အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး လိုင်လာဘေဂါမ့်ကို မြင်ရသည်မှာ စိတ်ဓာတ်ကြံ့ခိုင်သန်မာလှသည်ဟု ထင်ရသည်။ လင်ဆုံး၊ သားဆုံးဖြစ်ခဲ့ရသည့် သူ့ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြသည့်အချိန်တွင်တော့ စိတ်ဓာတ်ကြံ့ခိုင်လှသည် ထင်ရသော ထိုအမျိုးသမီး ငိုယိုနေတော့သည်။
စစ်တွေမြို့နယ်၊ ဘောဒူဖကျေးရွာနေ လိုင်လာဘေဂါမ့်တို့ မိသားစုသည် ရွာမှ ၁ နာရီခန့် ခြေကျင်သွားရသည့် ကျွန်းကလေးတစ်ကျွန်းတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုး၍ အသက်မွေးသည်။ ကျွန်းကလေးသို့ သွားရန် ရေအမြင့် ၁ ပေခန့် ရှိတတ်သည့် နေရာများကို ဖြတ်ကျော်သွားရောက်ရသည်။
မိသားစု ၉ ယောက်ရှိသည့်အနက် လင်မယားနှစ်ယောက်မှာ ယင်းကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်ရင်း ချက်ပြုတ် စားသောက်ကြသည်။ သားသမီးများမှာ အလုပ်လုပ်စရာရှိလျှင် လာကြသည်၊ ပြီးလျှင် ရွာတွင် ပြန်နေသည်။
မေလ ၁၄ ရက် မတိုင်မီ ရခိုင်ကမ်းရိုးတန်းသို့ မိုခါမုန်တိုင်း တိုက်ခတ်မည့်သတင်း လိုင်လာဘေဂါမ့်တို့မိသားစု ကြားသိရသည်။ ထိုသတင်းကြားပြီးနောက် မုန်တိုင်းမတိုက်ခတ်မီ တစ်ရက်အလိုတွင် မုန်တိုင်းရှောင်ရန် ရွာသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြန်လာကြသည်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သည့် လင်ယောကျ်ားဖြစ်သူ ဆော်ယောက်အမိန့်သည် ရွာသို့ ပြန်ရောက်သည့်အခါ မုန်တိုင်းတိုက်ခတ်ပြီးနောက် စားစရာသောက်စရာ မရှိမည်ကို စိုးရိမ်နေခဲ့သောကြောင့် အသက် ၁၃ နှစ်အရွယ် သားငယ် မော်ဘရော်ဟူဆော်ကို ခေါ်ကာ မုန်တိုင်းတိုက်ခတ်မည့်နေ့၊ နံနက်အစောပိုင်းတွင် တဲအိမ်တွင် ကျန်ရစ်ခဲ့သည့် ဆန်နှင့် စားစရာများ သွားယူတော့သည်။
မုန်တိုင်းတိုက်ခတ်သည့်အခါ လင်ယောကျ်ားနှင့် သားဖြစ်သူတို့ အိမ်ပြန်မလာကြသေးသဖြင့် လိုင်လာဘေဂါမ့် စိုးရိမ်သည်။ သို့သော် ကျွန်းပေါ်တွင် မုန်တိုင်းခိုနေ၍ သူတို့အန္တရာယ်မဖြစ်လောက်ဟု မိမိကိုယ်မိမိနှစ်သိမ့်ကာ အိမ်အောက်အထိ တက်လာသည့်ရေကြောင့် မိသားစုနှင့်အတူ ရွာရှိ စာသင်ကျောင်းသို့ ပြေးလွှားကာ မုန်တိုင်းရှောင်သည်။
မုန်တိုင်းအရှိန်ကြောင့် ၎င်းတို့အိမ်မှာ အိမ်ခေါင်မိုးများ လွင့်ထွက်သွားသည်၊ သုံးထပ်သားဖြင့် ကာရံထားသည့် ထရံများလည်း ကွာကျကုန်သည်။ ရေလည်း အိမ်အပေါ်ထိ တက်ခဲ့သဖြင့် မုန်တိုင်းတိုက်ခတ်နေချိန် အိမ်ပေါ်တွင် ရှိနေပါက အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်၏။ လိုင်လာဘေဂါမ့်တို့ ကံကောင်းထောက်မ၍ အသက်ရှင်လိုက်ခြင်း ဖြစ်သည်။
