ဆောင်းပါး

ညမထွက်ရအမိန့်ကြောင့် ၂၄ နာရီဖွင့်လက်ကားဈေးများအထိနာနေ

ကိုဗစ်နိုင်တင်း (COVID-19) ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တားဆီးမှု တစ်စိတ်တစ်ဒေသအဖြစ် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးနီးပါး ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ရန်ကုန်ရှိ ၂၄ နာရီ ဖွင့်လှစ် ရောင်းချနေကျ လက်ကားဈေးများရှိ ဈေးသည်များ ရောင်းချချိန်နည်းပါးသွားကာ အရှုံးပေါ်နေကြသည်ဟု ပြောသည်။

ကိုကိုးကျွန်းမြို့နယ်မှလွဲပြီး ရန်ကုန်တစ်တိုင်းလုံး ဧပြီ ၁၈ မှစ၍ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ကို တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည့်နောက် ယခင် ညလုံးပေါက်ရောင်းချကြသည့် အကြီးဆုံးလက်ကားဈေးကြီးများဖြစ်သည့် သီရိမင်္ဂလာဈေးသစ်၊ စံပြငါးဈေးတို့တွင် မနက် ၄ နာရီမှ ည ၇ နာရီအထိသာ ရောင်းချခွင့်ပြုတော့သည်။

သင်္ကြန်ပိတ်ရက်ကုန်လွန်ပြီး အလုပ်များ ပြန်ဖွင့်သည့် ဧပြီ ၂၀ မှစ၍ ည ၇ နာရီတွင် ဈေးပိတ်ရသော်လည်း ကုန်တင်ကုန်ချကိစ္စကိုတော့ ည ၁၀ နာရီအထိ ခွင့်ပေးထားသည်ဟု ဈေးအာဏာပိုင်များက ပြောသည်။

အဆိုပါဈေးများမှာ သားငါးနှင့် ကုန်စိမ်းဈေးများဖြစ်သဖြင့် ရောင်းချချိန်နည်းသွားသည့်အတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကဲ့သို့သော အထားမခံသည့် ကုန်စိမ်းများမှာ ရောင်းမကုန်ပါက အလဟဿဖြစ်ရသလို ရောင်းချသူများလည်း ဝင်ငွေအများအပြားထိခိုက်သွားကြသည်။

“နေ့ရောင်းရမလိုလို၊ ညရောင်းရမလိုလိုနဲ့ အဆင်မပြေဖြစ်တာပေါ့။ စိုက်ခင်းပိုင်ရှင်တွေက မနက် ၄ နာရီကျော်မှ ခူးလို့ရတာ။ အဲဒါတွေကို မနက် ၈ နာရီလောက်မှ သယ်လို့ပြီးတာ။ ကျွန်မတို့က ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ဈေးထွက်နိုင်တော့ ရောင်းချိန်မရှိတော့ဘူး” ဟု ပြောသူက လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်တွင် ဟင်းသီးဟင်းရွက်ရောင်းချသည့် ဒေါ်ခင်မြင့်မာ ဖြစ်သည်။

၎င်းသည် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် နေထိုင်ပြီး ဆလတ်၊ ချဉ်ပေါင်၊ မုန်ညင်း၊ ဆူးပုပ်၊ နံနံပင် စသည့် ဟင်းသီးဟင်းရွက်များကို ထောက်ကြန့်တစ်ဝိုက်ရှိ စိုက်ခင်းများမှ ဝယ်ကာ အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းသူများစုဆုံရာ ၁၆ ဧကကျယ်သည့် သီရိမင်္ဂလာဈေးသစ်တွင် ရောင်းချသူဖြစ်သည်။

“ရောင်းရတဲ့အချိန်က အကန့်အသတ်နဲ့ဆိုတော့ အလုပ်သမားကြေးပေးဖို့ အနိုင်နိုင်ရောင်းနေရတယ်”ဟု ဒေါ်ခင်မြင့်မာက ပြောသည်။

ညမထွက်ရအမိန့် မထုတ်ပြန်မီက ဒေါ်ခင်မြင့်မာသည် သီရိမင်္ဂလာဈေးသစ်၌ နေ့ရောညပါ ဈေးရောင်းပြီး တစ်နေ့လျှင် အနည်းဆုံး တောင်း ၂၀ ရောင်းကုန်သည်ဟု ပြောသည်။ တစ်တောင်းလျှင် ဟင်းရွက်အစီး ၅၀၀ ပါပြီး တစ်စီးလျှင် ကျပ် ၁၀၀ ဖြင့် ရောင်းသည်ဟုလည်း ဆိုသည်။

ညမထွက်ရအမိန့်ကြောင့် ဈေးရောင်းချိန်လျှော့လိုက်ရသဖြင့် ယခု ငါးတောင်းသာ ယူရောင်းတော့ကြောင်း၊ ထောက်ကြန့်မှ သီရိမင်္ဂလာဈေးသစ်အထိ သယ်ယူပို့ဆောင်ခနှင့် အလုပ်သမား စရိတ်ချည်းသက်သက် တစ်ရက် ကျပ် ၇၀,၀၀၀ ခန့်ရှိကြောင်းလည်း ၎င်းက ပြောသည်။

