
တအာင်းတပ် TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ပြီး အပြင်းအထန် ပြန်လည်ထိုးစစ်နေသည်။
ထိုးစစ်စပြီး လေးလခန့်အကြာ၊ ဇွန်လဆန်းတွင် နောင်ချိုမြို့နှင့် ရှစ်မိုင်ကျော်အကွာ ကံကြီးရွာအထိ စစ်ကောင်စီတပ် ထိုးစစ်ရောက်ရှိလာသည်။ မြို့တွင်းမှနေပြီးခုခံနေသည့် လက်နက်ကိုင်များထဲတွင် TNLA ၏မဟာမိတ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) တို့လည်းပါဝင်သည်။
စစ်ကောင်စီနှင့်သံတမန်ဆက်ဆံရေးကောင်းရှိနေသည့် တရုတ်အစိုးရက နောင်ချိုကိုစစ်ကောင်စီထံ ပြန်ပေးရန် TNLA ကိုဖိအားပေးနေသော်လည်း ထိုဖိအားများကိုအံတုပြီး မြို့ကိုစစ်တပ်လက်ထဲပြန်မရောက်ရေးအတွက်တိုက်ပွဲဝင်မည်ဟု ဓနုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ၏ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကဆိုသည်။
နောင်ချိုစစ်မျက်နှာအကြောင်း DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်မေးမြန်းထားသည်များအနက် အချို့ကို ကောက်နှုတ်တင်ဆက်လိုက်ပါသည်။

မေး။ ။ နောင်ချိုကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က နောင်ချိုမြို့ အနီးအထိ ရောက်နေပြီလို့ သိရပါတယ်။ နောင်ချိုတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ပြောပြပေးပါ။
ဦးထွန်းထွန်းနိုင်။ ။ နောင်ချိုကသိတဲ့အတိုင်းပဲ စစ်ရေးအချက်အခြာကျတယ်။ စီးပွားရေး အချက်အခြာကျတယ်။ လမ်းပိုင်း အချက်အခြာကျတယ်။ အဲဒီအတွက် သူတို့(စစ်တပ်က) အသည်းအသန်ထိုး(စစ်ဆင်)နေတယ်။ သူတို့ ရဲဘော်တွေ တော်တော်လေး ထိတယ်။ အတုံးအရုန်းထိတယ်။ ထိပေမယ့်လည်း သူတို့က မူးယစ်ဆေးတွေ ကျွေးပြီးတော့ အတင်းဇွတ်ထိုးခိုင်းတာတွေ ကျွန်တော်တို့ ရှေ့တန်း စစ်မြေပြင်က ရဲဘော်တွေ ကြုံနေရတယ်ဗျ။
ဥပမာပေါ့ သူတို့ အစုလိုက် အပြုံလိုက် တက်လာတယ်။ ကျွန်တော်တို့ ပစ်တယ်၊ အတုံး အရုံးပုံပြီး ကျတာရှိတယ်။ အဲဒါကို ကျော်ခွပြီးမှ ပြန်ထိုးတက်လာတာ ခဏခဏ ကြုံရတယ်ဗျ။ သူတို့အဲလို ထိုးစစ်ဆင်နေတာ။
မေး။ ။ စစ်တပ်က အင်အားများလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အင်အားချင်း မမျှလို့ တပ်စခန်းတွေ ပြန်ဆုတ်ရတာလို့ ပြောချင်တာလား။
ဦးထွန်းထွန်းနိုင်။ ။ အင်အား မမျှတာတော့ မဟုတ်ဘူးဗျ။ သူတို့က လက်နက်ကြီးအလွန်ကျွံသုံးနိုင်တယ်။ အဆိပ်ငွေ့ဗုံးသုံးတယ်။ လေကြောင်းကနေလည်း တောက်လျှောက်ကူတယ်ပေါ့ဗျာ။ ကျွန်တော်တို့က အဆိပ်ငွေ့ဗုံးလည်း မသုံးဘူး။ သုံးဖို့လည်းမလိုဘူး။ ဝေဟင်လည်းမသုံးနိုင်ဘူး။ ရှိလည်းမရှိဘူးပေါ့။ ဒါပေမယ့် လက်နက်ကြီးက အသင့်အတင့် လောက်ငှအောက် သုံးနိုင်ရင်တော့ ကျွန်တော်တို့က အဆင်ပြေပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစား ဖြည့်တင်းနေပါတယ်။