မိသားစုဝင်များ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသော်လည်း ကျွန်းကလေးသို့ စားနပ်ရိက္ခာ သွားယူကြသူနှစ်ဦး၏ ကြမ္မာ မည်သို့မည်ပုံရှိသည်ကို လိုင်လာဘေဂါမ့် ချက်ချင်း မသိရပေ။ နံနက်မိုးလင်းလျှင် ကမ်းစပ်တွင် အသက်ရှင်လျက် လူတစ်ဦးတွေ့ရသည်ဆိုသည့် သတင်းကြောင့် သူ့မိသားစုဝင်ဖြစ်မလားဟု ဝမ်းသာမိသေးသည်။ သို့သော် ယောက်ျားဖြစ်သူလည်း မဟုတ်၊ သားဖြစ်သူလည်း မဟုတ်ပေ။
လင်ယောက်ျားနှင့် သားဖြစ်သူတို့နှင့်အတူ ရွာသို့ အတူပြန်လာစဉ် မုန်တိုင်းကြားမှ အသက်ဘေး လွတ်မြောက်ခဲ့သည့် ရွာခံတစ်ဦးပြောပြချက်အရ ၎င်းတို့နှစ်ဦးမှာ ဧရာမကြီးမားသည့် လှိုင်းကြားတွင် ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ နေ့လယ်ပိုင်းလောက်တွင် ရုပ်အလောင်းများကို ပင်လယ်ကမ်းစပ်တွင် တွေ့လာရတော့သည်။
ဒုက္ခသည်များအတွက် ဆင့်ပါးစပ် နှမ်းပက်သည့် စစ်ကောင်စီ၏ ကူညီမှု
မေလ ၁၄ ရက်နေ့တွင် တစ်နာရီ လေတိုက်နှုန်း ၁၃၅ မိုင်နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးကာ နေအိမ်များ၊ အဆောက်အအုံများ၊ စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သည်။
တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် နေအိမ် ၃၀၀,၀၀၀ နီးပါး ပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ သာသနိကအဆောက်အအုံများ ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။ လူပေါင်း ၁၆၄ ဦး သေဆုံးကာ ထောင်နှင့်ချီသော ကျွဲ၊ နွား တိရစ္ဆာန်များလည်း သေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ဇွန် ၁၂ တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက ထုတ်ပြန်ရာတွင် လူပေါင်း ၁၄၈ ဦး သေဆုံးပြီး ယင်းအထဲတွင် ရိုဟင်ဂျာ ၁၁၇ ဦး ပါဝင်သည်ဟု ဆိုသည်။
မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၄ လနီးပါး ကြာမြင့်လာချိန်တွင် ပျက်စီးခဲ့သည့် နေအိမ်များ ပြန်ဆောက်ရန် စစ်ကောင်စီပေးသည့် အလျား ပေ ၆၀၊ အနံ ပေ ၃၀ ရှိသည့် တာလပတ်တစ်ချပ်သာ ရကြသေးသည်။
စစ်ကောင်စီထောက်ပံ့သည့် တာလပတ်ဖြင့် အိမ်ကို ကိုယ့်အားကိုယ်ကိုး ဖြစ်သလို ပြန်ဆောက်လုပ်ရသည်ဟု စစ်တွေမြို့နယ်မှ အသက် ၃၄ နှစ်အရွယ် ရိုဟင်ဂျာအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ စစ်ကောင်စီထံမှ လုံလောက်သည့် အကူအညီများ မရရှိဟုလည်း သူက ပြောသည်။
