ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်ရေးခြိမ်းခြောက်မှုများရှိလာပြီးနောက် စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် ယမန်နေ့ (ဖေဖော်ဝါရီ ၁) မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာသည့်အပြင် ရေလမ်းခရီး ၁ နာရီသာ သွားရသည့် ပေါက်တောမြို့ ရက္ခိုင့်တပ်တော် (AA) လက်ထဲသို့ ကျရောက်ခြင်း၊ မြို့တော်အနီး ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာခြင်း စသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပြီးနောက် ထိုသို့ထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်တွေမြို့နယ်နယ်နိမိတ်အတွင်း ည ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရန် ထုတ်ပြန်ထားသည့် ထိုအမိန့်သည် နှစ်လကြာ တည်မြဲမည်ဖြစ်ကြောင်း စစ်တွေမြို့တွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကြေငြာနေသည်ကို တွေ့ရသည်ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ညနေ ၅ နာရီလောက်က ဆိုက်ကားနဲ့ လှည့်အော်တာ။ ဒီနေ့ ၁၂ ခွဲကနေ ဖုန်းလိုင်းတွေ အကုန်ပိတ်လိုက်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ဆိုသည်။
စစ်တွေမြို့အတွင်း စစ်ကောင်စီ၏ ရေတပ်၊ ကြည်းတပ်တို့က ခံစစ်သေချာပြင်ဆင်ထားဟန်ရှိကြောင်း သူက ဆက်ပြောသည်။
ဇန်နဝါရီလဆန်းကတည်းက စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ် ကျေးရွာများကို ဖယ်ရှား၊ မီးရှို့ကာ အဖမ်းအဆီးများလည်း ပြုလုပ်ခဲ့ရာ ခံစစ်၏ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း လေ့လာသူတို့က ခန့်မှန်းသည်။
ထို့နောက် ပြည်နယ်အရှေ့ခြမ်း တိုက်ပွဲများသည် စစ်တွေမြို့နယ် ဝန်းကျင်တွင် ဖြစ်ပွားလာပြီး မြောက်ဦးခရိုင် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် စစ်တွေခရိုင်အတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့အနီး တိုက်ပွဲ များဖြစ်ပွားလာသည်။
ဇန်နဝါရီ ၃၀နှင့် ၃၁ တွင် စစ်တွေမြို့နယ်၊ ဇော်မဒတ်ရွာနှင့် မြစ်နား (ကင်းမော်) ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
“ဇော်မဒတ်နဲ့ကင်းမော် ချောင်းတစ်ဖက်တကမ်းမှာ တိုက်ပွဲဖြစ်ကြတယ်။ နှစ်ဖက်တိုက်ပွဲဆိုတော့ နည်းနည်း ပြင်းထန်တယ်။ အလယ်မှာ ချောင်းရှိတယ်။ အဲဒီချောင်းကို ကျော်ပြီးတော့ ပစ်ကြတာ” ဟု ၎င်းက ဆိုသည်။
သူပြောသည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်းမရှိသလို Myanmar Now အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ထိုးစစ် ပြင်းထန်နေချိန်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ဒေသတစ်ခုလုံး ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်သွားမည်၊ AA တပ်ဖွဲ့၏ မျှော်လင့်ချက်များ ပိုမို နီးကပ်လာပြီဟု BBC မြန်မာဌာန၏ ဖေဖော်ဝါရီ ၁ အွန်လိုင်းရုပ်သံအင်တာဗျူးတွင် ပြောဆိုထားသည်။
“ဒုက္ခတွေကို ခါးစည်းခံနေတဲ့ ပြည်သူတွေကိုယ်၌က ငါတို့အိမ်တော့ မီးလောင်သွားပြီ၊ ငါတို့ တစ်ရပ်ကွက်လုံးလည်း ရန်သူတွေက မီးရှို့လိုက်ပြီ။ ဒါကြောင့် အပစ်မရပ်ဖို့ပဲ လိုတယ်၊ လွတ်မြောက်ရေး ရရင်ပြီးပြီ၊ တိုက်စရာရှိတာကို တိုက်ကြပါဆိုတဲ့ စည်းစည်းလုံးလုံးနဲ့ ခွန်အားအပြည့်နဲ့ ရပ်တည်နေတဲ့ကာလဆိုတော့ အရင်ထက်စာမယ်ဆိုရင် မျှော်လင့်ချက်တွေ အများကြီးရှိတယ်” ဟူသော သူ၏ ပြောဆိုချက်ကို BBC က ထုတ်လွှင့်ထားသည်။
