
ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် စစ်ကောင်စီက ယမန်နေ့ (မေ ၂၆) တွင် “ညမထွက်ရအမိန့်” ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးခြင်းဖြစ်ကြောင်း ပလက်ဝမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မနက် ၆ နာရီ ည ၆ နာရီ မထွက်ရဘူး။ ထွက်ရင်ပစ်မယ်ဆိုပြီးတော့ ပြောတယ်။ စက်လှေတွေလည်း မထွက်ရလို့ ပြောပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆိုသည်။
ပလက်ဝမြို့ ပစ်ခတ်မှုအခြေအနေများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ညနေ ၅ နာရီအထိ မြို့အရှေ့ဘက် တစ်မိုင်ကျော်ရှိ ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ ဘက်မှ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း၊ အဘောင်သားကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ မိနစ်အတန်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း AA က BBC မြန်မာပိုင်းကို အတည်ပြုပြောဆိုထားသည်။
စစ်ကောင်စီဘက်မှ ဆက်လက်အင်အားများတိုးပြီး စစ်ရေးလှုပ်ရှားမှုများကို တွေ့နေရသည်ဟု ပလက်ဝမြို့ခံနောက်တစ်ဦးက ပြောသည်။
“မနေ့က စပြီးတော့ ညမထွက်ရဆိုပြီး မြို့ထဲမှာ အသိပေးတာပါ။ ဒီနေ့ မနက်ကလည်း စစ်သားတွေ ဟွန်ဒါ (စက်တပ်လှေ) သုံးစီးနဲ့ (မြစ်အထက်) အပေါ်ကို တက်သွားတာ တွေ့တယ်။ တစ်စီးမှာ အနည်းဆုံး အင်အား ၅၀၊ ၆၀ နီးပါးလောက် ပါတယ်” ဟု ၎င်းက ပြောပြသည်။
လက်ရှိ ပလက်ဝမြို့တွင် ကုန်စျေးနှုန်းများ ရုတ်ချည်းမြင့်တက်သွားသည်။
“တိုက်ပွဲမဖြစ်ခင် ရက်ပိုင်းအလိုက ဆန်တစ်အိတ်ကို ၅၅၀၀၀၀၊ ၅၇၀၀၀၀ ပါ။ အခုတိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ဆန်တစ်အိတ် ၆၅၀၀၀၀ အထိ ဖြစ်သွားပြီ။ မနေ့က တစ်ရက်တည်းမှာ ဖြစ်သွားတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ယခင် တိုက်ပွဲများပြင်းထန်စဉ်က ပလက်ဝ၌ ၂၀၁၉ နိုဝင်ဘာ ၉ တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး တစ်ကြိမ်လျှင် နှစ်လစီ သက်တမ်းတိုးကာ ၂၀၂၀ ဧပြီ ၉ အထိ ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က ပလက်ဝမြို့သည် ကုန်းကြောင်း၊ ရေကြောင်း အသွားအလာပိတ်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ မြင့်တက်သွားသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့ကြား စစ်ရေးတင်းမာနေပြီးနောက် ယမန်နေ့တွင် တိုက်ပွဲ တစ်ကျော့ပြန်ဖြစ်လာခြင်း ဖြစ်သည်။
၂၀၁၈ မှ ၂၀၂၀ အထိ နှစ်နှစ်ကျော်ကြာ စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝသည်လည်း စစ်ဒဏ်ခံခဲ့ရပြီး အာဏာသိမ်းခါနီး နားလည်မှုဖြင့် အပစ်ရပ်သွားချိန်၌ ဒေသတွင်း တည်ငြိမ်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များ ပလက်ဝတွင် လှုပ်ရှားလာသည်။
ယနေ့ နံနက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာနှင့် သျှသျှားတောင်ကျေးရွာကြား ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ထိုနေရာအနီး AA နှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားမှုရှိနေကြောင်း ဘူးသီးတောင်ဒေသခံတစ်ဦးကလည်း ပြောသည်။
“မိုင်းပေါက်တာလို့ ပြောတယ်။ အသံအကျယ်ကြီးကြားလိုက်ရတယ်လို့ အဲဒီအနီးအနားက လူတွေက ပြောကြတယ်။ အဲဒီဘက်မှာလည်း စစ်တပ်နဲ့ AA နဲ့ တင်းမာနေကြတာ။ စစ်တပ်က ရှေ့တိုးလာရင် ဖြစ်မှာ” ဟု ထိုဒေသခံက ဆိုသည်။
ယမန်နှစ် ဒီဇင်ဘာနှင့် ဖေဖော်ဝါရီအတွင်း ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပြီးနောက် ဒေသတွင်း နှစ်ဖက် စစ်ရေးတင်းမာနေကြစဉ် မေ ၂၅ ရက်က အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းက AA စိုးမိုးရာနယ်မြေအတွင်း ဝင်ရောက်ခဲ့ပြီးနောက် မေ ၂၆ ၌ တိုက်ပွဲဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေဆုံးများပြားသလို AA ဘက်မှလည်း ထိခိုက်မှုရှိသည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် Myanmar Now က ဆက်သွယ်မေးမြန်းနေသော်လည်း AA ထံမှ တုံ့ပြန်ချက်မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)