“အခက်အခဲက အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ များတယ်။ ယာယီတဲဆောက်ပြီးတော့ နေနေတာလောက်ပဲ ရှိပါတယ်။ တာလပတ်မိုးပြီး ဝါးနဲ့ ဆောက်ထားတဲ့ တဲသာသာပါပဲ” ဟု ပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီး လေးလကျော်အတွင်း စစ်ကောင်စီက ပျက်စီးသွားသည့် နေအိမ်များအတွက် တာလပတ်တစ်ခုစီ ပေးပြီး ရိက္ခာထောက်ပံ့မှု ၃ ကြိမ်သာ ရှိသည်။ တစ်ကြိမ်လျှင် ဆန်နို့ဆီဘူး ၄၈ ဘူး (၆ ပြည်)၊ စားသုံးဆီ တစ်လီတာသာ ရရှိသည်။
“အဲဒီဆန်တွေက တချို့မိသားစုမှာဆိုရင် သုံးလေးရက်လောက်ဆိုရင် ကုန်ပြီ၊ ဆန်ကုန်ပြီဆိုရင် တခြားနေ့တွေမှာ ကြုံရာကျပန်းလုပ်ပြီး ဖြတ်သန်းရတာပဲ” ဟု ထိုအုပ်ချုပ်ရေးမှူးက ပြောသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမရှိဟု ၎င်းက ဆိုသည်။
စစ်တွေမြို့နယ်၊ ဆီတာဒယ်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း လူမှုအဖွဲ့အစည်းတစ်ဖွဲ့က ပေးသည့် တာလပတ်တစ်ခု၊ ဆန်တစ်ပြည်၊ ဆီနှစ်လီတာ၊ ပဲတစ်ပိဿာကလွဲပြီး အခြားအကူအညီများ မရဟု ပြောသည်။
“အိမ်တွေလည်း မဆောက်ရသေးဘူး။ ရထားတဲ့ တာလပတ်တွေကို မိုး၊ ဝါးလုံးတွေ ကာပြီးတော့ နေကြရတယ်။ ပိုက်ဆံရှိတဲ့သူတွေက လုပ်နိုင်သလောက် လုပ်ကြတယ်။ မလုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်၊ စားဝတ်နေရေးက သိပ်အခက်အခဲရှိတယ်။ ရာသီဥတုလည်း မကောင်းတော့ ငါးဖမ်းစက်လှေတွေလည်း မထွက်ရဘူး။ ကျွန်တော်တို့မှာက အဓိကစီးပွားရေးလုပ်ငန်းက ရေလုပ်ငန်း၊ ငါးလည်း မဖမ်းရတော့ သိပ်အခက်အခဲရှိတယ်” ဟု သူက ဆိုသည်။
ဒေသအာဏာပိုင်တို့၏ လျစ်လျူရှုမှု
မုန်တိုင်းဒဏ်ကြောင့် လူအများအပြား သေဆုံးသွားရခြင်းမှာ စစ်ကောင်စီက မုန်တိုင်းနှင့် ပတ်သက်ပြီး သတိပေးခြင်း၊ ပညာပေးခြင်း အားနည်းမှုတို့ကြောင့်ဖြစ်သည်။ ကြိုတင်ရှောင်ပြေးချိန် မရလိုက်ဘဲ မိုခါခေါ်ရာနောက် အသက်ပေးဆပ်လိုက်ကြရသည်။
မုန်တိုင်းလည်း ဤမျှပြင်းထန်လိမ့်မည်ဟု မထင်မှတ်သောကြောင့် ကြိုတင်ရှောင်ချိန် မလိုက်ရဟု လူဦးရေ ၇,၀၀၀ ကျော်ရှိသည့် စစ်တွေမြို့နယ်၊ ဘောဒူဖဒုက္ခသည်စခန်းမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“တကယ်ဆိုရင် သူတို့ (စစ်ကောင်စီ) က ဒုက္ခသည်စခန်းမှာ တစ်ယောက်မှ နေလို့မရဘူး၊ အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောရမယ်၊ အခု အဲလိုမပြောခဲ့ဘူး။ အဲ့တော့ ကျွန်မတို့လည်း လေနည်းနည်းပဲ တိုက်မယ် (လို့ ယူဆခဲ့တယ်)။ ရေတက်မယ်ဆိုတာလည်း စိတ်ထဲမှာ မရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
“အစိုးရ (စစ်ကောင်စီ) က ပြောမယ်ဆိုရင် ကျွန်မတို့တစ်ယောက်မှ မသေဘူး။ နင်တို့ ဒီနေရာမှာ နေလို့ရမှာမဟုတ်။ နင်တို့ထွက်လို့ လာပြောရင် ကျွန်မတို့ နေလို့ရမှာမဟုတ်ဘူး။ အခုက အဲလိုမပြောခဲ့ဘူး။ လမ်းမကြီးက (မုန်တိုင်းသတိပေးချက်) ဟောခဲ့ပြီးတော့ သွားတော့တယ်။ ကျွန်မတို့ ကြားတစ်ချက်၊ မကြားတစ်ချက်” ဟု ပြောသည်။