မေး။ ။ နောင်ချိုမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်စွန့်လွှတ်လိုက်ရတဲ့ ရွာ ဘယ်နှစ်ရွာ လောက်ရှိပြီလဲ။ တိုက်ပွဲကရော အခုနောက်ဆုံး ဘယ်နားမှာ ဖြစ်နေပါသလဲ။
ဦးထွန်းထွန်းနိုင်။ ။ ၁၀ရွာ၊ ၁၁ရွာလောက်တော့ ရှိပြီဗျ။ သရက်ချို၊ ယာပြင်၊ ရေဖြူရွာ၊ နောင်လိတ်ရွာ၊ တောင်ရှည်ရွာ၊ နောင်ချိုကြီးရွာ အဲဘက်ကြောတွေပေါ့။ အခုနောက်ဆုံး ကံကြီး ရောက်လာတယ်။ ကံကြီးရောက်တော့ ကျွန်တော်တို့ ထိုးစစ်ပြန်ဆင်တော့ သူတို့ ပြန်ဆုတ်သွားတာဗျ။ တိုက်ပွဲအခြေအနေကတော့ အရမ်းတော့မပြင်းဘူးပေါ့၊ ဒီနှစ်ရက် သုံးရက်အတွင်းမှာ။

မေး။ ။ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ဒေသခံအရေအတွက် ဘယ်လောက်ရှိပါသလဲ။ စစ်တပ်ထိန်းချုပ်လိုက်တဲ့ ရွာတွေမှာရော ဒေသခံတွေ ဘယ်လို တိမ်းရှောင်နေကြရပါ သလဲ။
ဦးထွန်းထွန်းနိုင်။ ။ ရှောင်တဲ့သူကလည်း ရှောင်တယ်။ နေတဲ့သူကလည်း နေကြပါတယ်ခင်ဗျ။ အားလုံး ရှောင်တာမျိုး မဟုတ်ပါဘူး။ ရှောင်တဲ့သူက ၁၀,၀၀၀ ကျော်တယ်ဗျ။ ယာပြင် ၊ သရက်ချို ဝင်ကာစတုန်းကဆိုရင် သူတို့ တစ်ရွာလုံးကိုခေါ်တယ်။ သူတို့ဘုန်းကြီး ကျောင်းမှာ ဒီအတိုင်းပဲ ထားတယ်ပေါ့။ အခုလက်ရှိလည်း အဲလိုပဲသူတို့က။ သတင်းပေးတို့၊ ဒလန်တို့လောက်ပဲ၊ သူတို့ကသေချာစီစဉ်ပြီး ကျွန်တော်တို့ဘက်ကိုလွှတ်တာ။ ကျန်တဲ့သူတွေကို သူတို့လုံး၀ပေးမလာဘူးဗျ။
မေး။ ။ စစ်တပ် ထောက်ခံသူတွေကတော့ တောင်ခမ်းကနေ နောင်ချိုကို စစ်ကြောင်း နှစ်ကြောင်း၊ ဘန့်ဘွေးကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးနေတာလို့ ပြောကြပါ တယ်။ မြေပြင်မှာဘယ်လိုတွေ့ရပါသလဲ”
ဦးထွန်းထွန်းနိုင်။ ။ သူတို့ကတော့ စစ်ကြောင်းရယ်လို့ မဟုတ်ပါဘူး။ သူတို့အတွက် အရေးသာ မယ်ထင်တဲ့ နေရာတွေကို ထိုးလိုက် ပြန်ဆုတ်လိုက်ပဲ လုပ်နေတာပါ။ နဂိုကတည်းက၊ အခုနကျွန်တော်ပြောတဲ့ စစ်မျက်နှာပြင်မှာ စစ်ကြောင်းရယ် မဟုတ်ဘဲနဲ့ နှစ်ဖက်ဆိုင်ထားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဘန့်ဘွေးရော၊ ရွှေညောင်ပင် တစ်ကြောရော၊ အခု တောင်ခမ်း တစ်လျှောက်ပေါ့လေ ဒီဟာက ပုံမှန်ပါပဲဗျ။
မေး။ ။ စစ်တပ် ထိုးစစ်ကြောင့် တိုက်ပွဲက နောင်ချိုနားကပ်လာတယ်။ တစ်ဖက်မှာ လည်း မဟာမိတ် TNLA အပေါ် တရုတ်ဖိအားလည်း ရှိနေတယ်။ လူထုတွေကလည်း စိုးရိမ်နေကြတယ်။ နောင်ချိုကို ပြန်ပေးမှာလား ဆိုတာမျိုးပေါ့။ MNDAA က လားရှိုးကို ပြန်ပေးရ သလိုမျိုး ဖြစ်လာခဲ့တယ်ဆိုရင် DPLA အနေနဲ့ ဘယ်လို ဆက်လုပ်မလဲ။
