
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ဒေသခံတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အရေးပေါ်ကာလအမိန့် ထုတ်ပြန်လိုက်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် ထိုမြို့နယ်နှစ်ခုတွင် ညမထွက်ရန်၊ စားသောက်ကုန်ပစ္စည်းများ ဈေးတင်မရောင်းရန် စသည့် အချက်များ ပါဝင်သော အရေးပေါ်ကာလအမိန့်ကို TNLA ၏ အထွေထွေအုပ်ချုပ်ရေးဌာနက နိုဝင်ဘာ ၁၄ တွင် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း နေအိမ်အပြင် သွားလာရန် လိုအပ်ပါက ခွင့်ပြုချက်တောင်းခံရန်၊ ရာဇဝတ်မှုများ မကျူးလွန်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ခြင်းမပြုရန်၊ စားသောက်ကုန်များ ဈေးတင်မရောင်းရန်နှင့် မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း ပါဝင်သည်။
“စာထုတ်ပြန်ထားတာ မှန်ပါတယ်။ စစ်ရှောင်တွေရဲ့ နေအိမ်တွေမှာ ခိုးမှုတွေ များလာတယ်။ ပြည်သူလူထုတွေရဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်သွားနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က Myanmar Now ကို ယမန်နေ့ မွန်းလွဲက ပြောသည်။
ထိုအမိန့်စာထုတ်ပြန်ချက်သည် ထုတ်ပြန်ချက်အသစ် တစ်စုံတစ်ရာမရှိမချင်း တရားဝင်အသက်ဝင်နေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီကလည်း တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးဂိတ်ရှိရာ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့အပါအဝင် ၈ မြို့နယ်ကို နိုဝင်ဘာ ၁၂ ကတည်းက စစ်အုပ်ချုပ်ရေးဒေသများအဖြစ် ကြေညာထားသည်။
နိုဝင်ဘာ ၃ ရက်တွင် နမ့်ခမ်းမြို့အနီး TNLA က တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပြင်တွင် ကျန်ရှိနေသေးသော စခန်းသစ် တပ်စခန်းကို ပိတ်ဆို့ခဲ့သည်။
ထိုစခန်းမှ မြို့ပေါ် လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်သောကြောင့် တိမ်းရှောင်နေသော ဒေသခံတို့၏ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရသည်ဟု TNLA ဘက်က ဆိုသည်။

နမ့်ခမ်းမြို့မစျေးကို တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၃ ရက်ကတည်းက ပိတ်ထားပြီး နေအိမ်များအတွင်း နေ့စဉ် ဖောက်သွင်း ဝင်ရောက် ခိုးယူမှုများ ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောကြသည်။
“ညတိုင်း အိမ်တွေဖောက်ပြီး ခိုးနေသူတွေ ရှိနေတယ်လေ။ ခိုးတဲ့သူတွေက မူးယစ်ဆေးဝါးသုံးစွဲနေတဲ့သူတွေ များတယ်။ TNLA ကတော့ မြို့မစျေးထဲကို ဝင်ထွက်ခွင့် မပြုထားဘူး။ ညမထွက်ရဘူးဆိုတာတော့ ညပိုင်းတွေပဲ တိုက်ပွဲဖြစ်တာကြောင့် ထင်ပါတယ်” ဟု နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့ နံနက်စောစောပိုင်းတွင် မြို့ပေါ်လမ်းမကြီးပေါ်ရှိ အမှိုက်များကို TNLA က ရှင်းလင်းခဲ့သည်ကို တွေ့ရကြောင်း သူက ဆိုသည်။
နိုဝင်ဘာ ၁၅ ရက်နေ့က ဒေသတွင်း အွန်လိုင်းသတင်းဌာန ရွှေဖီမြေ၏ သတင်းဓာတ်ပုံများတွင်လည်း နမ့်ခမ်းမြို့တွင်း အမှိုက်ပုံကို ရှင်းလင်းနေသူများထဲတွင် မောင်းပြန်သေနတ်လွယ်ထားသည့် TNLA စစ်သားများကို တွေ့ရသည်။
မူဆယ်မြို့ပေါ်တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့မှ မိုင်အနည်းငယ်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ လွယ်ကောင်မူးတောင် စစ်တပ်စခန်းကို ယမန်နေ့ နံနက်တွင် TNLA က တိုက်ခိုက် သိမ်းယူခဲ့ကြောင်း မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ညမထွက်ရအမိန့်လည်း ရှိသောကြောင့် မူဆယ်တွင် ညစျေးတန်း၊ ဆိုင်ခန်းများ ပိတ်ထားရကြောင်း မြို့ခံများက ဆိုသည်။ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည့် ရှမ်းမြောက် မြို့နယ် ၈ ခုသည် ညီနောင်မဟာမိတ်များ၏ ထိန်းချုပ်နယ်မြေတွင် ရှိနေသောကြောင့် စစ်ကောင်စီ၏အမိန့် သက်ရောက်မှုမရှိကြောင်း TNLA ဘက်က ဆိုသည်။
“၁၀၂၇” စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ မှစတင်၍ လားရှိုးမြို့တောင်ဘက် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို တအာင်းတပ်မတော် (TNLA) ဦးဆောင်သည့် အဖွဲ့များက နယ်မြေထိန်းချုပ်ထားနိုင်သလို မြောက်ဘက်ပိုင်းရှိ တာမိုးညဲ၊ ကွမ်းလုံ၊ ချင်းရွှေဟော်မြို့တို့ကို ကိုးကန့်တပ် (MNDAA) ဦးဆောင်သည့် အဖွဲ့များက သိမ်းယူထားပြီး မြို့တချို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)