မုန်တိုင်းအစပျိုးချိန် ဖြစ်သော်လည်း ပင်လယ်ကမ်းစပ်နှင့် နီးသောကြောင့် လှိုင်းသံများ၊ လေပြင်းတိုက်ခတ်သံများ တရစပ်ကြားလာရသည်။ တဖြည်းဖြည်း မုန်တိုင်းအရှိန် ပြင်းထန်လာ၍ ရွာရှိ စာသင်ကျောင်းသို့ မုန်တိုင်းရှောင်ရန် ပြင်ဆင်နေစဉ် ရေများ တဖြည်းဖြည်း တက်လာသည်ဟု ဆိုသည်။
“အဝတ်အစားနည်းနည်းယူပြီး ထွက်ပြေးမယ်လုပ်တော့ ရေက ခါးလောက်အထိ ဖြစ်လာတယ်ဆိုတော့ အဝတ်လည်း မယူခဲ့ရဘူး။ သားသမီးတွေကို ခေါ်ပြီး ထွက်ပြေးရတယ်။ သမီးတစ်ယောက်က ရေထဲမှာ ကျနေတဲ့ သံဖြူ (သွပ်မိုး) ပြား ခိုက်မိသွားလို့ ဒဏ်ရာတောင် ရသွားတယ်” ဟု ဘောဒူဖဒုက္ခသည်စခန်းမှ ထိုအမျိုးသမီးက မုန်တိုင်းကြားမှ စွန့်စားခန်းအကြောင်းကို ပြောပြသည်။
ယင်းအမျိုးသမီးတို့ နေထိုင်သည့် ဒုက္ခသည်စခန်းတွင် လူများနေထိုင်ရန်အတွက် အလျားရှည်တဲများ ဆောက်ထားသည်။ ဝါးထရံကာ၊ ဓနိမိုး တန်းလျားဖြစ်ပြီး မုန်တိုင်းကြောင့် ထရံများ ပျက်စီးသွားသည်၊ ခေါင်မိုးများလည်း လေပြင်းရိုက်ချက်နှင့်အတူ လွင့်စဉ်ခဲ့သဖြင့် အမိုးပွင့်အခန်းကျဉ်းဖြစ်နေသည်။
လက်ရှိတွင် မိုးရာသီကို ဖြတ်သန်းရန်အတွက် တာလပတ်များဖြင့် ဖြစ်သလို ပြန်လည်ပြုပြင်ထားရသည်။ ဒေသအာဏာပိုင်တို့ထံမှ ရသည့် အကူအညီမှာ ဆန် ၃ ပြည်သာ ဖြစ်ပြီး ပျက်စီးသွားသည့် စခန်းများ ပြန်လည်ပြုပြင်ရန် လုံလောက်သည့် အကူအညီ လိုအပ်သည်ဟုလည်း ဘောဒူဖဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးက ပြောသည်။
“မိုးရွာရင် တာလပတ်ကနေ မိုးယိုတယ်။ နေလို့မရဘူး။ အဆောင်တွေ မဆောက်ပေးဘူးဆိုရင် ကျွန်မတို့ နေဖို့ထိုင်ဖို့ လုံးဝအဆင်မပြေဘူး၊ တာလပတ်လည်း ရတဲ့သူတွေ ရတယ်၊ မရတဲ့သူတွေလည်း မရကြဘူး။ ကျွန်မတို့ မရလိုက်လို့ ပိုက်ဆံချေးငှားပြီး တာလပတ်တစ်ခု ဝယ်ပြီး မိုးထားတာ။ ဒါပေမဲ့ မိုးယိုလို့ ညဆိုရင် တစ်ညလုံး မအိပ်ရဘူး။ ပြီးတော့ ခြင်က ကိုက်သေးတယ်။ ခြင်ထောင်လည်း မရှိဘူး” ဟု သူက ပြောသည်။
နိုင်ငံတကာအကူအညီများကို ပိတ်ပင်ခြင်း
ရိုဟင်ဂျာတို့သည် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် လွတ်လပ်စွာသွားလာခွင့်မရရှိဘဲ ကျေးရွာ (သို့မဟုတ်) ဒုက္ခသည်စခန်းများတွင်သာ နေထိုင်နေခဲ့ရသည်။ ရခိုင်ပြည်ပြင်ပ ထွက်ခွာလျှင် အချိန်မရွေး အဖမ်းခံရနိုင်သည်။
၂၀၁၉ ခုနှစ်မှစတင်၍ ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား နားလည်မှု၊ သဟဇာတရှိလာမှုတို့ကြောင့် ၎င်းတို့ အပြင်ထွက်ခွင့်ရရှိလာသည်။ သို့သော်လည်း တရားဝင်လွတ်လွတ်လပ်လပ် သွားလာ၍ ရသည်မဟုတ်ပေ။ အလုပ်အကိုင်လည်း မည်မည်ရရမရှိကြသလို ကြုံရာကျပန်းလုပ်၍ ရုန်းကန်နေရသည်။