အများအားဖြင့် တစ်နေ့လျှင် တစ်တောင်းခန့်သာ ရောင်းရကြောင်း၊ ထို့ပြင် ဟင်းရွက်တစ်စည်း ကျပ် ၇၀-၈၀ အထိ ဈေးချရောင်းရသဖြင့်လည်း အရင်းပြန်မရကြောင်း ဆိုသည်။

“အခု သင်္ကြန်ပြီးကတည်းက နှစ်တောင်းကုန်အောင်ရောင်းရတဲ့ရက် တစ်ရက်ပဲရှိသေးတယ်”ဟု ခေါ်ခင်မြင့်မာက ပြောသည်။

“အသီးအရွက်တွေလည်း အများကြီးမယူရဲတော့ဘူး ။ တစ်ရက်မှာ ၆ နာရီပဲရောင်းချိန်ရတယ်။ ဈေးပိတ်ချိန်ရောက်ရင် တချို့အရွက်တွေ လွှင့်ပစ်ရတာ”ဟု ဒေါ်ခင်မြင့်မာက ပြောသည်။

ဈေးဖွင့်ချိန် လူစုလူဝေး ဖြစ်ပေါ်လာမှုကြောင့် ရောဂါကူးစက်မှာကို စိုးရိမ်ပူပန်နေမှုများရှိသည့်အပြင် ကုန်ပစ္စည်းများ လွှင့်ပစ်ရမည့်အရေးကိုလည်း တွေးပူနေရသူမှာ ယင်းဈေးရှိ ခရမ်းချဉ်သီး ပွဲရုံ လုပ်ငန်းလုပ်ကိုင်သည့် ကိုကျော်ကျော်ဖြစ်သည်။

“အချိန်က အကန့်အသတ်နဲ့ဆိုတော့ ရောင်းအားတော့ကျတယ်။ နယ်တွေကို မပို့နိုင်တော့ဘူး။ နယ်တွေကဝင်လာတာလည်း နည်းသွားတယ်” ဟု ၎င်းက ပြောသည်။

ယခင်က မွန်ပြည်နယ် မော်လမြိုင်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတတို့အပြင် ရန်ကုန်မြို့တွင်း ဖောက်သည်များကြောင့် နေ့စဉ် ခရမ်းချဉ်သီးသေတ္တာ အနည်းဆုံး အလုံး ၁၀၀ ပုံမှန်ရောင်းချနိုင်ခဲ့ရာမှ သင်္ကြန်ကာလအလွန် ပွဲရုံပြန်ဖွင့်ချိန်တွင် ကိုကျော်ကျော်တို့ ပွဲရုံသို့ ကုန်ပစ္စည်းများအဝင်နည်းလာသည့်အပြင် ရန်ကုန်မှ ဖောက်သည်များကိုသာ အဓိက အားကိုးရတော့သည်။ နယ်ဝယ်လက်များထံသို့ သုံးရက်လျှင် သေတ္တာရှစ်လုံးခန့်သာ ပို့နိုင်တော့သည်ဟု ၎င်းက ဆိုသည်။

“နယ်တွေမှာလည်း အဝင်အထွက်ပိတ်ထားတာတွေရှိတော့ အရင်လိုတော့ ရောင်းမရတော့ဘူး။ ကျွန်တော်တို့လည်း ပို့မရတော့ဘူး။ သုံးပုံ ပုံရင် တစ်ပုံတောင် မနည်းရောင်းရတာ” ဟု ကိုကျော်ကျော်က ဆိုသည်။

အလားတူ ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးတွင်လည်း ကိုဗစ်နိုင်တင်းရောဂါ၏ နောက်ဆက်တွဲ ညမထွက်ရအမိန့်ကြောင့် ကုန်တင်ကုန်ချ အဆင်မပြေခြင်း၊ ရောင်းအားကျခြင်းတို့ ကြုံတွေ့နေရသည်။ ရေထွက်ကုန်များ အဓိကရောင်းဝယ်ကြသည့် စံပြငါးဈေးတွင် မနက် ၄ နာရီမှ ည ၁၀နာရီအထိ ကုန်တင်ကုန်ချပြုလုပ်နိုင်သော်လည်း အရောင်းအဝယ်ကိုမူ ည၇ နာရီအထိသာ ပြုလုပ်နိုင်သည်။

ရန်ကုန် ကြည့်မြင်တိုင်စံပြငါးဈေးတွင် ရေထွက်ကုန်များသယ်ယူနေသူတစ်ဦးကို ဧပြီ ၂၃ တွင်တွေ့ရစဉ် (ဓာတ်ပုံ – ချမ်းသာ/MN)

