သတင်း

မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် အိမ်ခြေအများအပြား ပျက်စီး

အလွန့်အလွန်ပြင်းထန်သည့် မိုခါဆိုင်ကလုန်းသည် ယမန်နေ့ (မေ ၁၄) နေ့လယ် ၁၂ နာရီခွဲတွင် မူလ ခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်သော လေပြင်းများဖြင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှစ်ခုကြားမှနေ၍ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ဗဟိုပြု၍ ဖြတ်သန်းဝင်ရောက်ခဲ့သည်။ လေးတိုက်နှုန်း တစ်နာရီလျှင်မိုင် ၁၄၀ ကျော်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ဖွန်းမုန်တိုင်းများအကြောင်း သတိပေးစင်တာ Joint Typhoon Warning Center က ဆိုသည်။

ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် ဆက်နေသည့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတမ်းရှိ အနိမ့်ပိုင်းဒေသများတွင် မုန်တိုင်းဒီရေလှိုင်းသည် ၉ ပေမှ ၉ ပေခွဲထိ မြင့်တက်ခဲ့ကြောင်း စစ်တွေမြို့နေရာအများအပြားတွင် ရေလွှမ်းမိုးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရှိရသည်။

မုန်တိုင်းကြောင့် စစ်တွေ၊ မြောက်ဦး၊ ဂွနှင့် ရခိုင်ပြည်နယ်မှ အခြားမြို့များတွင် လျှပ်စစ်ဓာတ်အားပေးတိုင်များ လဲကျခြင်း၊ အိမ်အချို့ အလုံးလိုက် ပြိုကျခြင်းနှင့် အိမ်အမိုးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မေ ၁၄ ရက်နေ့က တွေ့ရသည့် အပျက်အစီးများ။ (Getty Images)

စစ်တွေမြို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးသွား၍ အဆက်အသွယ်များ ပြတ်တောက်နေသော်လည်း ယနေ့မနက် Myanmar Now က ဆက်သွယ်၍ ရခဲ့သော ဒေသခံတစ်ဦး၏ အဆိုအရ မြို့၏ အိမ် ၉၀ ရာခိုင်နှုန်းကျော်ခန့် ပျက်စီးနေကာ ဓာတ်တိုင်များ ကျိုးပြတ်နေပြီး ပင်လယ်ကမ်းစပ်နှင့် နီးသည့် ရပ်ကွက်များဖြစ်သည့် ရွှေပြား၊ မိဇံ၊ ကျေးတောရွာမ၊ ကျေးတော ပိုက်ဆိပ် ကျေးရွာများတွင် ပိုမိုအပျက်အစီးများသည်ဟု ၎င်းက ပြောသည်။

ကနဦးသတင်းများအရ စစ်တွေရှိ နာဇီရပ်ကွက်တွင်လည်း အိမ်ခြေ ၁၀၀ ပျက်စီးသွားကြောင်း သိရှိရသည်။

https://www.facebook.com/than.tun.927543/videos/771164434589708

ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်း အိမ်ခြေ ရာနှင့်ချီရှိသည့် ကျေးရွာအများအပြားမှာ ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်၊ ရုပ်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက ၎င်းတို့ရွာမှာ မုန်တိုင်း၏ ကနဦး ကာလမှာပင် အကြီးအကျယ် ပျက်စီးသွားသည်ဟု Myanmar Now ကို ပြောသည်။

“အခိုင်အမာအိမ်တွေလည်း ပါသွားတယ်။ ပျဉ်ထောင်အိမ်တွေရော အကုန်လုံးပါသွားတာပဲ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူးဗျ။ စာသင်ကျောင်းလည်း အကုန်လုံးပါသွားတယ်။ တစ်ဆောင်ပဲ ကျန်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေ ၁၄ ရက်နေ့က တွေ့ရသည့် အပျက်အစီးများ။ (Getty Images)

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ရုပ်ချောင်းရွာတွင် အခိုင်အမာတည်ဆောက်ထားသည့် အလယ်တန်းကျောင်းခွဲ စာသင်ကျောင်း၊ ပျဉ်ထောင်အိမ်များအပါအဝင် နေအိမ်အဆောက်အအုံအားလုံးနီးပါး ပျက်စီးသွားကြောင်း၊ ထိုရွာအနီးရှိ ထိပ်ဝပြင်၊ ကြခပ်ပြင်၊ ခွဆုံကျေးရွာများသည်လည်း ထိခိုက်မှု ပြင်းထန်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရုပ်ချောင်းကျေးရွာခံ ၁၃၀၀ ခန့်မှာ လတ်တလောတွင် ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အပါအဝင် မုန်တိုင်းထိခိုက်မှုဒဏ်မှ ကျန်နေခဲ့သည့် အဆောက်အအုံအချို့တွင် ခိုလှုံနေကြောင်း၊ စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် အိမ်ပြုကျခြင်းနှင့် ရွာလုံးကျွတ်ပါသွားသည့် ရွာအချို့ရှိသည်ဟု ခိုင်မင်းသျှင် သဘာဝဘေးအန္တရာယ်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။​