ဘောဒူဖဒုက္ခသည်စခန်းမှ အသက် ၂၃ အရွယ် အမျိုးသမီးတစ်ဦးသည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် ဆေးဘက်အကူတာဝန် ထမ်းဆောင်နေရာမှ စီမံကိန်းသက်တမ်း ကုန်ဆုံးသွား၍ ဇွန်လတွင် အလုပ်ထွက်ခဲ့ရသည်။ သူ့တွင် အသက် ၄ နှစ်အရွယ် သားလေးတစ်ဦးရှိသည်၊ မုန်တိုင်းကြောင့် ကျောခင်းစရာ တဲအိမ်ပါ ပျက်စီးသွားရာ အလုပ်လက်မဲ့ မုဆိုးမတစ်ဦးဖြစ်သူ သူ့အတွက် ခက်ခဲလှသည်။
မုန်တိုင်းတိုက်ခတ်စဉ်က အိမ်တွင်ရှိသည့် ပစ္စည်းများ ရေနှင့်အတူ မျောပါသွားသဖြင့် “ထမင်းစားစရာ ပန်းကန်တောင် မရှိဘူး” ဟု သူက ညည်းတွားသည်။
“မိုခါမုန်တိုင်းနဲ့ အားလုံး ပျက်စီးသွားတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်။ အဝတ်အထည်၊ အိုးတွေ၊ ခွက်တွေလည်း ပျက်စီးသွားတယ်။ ရေထည့်ဖို့ ပုံးတွေလည်း မရှိဘူး” ဟု သူက ပြောသည်။
ဤအခြေအနေတွင် စစ်ကောင်စီက အရေးပေါ်ထောက်ပံ့မှု လိုအပ်နေသည့် ပြည်သူများထံ အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့အစည်းများကို ဇွန် ၈ မှစတင်ကာ ဒေသတွင်းခရီးသွားလာခွင့် ရပ်ဆိုင်းထားသည်။
ကူညီခွင့်လက်မှတ်
ဒေသတွင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဒုက္ခသည်များကို ကူညီရာတွင်လည်း ကန့်သတ်ခံနေရသည်။ ခရီးသွားလာရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများကို နာရီနှင့်ချီ ခံရတတ်သည်။
ထိုသို့ခရီးသွားလာရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ လက်မှတ်လိုသည်၊ သို့သော် ထိုလက်မှတ်ရရန် ခက်ခဲသည်ဟု ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသည့် ဆရာတော် သဘာဝနဒီက မိန့်သည်။
“စစ်တွေကနေ ကျောက်တော်ကို သွားဖို့တောင်မှ စစ်ဆေးမှုလုပ်တယ်။ ဂိတ်တွေမှာ ဖြတ်သွားဖြတ်လာ သွားဖို့အတွက် နယ်လုံဝန်ကြီးလက်မှတ် အရေးကြီးတယ်။ ကယ်ဆယ်ရေးသွားတဲ့ အပိုင်းတွေမှာ နယ်လုံဝန်ကြီးလက်မှတ် အတောင်းခံရတာရှိတယ်။ ဝန်ကြီးဆီ သွားရင်လည်း တစ်ခါမှ တွေ့ခွင့်မရ။ လက်မှတ်ထိုးလို့လည်း မပေး၊ အဲ့အပိုင်းတွေရှိတယ်” ဟု ဆရာတော်က မိန့်သည်။
ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ ဝေးလံခေါင်ဖျားသော ကျေးရွာများသို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများ မရောက်ရှိသေးသောကြောင့် အခက်အခဲဖြစ်နေကြသည်ဟု ဆရာတော်က ဆိုသည်။
ထို့ပြင် ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း (ခ) အနောက်ဖရုံကာကျွန်းတွင်လည်း ကျေးရွာတချို့ မုန်တိုင်းကြောင့် လုံးဝပျက်စီးသွားသည့်အခြေအနေဖြစ်သဖြင့် ရွာသစ်တည်ရန် အကူအညီများစွာ လိုအပ်နေသည်။