ရေထွက်ကုန်ကားများကို အချိန်အကန့်အသတ်နှင့် အတင်အချပြုလုပ်နေရသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဝယ်လိုအားများကျဆင်းသွားသည့်အပြင် ဆိုင်၌တင်ထားသည့် ကုန်များကို ရသည့်ဈေးဖြင့် ရောင်းထုတ်နေရသည်ဟု စံပြငါးဈေးမှ ငါး၊ ပုဇွန်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ကိုမျိုးထွန်းဝင်းက ပြောသည်။

“မနက် ၇ နာရီဆိုရင် မနက်တစ်ပိုင်းရောင်းတာ ပြီးသွားပြီ။ ရောင်းချိန်က သုံးနာရီပဲရတယ်။ ရောင်းအားမရှိတော့ဘူး။ ကုန်လည်းမတင်ခိုင်းရဲတော့ဘူး”ဟု ၎င်းက ပြောသည်။

ကိုမျိုးထွန်းဝင်းတို့ပွဲရုံတွင် ယခင်က တစ်ရက်လျှင် ငါး၊ ပုစွန် တန် ၆၀၀ ခန့်ရောင်းရသော်လည်း လက်ရှိတွင် ၁၀၀ နီးပါးသာ ရောင်းရတော့သည်ဟုလည်း ၎င်းကပြောသည်။

“နယ်တွေက ကားတွေက ထွက်လို့မရတော့ အဆင်မပြေတော့ဘူး။ ကားအချမခံတာတွေလည်းဖြစ်တာပေါ့။ ဒီလိုမျိုးဆိုးဆိုးရွားရွားကြီးတစ်ခါမှမဖြစ်ဖူးဘူး။ အခုဆိုရင် ရောင်းမကုန်တာတွေကို ငါးခြောက်၊ ငါးပိဈေးနဲ့ ရောင်းထုတ်နေရတာ” ဟု ကိုမျိုးထွန်းဝင်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်တွင် ဈေးပေါင်း ၁၄၈ ဈေးရှိသည့်အနက် ဗိုလ်ချုပ်ဈေး တစ်ဈေးသာလျှင် ဈေးဆိုင်ရှင်များက ပိတ်ထားကြ ပြီး ကျန်ဈေးများမှာ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချလျက်ရှိသည်။

မြို့တော်စည်ပင်အနေဖြင့် ဈေးများ၌ ရောဂါအသိပညာပေးမှုများလုပ်ဆောင်နေပြီး လူစုလူဝေးမဖြစ်အောင် စီစဉ်ဆောင်ရွက်နေသည်ဟု ဈေးများဌာန ဒုတိယဌာနမှူးဦးသောင်းတင်က ပြောသည်။

“နိုင်ငံတော်ကချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်းပဲ ဈေးတွေမှာ ချမှတ်ထားပါတယ်။ ကုန်ခြောက်တို့၊ အဝတ်တို့ရောင်းတဲ့ဈေးတွေကိုတော့ ပိတ်ထားတယ်။ သားငါးနဲ့ ကုန်စိမ်းတို့ရောင်းတဲ့ဈေးတွေတော့ မပိတ်ပါဘူး” ဟု ၎င်းက ပြောသည်။

မြေနှစ်ဧကသာကျယ်ဝန်းသည့် စံပြငါးဈေးတွင် အရောင်းအဝယ်ပြုလုပ်နေသောနေရာ ကျဉ်းမြောင်းသဖြင့် လူစုလူဝေးရှောင်ကြဉ်နိုင်ရန် စံပြငါးဈေးမှ ပျံကျဈေးသည်များကို လှိုင်မြို့နယ်ရှိ ရှစ်ဧကကျယ်သည့် ရွှေပိတောက်ငါးဈေးသို့ လူခွဲရန် ဧပြီ ၂၅ မှစ၍ လုပ်ဆောင်နေသည်ဟု ဦးသောင်းတင်က ပြောသည်။

ရေလမ်းမှ လာသည့် ကုန်များကို စံပြငါးဈေး၌ ရောင်းချရန်နှင့် ကုန်လမ်းမှ လာသည့် ကုန်များကို ရွှေပိတောက်ငါးဈေး၌ ရောင်းချရန် သတ်မှတ်ထားသည်ဟု ဦးသောင်းတင်က ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းပေါင်းများစွာ အထိနာနေသလို သန်းပေါင်းများစွာသော လူများလည်း အလုပ်လက်မဲ့ဖြစ်နေကြသည်။ မြန်မာနိုင်ငံတွင်လည်း စီးပွားရေး ကဏ္ဍ အများအပြား ထိခိုက်ခံစားနေရပြီး အစိုးရက ကုန်ထုတ်စက်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ကျားကန်ပေးရန် ကျပ်ဘီလျံ ၁၀၀ ထုတ်ချေးမည်ဟု ကြေညာထားသည်။

(တည်းဖြတ်- ညွန့်ဝင်း)

Show More

Related Articles

Back to top button