ စစ်တွေမြို့နယ်တစ်ခုလုံး မုန်တိုင်းဘေးသင့်ခဲ့ကြရာ စစ်တပ်က လှူဒါန်းသည့် ကြက်ဥ အလုံး ၂၀,၀၀၀ ကို စစ်တွေမြို့နယ်နေ လူဦးရေနှင့် အချိုးကျ တွက်ချက်ကြည့်မည်ဆိုပါက ကြက်ဥတစ်လုံးကို လူ ၁၆ ယောက် မျှဝေ စားသောက်ရမည့် အခြေအနေဖြစ်နေသည်။

စစ်ကောင်စီဌာနဆိုင်ရာများမှ လှူဒါန်းမှုများသည် ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့ ဖြစ်နေသော်လည်း ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်အရလည်းကောင်း သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည်။ ၂၀၂၃ − ၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပြည်နယ်နှင့်တိုင်း တစ်ခုချင်းစီအတွက် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ စီ သုံးစွဲနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဥပဒေအရ အရေးပေါ်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ကို ထုတ်သုံးကာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်သည် ထိုအရေးပေါ်ရန်ပုံငွေနှင့် ပတ်သက်၍ စကားဦးပင်မသန်းဘဲ ဘုရားဖူးထွက်ကာ နိုင်ငံတကာထံမှ အကူအညီများ၊ အလှူငွေများကို မျှော်လင့်နေမည် ဖြစ်သည်။

ပင်လယ်နှင့် မဝေးသော ဒုက္ခသည်စခန်းများကို မုန်တိုင်းဘေးလွတ်ရန် အရေးပေါ် ရွှေ့ပြောင်းရေးထက် PDF ရှင်းလင်းရေး အကြောင်းပြပြီး မြန်မာပြည်အလယ်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုးရေးကို ပိုပြီး ဦးစားပေးခဲ့သည်ကို တွေ့ရသည်။

သဘာဝဘေးကျရောက်တိုင်း စွန့်စားလုပ်ကိုင်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ရန် လမ်းဖွင့်ပေးခြင်း မပြုခဲ့ပေ။

အာဏာသိမ်းခေါင်းဆောင်တို့၏ တလွဲတချော် စီမံခန့်ခွဲခြင်း၊ မုန်တိုင်းအလွန်ကာလ အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များကို လုံခြုံရေးအကြောင်းပြု ဟန့်တားခြင်းတို့ကို လာမည့်ရက်ပိုင်းအတွင်း ဆက်တိုက် တွေ့ရဖွယ်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More
Back to top button