မုန်တိုင်းဒဏ်သင့်သည့်အပြင် ဇူလိုင်လ ၃၁ မှ သြဂုတ် ၁၀ အတွင်း ရေကြီးမှုဖြစ်ပေါ်ခဲ့သဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်မြို့နယ်တို့တွင် အိမ်ပေါင်း ၃၀,၀၀၀ နီးပါး ထိခိုက်သွားပြီး လယ်ဧက ၇၀,၀၀၀ ရေလွှမ်းခဲ့သည်။ မုန်တိုင်းဒဏ်ခံထားရသည်မှာ မကြာသေးဘဲ ရေကြီးမှုကိုပါ ထပ်မံကြုံတွေ့လာရသည့်အတွက် စားစရာအပြင်၊ မျိုးစေ့ပါ အရေးတကြီးလိုအပ်လျက်ရှိသည်။
မုန်တိုင်းသင့် ပြည်သူများမှာ မုန်တိုင်းဒဏ်ခံခဲ့ရအပြီး ၄ လနီးပါးကြာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မလုပ်နိုင်သေးဘဲ တဲအိမ်များအတွက် အမိုးအကာမိုးနိုင်ရန်နှင့်၊ ထမင်းနပ်မှန်ရေးတို့ကိုသာ ဦးစားပေးနေကြရသည်။
ဘောဒူဖကျေးရွာတွင် မုန်တိုင်းကြောင့် အိမ်ထောင်ဦးစီး လင်ယောက်ျားလည်းဆုံး၊ သားဖြစ်သူလည်း ဆုံးပါးသွားသဖြင့် အပူမီးတောက်လောင်နေသည့် လိုင်လာဘေဂါမ့်သည် ကျွန်းကလေးပေါ် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်ထက် အိမ်တွင် ရှိနေသည့် သားသမီးများ အမိုးအကာအောက်တွင် လုံလုံခြုံခြုံရောက်ရှိရေးကိုသာ ဦးစားပေးဖြစ်နေသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကချင်ပြည်နယ်တို့မှ လူပေါင်း ၁.၆ သန်းကို ထိခိုက်စေခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ထားသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်တစ်ခုတည်းမှ လူပေါင်း ၃၈,၀၀၀ ထိခိုက်သည်ဟု UNOCHA က ဆိုသည်။
UNOCH ၏ အကြီးအကဲဖြစ်သူ Mr.Martin Griffiths သြဂုတ် ၁၅ ရက်နေ့က နေပြည်တော်သို့ ရောက်သွားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ပိုမို ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
နောက်တစ်နေ့တွင် Mr.Martin Griffiths စစ်တွေမြို့သို့ ရောက်သွားပြီး ရွှေစေတီဆရာတော် ဘဒ္ဒန္တအရိယဝံသနှင့်လည်း တွေ့ဆုံရာ ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရန် စစ်ကောင်စီနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြောင်း ဆရာတော် က Myanmar Now ကို မိန့်သည်။
ညှိနှိုင်းမှုများက မည်သို့ရှိသည် မသိ၊ မြေပြင်တွင်မူ အခြေအနေက ထူးခြားမလာသေးပေ။
“ပရဟိတသမားတွေ၊ လူမှုအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီခွင့် ပေးသင့်တယ်၊ မိမိကိုယ်တိုင် မကူညီနိုင်ရင်တောင် နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီခွင့်ရဖို့အတွက် အများကြီး ကြိုးပမ်းသင့်တယ်” ဟု ဆရာတော်က မိန့်ကြားလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)