၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် လောက်ကိုင်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအထိ အိမ်အပြင်မထွက်ရအမိန့်ကို ကိုးကန့်စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၂၉ ) တွင် ထုတ်ပြန်လိုက်သည်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်သည့် MNDAA, တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အောက်တိုဘာ ၂၇ တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီက လောက်ကိုင်ညများသည် ညလုံးပေါက်ပျော်ပွဲစားရုံများ၊ နိုက်ကလပ်များနှင့် လောင်းကစားဝိုင်းများကြောင့် စည်ကားခဲ့သည်။
ထိုကန့်သတ်ချိန်အတွင်း မိမိတို့နေအိမ် တံခါးဝသို့ပင် ထွက်ခွင့်မရှိဟု ကိုးကန့်စစ်ကောင်စီ၏ ကြေညာချက်တွင် ပါဝင်သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နာရီပိုင်းအတွင်း လောက်ကိုင်နှင့် ကားလမ်းခရီး တစ်နာရီခန့်သာ ကွာဝေးသည့် ချင်းရွှေဟော်ကို သိမ်းပိုက်ခဲ့သည်။ နောက်ထပ်မြို့သိမ်းတိုက်ပွဲအဖြစ် လောက်ကိုင်ကို ပစ်မှတ်ထားနေသည်။
ပြင်းထန်သည့် စစ်ရေးခြိမ်းခြောက်မှုများရှိနေသော်လည်း ယနေ့ (အောက်တိုဘာ ၃၀) နံနက်ပိုင်းအထိ လောက်ကိုင်ကို ကိုးကန့်စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။
တော်လှန်ရေးတပ်များလက်ထဲ ချင်းရွှေဟော် ကျသွားပြီးနောက် ကိုးကန့်စစ်ကောင်စီရုံးစိုက်ရာ လောက်ကိုင် ထပ်မံ မဆုံးရှုံးရေးအတွက် စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်များက ခံစစ်ပြင်နေကြသည်။ လောက်ကိုင်ကို ကာကွယ်ရန်အတွက် ၎င်းတို့တွင် စွမ်းရည်အပြည့်ရှိကြောင်း ကိုးကန့်စစ်ကောင်စီက အောက်တိုဘာ ၂၈ တွင် ကြေညာခဲ့သည်။
သို့သော်လည်း ဒေသတွင်းအခြေအနေများ ရှုပ်ထွေးနေပြီး ပိုမိုပြင်းထန်သည့် တိုက်ပွဲများ လောက်ကိုင်တွင် ဖြစ်ပွားရန် တာစူနေသည်။
စစ်ပွဲကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကိုးကန့်စစ်ကောင်စီသည် အောက်တိုဘာ ၂၈ ရက်နေ့က လောက်ကိုင်ထဲမှ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ရဲများထံ လွှဲပေးခဲ့သည်ဟု BBC မြန်မာပိုင်းသတင်းဌာနက ရေးသားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ကလည်း ကျားဖြန့်သံသယဖြင့် တရုတ် ၃၈၀ နီးပါးကို ကိုးကန့်စစ်ကောင်စီက တရုတ်ဘက် ပြန်ပို့ခဲ့သည်။
စစ်ပွဲကြောင့် လောက်ကိုင်မြို့သည် မတည်မငြိမ်ဖြစ်နေပြီး ကုန်စျေးနှုန်းလည်း အဆမတန်တက်နေကြောင်း ဒေသခံများက ဆိုသည်။ ကိုးကန့်စစ်ကောင်စီက ကုန်စည်များကို စျေးတင်မရောင်းရန် သတိပေးထားသော်လည်း မြို့တွင်း ဆန်၊ ဆီ စျေးနှုန်း အဆမတန်တက်နေပြီး အရောင်းအဝယ်တချို့ ရပ်သွားကြောင်း ဒေသခံများက ဆိုသည်။
“ဆန်တစ်အိတ်ကို (ကျပ်) ၄ သိန်းလောက် ပေးနေရပြီ” ဟု လောက်ကိုင်ရောက် ရန်ကုန်သားတစ်ဦးက ပြောသည်။
လောက်ကိုင်တွင် ပိတ်မိနေသူများအနက် တရုတ်တို့က နယ်စပ်ကူးကာ စစ်ရှောင်နိုင်သော်လည်း ပြည်မဘက်မှ လာကြသူများအတွက် အပြန်လမ်းတစ်လျှောက် တိုက်ပွဲများဖြစ်နေသည့်အတွက် စစ်ရှောင်ရန် မလွယ်ကြောင်းလည်း ၎င်းက ပြောသည်။
လောက်ကိုင်မြို့ကို စစ်ကောင်စီခန့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးမြင့်ဆွေက ခေါင်းဆောင်ပြီး အုပ်ချုပ်နေသည်။ သူသည် ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များအပေါ် သြဇာကြီးသူလည်း ဖြစ်သည်။
စစ်ရေးအတွက် ဗိုလ်မှူးချုပ် မိုးကျော်သူက ဦးဆောင်ပြီး သူ၏အောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) တပ်ဖွဲ့ရှိသည်။ ထိုတပ်ဖွဲ့သည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အမိန့်ကို နာခံရသည်။
မြောက်ပိုင်းအဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး (Operation 1027) စတင်ပြီး ၃ ရက်အတွင်း စစ်ကောင်စီစခန်း ၅၇ ခုအထိ သိမ်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)