“ကျွန်တော်တို့ကိုယ်တိုင်လည်း အရင်ထက်ပိုပြီးမှ ခွန်အားတွေ စိုက်ပြီးတော့ ကြိုးစားနေတဲ့အနေအထား ဖြစ်ပါတယ်”
၂၀၂၃ နိုဝင်ဘာ ၁၃ မှ စတင်သည့် တိုက်ပွဲများကြောင့် ရခိုင်တစ်ပြည်လုံးတွင် စစ်ရှောင်ဦးရေ သိန်းချီရှိလာပြီး ယခင်တိုက်ပွဲများမှ စစ်ရှောင်များပါ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဇန်နဝါရီ ၃၁ တွင် စစ်တွေနှင့် ၃ မိုင်ခန့်ဝေးကွာသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းရွာနှင့် အောင်ဇေယျရွာ အကြားတို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ သုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် အိမ်ခြေ ၃၀ ခန့်ရှိသည့် ဆားကုန်ဘုတ်ရွာကိုမီးရှို့ခဲ့ပြီး မထွက်ပြေးနိုင်လိုက်သည့် အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင်တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီကမူ ထိုရွာတွင် ၎င်းတို့၏ စစ်သားများ ရှိနေစဉ် ရန်သူက မီးလာရှို့သွားခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မှ စစ်တပ်နှင့် AA တို့သည့် နိုဝင်ဘာ ၁၃ မှစတင်ကာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသည် ရခိုင်နှင့်ပြည်မ ဆက်သွယ်ရေးလမ်းမကြီးကို ဖြတ်တောက်လိုက်ကာ ဒေသတွင်း ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ပိတ်ဆို့လိုက်သည်။
အလားတူ ထိုနေ့တွင်ပင် စစ်တွေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ည ၉ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် နှုတ်ဖြင့် ညွှန်ကြားခဲ့ပြီး ရပ်ကွက်တွင်း ထိုအမိန့်ကို ထုတ်ပြန်ရန် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ပေးခဲ့သည်ဟု သိရသည်။
စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည့် AA အတွက် အဆိုပါ ပိတ်ဆို့ကန့်သတ်မှုများက မည်မျှအထိ ထိခိုက်မှုရှိကြောင်း မသိရသေးသော်လည်း ဒေသခံပြည်သူများအပေါ် သက်ရောက်မှု ကြီးမားနေသည်။
ပိတ်ဆို့မှုများမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်အစပြုသည့် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပေါ်ပေါက်လာသည်။
ထိုစဉ်က စစ်တပ်၏ ပိတ်ဆို့မှုကြောင့် စစ်တွေတွင်လည်း ကုန်စျေးနှုန်း နာရီပိုင်းအတွင်း ခုန်တက်သွားသည်၊ မိုခါမုန်တိုင်းကာလ ရိက္ခာပြတ်လပ်သည့်ဒဏ်ကို ခံဖူးသည့် ဒေသခံတို့က ဆန်ဆိုင်၊ ဆီဆိုင်များတွင် ကြိတ်ကြိတ်တိုးနေကြသည်ဟု စစ်တွေ မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“ဒါကို သင်ခန်းစာယူပြီးတော့ အလုအယက်ကို ဝယ်နေကြတယ်။ ဆန်ဆိုင်တွေမှာဆို တိုးမပေါက်ဘူးဗျာ။ လူတွေကို တစ်ပုံကြီးပဲ။ ဆန်ဆိုင်တွေနဲ့ စားသောက်ကုန်ဆိုင်တွေမှာ လူတွေက အရမ်းပြည့်ကျပ်နေတာကို တွေ့ရတယ်” ဟု ထိုမြို့ခံက ရခိုင်ပြည်နယ်သို့ စစ်ပွဲရောက်သည့် နေ့တွင် ပြောသည်။
လက်ရှိတွင် စစ်တွေတွင် မြို့တွင်းတိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်၍ စစ်တွေဒေသခံများမှာ ရခိုင်ကျေးလက်ဒေသနှင့်ပြည်မဘက်သို့ နေရပ်စွန့်ခွာသူ မြင့်တက်လာသည်။ ရန်ကုန်၊ မန္တလေးသို့ သွားမည့် လေကြောင်းခရီးစဉ်များမှာလည်း မတ်လကုန်အထိ လူပြည့်နေသည်ဟု လေယာဉ်လက်မှတ်ရောင်းသူများက ပြော သည်။