ဦးထွန်းထွန်းနိုင်။ ။ ကျွန်တော်တို့မှာ ပြန်ပေးစရာ အကြောင်းတော့ မရှိပါဘူး။ TNLA အနေနဲ့လည်း ပြန်မပေးဘူးလို့လည်း ကျွန်တော့် အနေနဲ့ ယုံကြည်တယ်ပေါ့။ တကယ်လို့ (TNLA) ပြန်ပေးခဲ့ဦးတော့ ကျွန်တော်တို့ ပြန်မပေးဘူးပေါ့လေနော့်။ ကျွန်တော်တို့ လုပ်စရာရှိတာဆက်လုပ်နေအုံးမှာပါ။
မေး။ ။ နောင်ချို တိုက်ပွဲကနေ DPLA နဲ့ အခြားတော်လှန်ရေး တပ်ဖွဲ့တွေကို တပ်ဆုတ်ဖို့ ဆိုပြီး TNLA ဘက်က ညွှန်ကြားတယ်ဆိုတဲ့ သတင်းမျိုး ထွက်လာတာတွေ့ ရပါတယ်။ ဒီကိစ္စဟုတ်ပါသလား။
ဦးထွန်းထွန်းနိုင်။ ။ အဲဒီဟာကတော့ ကျွန်တော်တို့ရယ် TNLA ရယ်ကို သွေးခွဲတာပေါ့။ စစ်တပ် လော်ဘီတွေ ဝါဒဖြန့်ပြီး သွေးခွဲနေတာက မန်းတိုင်း PDF ရယ်၊ DPLA ရယ်၊ TNLA ရယ်ကို သွေးခွဲနေတာပေါ့။ တကယ့် မြေပြင်မှာတော့ ကျွန်တော်တို့ ဘာပြဿနာမှ မရှိဘဲနဲ့ တညီ တညွှတ်တည်း သွားနေတာတော့ ကျွန်တော်တို့နဲ့ ကူနေတဲ့ ဒေသခံတွေလည်း သက်သေရှိပါတယ်။ ဒါက သွေးခွဲဖို့ သက်သက်၊ ဝါဒဖြန့်ဖို့ သက်သက်ပါပဲဗျ။

မေး။ ။ စစ်တပ်က တောင်ခမ်း ထိုးစစ်အတွက် ရှမ်းတောင်ပိုင်းကနေ အင်အားထောင်နဲ့ချီ ပို့ဆောင်နေတယ်လို့ သိရပါတယ်။ ရပ်စောက် လမ်းပိုင်းကို အခုနောက်ပိုင်း DPLA ဘက်က ဖြတ်တောက် တိုက်ခိုက်တာတွေ မလုပ်နိုင်တော့လို့ ထိုးစစ်က နောင်ချိုနား ရောက်လာတာလို့ ပြောနေကြ တာရှိတယ်။ အဲဒါ ရှင်းပြပေးပါ။
ဦးထွန်းထွန်းနိုင်။ ။ မဖြတ်တောက်နိုင်တဲ့ အကြောင်းအရင်းကတော့ ရန်သူဘက်က အင်အား အရမ်းများလို့၊ မခုခံနိုင်လို့ အဲဒီတစ်ခုပဲ မဟုတ်ပါဘူးဗျ။ တခြား အကြောင်းအရင်းတွေ လည်း ရှိပါတယ်။ ဘာဆိုတာတော့ မပြောချင်ဘူးဗျ။
မေး။ ။ DPLA အနေနဲ့ ရှမ်းမြောက်ဒေသကနေ ရှမ်းတောင်ပိုင်းက ဓနုတိုင်းရင်းသားတွေ ရှိတဲ့ ရွာငံ၊ ပင်းတယအထိ လှုပ်ရှားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်တပ်က အဲဒီဒေသတွေကို ကာကွယ်ဖို့ ပအို၀်းပြည်သူ့စစ်တပ် (PNO) ကို အင်အားတောင့်တင်းအောင် လုပ်ပေးနေတယ်။ ဆိုတော့ DPLA နဲ့ PNO တပ်ဖွဲ့တွေထိပ်တိုက်တွေ့လာရင်ဘယ်လို ဆက်လုပ်မလဲ”
ဦးထွန်းထွန်းနိုင်။ ။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ညှိနှိုင်း ဆွေးနွေးဖို့ကတော့ ရည်ရွယ်ထားပါတယ်ဗျ။ ထိပ်တိုက် ဖြစ်မလာအောင်တော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် သွားကြမယ်လို့ ပြင်ဆင်ထားကြတယ်ဗျ။

မေး။ ။ ဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါ။
ဦးထွန်းထွန်းနိုင်။ ။ အဓိက ပြောချင်တာကတော့ တော်လှန်ရေးကို အားပေးထောက်ခံတဲ့ လူထုတွေအနေနဲ့ ဘာသတင်းပဲ တက်တက်၊ ဘယ်လို အနေအထားပဲ ဖြစ်ဖြစ် မြေပြင်နဲ့ ချိတ်ဆက်ပြီးမှ အတည်ပြုပြီးမှပဲ ယုံကြည်ကြဖို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်ဗျ။