“နယ်ဘက်တွေမှာ အိမ်တွေအကုန်ပြိုသွားတာရှိတယ်။ မြို့ပေါ်မှာ စျေးတွေ ခေါင်မိုးပွင့်သွားတယ်။ လမ်းတွေပေါ်မှာ သစ်ပင်တွေ ပြိုလဲတာတွေ ရှိတယ်။ ရုပ်ချောင်းရွာမှာ အိမ်ခြေ ၂၂၀ လောက် ရှိတာ။ ၂၀၀ လောက် ပါသွားတယ်လို့ ပြောတယ်။ တချို့ရွာတွေကျတော့ ရွာလုံးကျွတ်ပါသွားတာတွေ ရှိတယ်။ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတော့ တိတိကျကျစုလို့မရသေးဘူး” ဟု အဆိုပါ ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေ ၁၄ ရက်နေ့က တွေ့ရသည့် အပျက်အစီးများ။ (Getty Images)

ကျောက်တော်မြို့နယ် စေတီတောင်နှင့် အုပ်ကြွပ်ရွာ ဒေသခံအချို့ကို ယနေ့ (မေ ၁၅) နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာ၌ အိမ်ခြေရာနှင့်ချီ ပျက်စီးသွားသည်ဟု သိရသည်။

“ရွာမှာ နည်းနည်းပဲ ကျန်တယ်။ မနေ့က နေ့လယ် ၁ နာရီက စဝင်တာ။ အိမ်ခြေ ၁၀၀ လောက် ရှိတာ။ အိမ်တွေတော့ တော်တော်ပျက်စီးသွားတယ်။ စာရင်းတိတိကျကျ ပြန်ကောက်နေတုန်း။ စာရေးသောက်ရေးကတော့ လိုတယ်။ ရောင်းမယ့်ချမယ့်သူလည်း မရှိဘူး။ စျေးဝါးတွေလည်း လိုတယ်” ဟု ကျောက်တော်မြို့နယ် စေတီတောင်ရွာမှ ဒေသခံက ပြောသည်။

အိမ်ခြေ ၂၉၀ ရှိ အုပ်ကြွပ်ရွာ၌ အိမ် ၁၀ လုံးခန့်သာ ကျန်ပြီး အိမ်အများစု ပြိုကျသွားခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေ ၁၄ ရက်နေ့က တွေ့ရသည့် အပျက်အစီးများ။ (Getty Images)

“ကျွန်တော်တို့ရွာက အိမ်ခြေ ၂၉၀ ရှိတာ။ ၁၀ ဆောင်ပဲ ကျန်တော့တယ်။ ဘုန်းကြီးကျောင်းနှစ်ကျောင်းကလည်း ခေါင်မိုးတွေ အကုန်လုံးပါသွားတာ။ ရွာအနေအထားကတော့ အကုန်လုံးလန့်နေကြတုန်း။

ရွာသားတွေကတော့ ခေါင်းမိုးတွေ အကုန်လုံးပါသွားတဲ့ ကျောင်းနဲ့ အိမ်တွေမှာပဲ နေတာ။ ကြိုတင်ဝယ်ထားတဲ့ မိုးကာလေးတွေ ပြန်မိုးပြီး နေကြတာ။ ကျန်ခဲ့တဲ့ အိမ် ၁၀ ဆောင်ကလည်း ခေါင်မိုးတွေပါသွားတာ။ အုတ်တိုက်တွေမို့ ကျန်ခဲ့တာ” ဟု အုပ်ကြွပ်ရွာသားတစ်ဦးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အားလျော့သွားက စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီးမှ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး စစ်ကိုင်း၊ မန္တလေး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့်၊ မုန်တိုင်းဖြတ်ကျော်ပြီးဖြစ်သော ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ နောက် ၆ နာရီအတွင်း ကုန်းတွင်းပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက်ပိုင်း ၇ နာရီတွင် ထုတ်ပြန် သည်။

Show More

Related Articles

Back to top button