ကျန်းမာရေး

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုးရှိ လူနာ ရှစ်ဦးဖြစ်လာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မတ် ၂၈) နံနက် ၀၀ နာရီ ၁၅ မိနစ် ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ ‘သုံးဦး’ ထပ်တိုးလာခဲ့ပြီး မြန်မာနိုင်ငံတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၈) ဦး ရှိလာခဲ့သည်။

ဝန်ကြီးဌာနက မတ် ၂၈ တွင် ထုတ်ပြန်လိုက်သည့် နောက်ဆုံးပိုးတွေ့လူနာ သုံးဦးစာရင်းတွင် ဆွစ်ဇာလန်နိုင်ငံသူ တစ်ဦးပါဝင်နေသော်လည်း ၎င်း၏ အလုပ်အကိုင်ကိုမူ ဖော်ပြမထားပါ။ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပြီး နာရီပိုင်းခန့်အကြာတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေရုံးက အဖွဲ့အစည်း၏ နိုင်ငံတကာဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ၎င်းသည် ကိုဗစ်နိုင်တင်း (COVID-19)  ရှိကြောင်း မြန်မာနိုင်ငံတွင် အတည်ပြုခံရသည့် ပထမဆုံးနိုင်ငံခြားသား ဖြစ်လာသည်။ (မန္တလေးမြို့ရှိ ကိုဗစ်နိုင်တင်းလူနာမှာမူ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသည့် မြန်မာလူမျိုး ဖြစ်သည်)

ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဌာနေရုံးတို့က အဆိုပါလူနာ၏ အမည်ကို ဖော်ပြခြင်း မရှိသော်လည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် ထပ်တိုးလူနာ သုံးဦး၏ အမည်၊ အသက်၊ တက်ရောက်နေသော ဆေးရုံစာရင်းများနှင့် ပိုးတွေ့ရှိကြောင်း အတည်ပြုရလဒ်များ ဖော်ပြပါရှိသည့် စခရင်ရှော့ (screenshot) တစ်ခုသည် တရားဝင်ထုတ်ပြန်ချက်များ မထွက်မီ နာရီပိုင်းအလိုကတည်းက လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေခဲ့သည်။ စတင်ဖြန့်ဖြူးခဲ့သည့် အရင်းအမြစ်ကိုမူ မသိရပါ။ 

၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ ကုလသမဂ္ဂဝန်ထမ်းသည် ဆွစ်ဇာလန်နိုင်ငံမှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၈ တွင် ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်နေထိုင်နေခဲ့သူ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုထားသည်။

ထိုသို့ အသွားအလာကန့်သတ်နေထိုင်စဉ် ၎င်းသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းစသည့် လက္ခဏာများကို စတင်ခံစားလာခဲ့ရသဖြင့် နေပြည်တော်ရှိ ခုတင် ၁,၀၀၀ အထွေထွေဆေးရုံကြီးတွင် မတ် ၂၆ တွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။

၎င်းသည် မတ် ၁၃ က ဆွစ်ဇာလန်တွင် ကိုရိုနာဗိုင်းရပ်ရှိသည့် ၎င်း၏ ဖခင်နှင့် ၂ နာရီကြာ အနီးကပ် ရှိခဲ့သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ မတ် ၂၈ ထုတ်ပြန်ချက်တွင် ပြည်ပနိုင်ငံများသို့ ၁၄ ရက်အတွင်း သွားရောက်ခဲ့ခြင်း မရှိသည့် အသက် ၆၀ ရှိ ခရီးသွားဧည့်လမ်းညွှန်တစ်ဦးလည်း ပါဝင်လာသဖြင့် ၎င်းသည် ပြည်တွင်း၌ပင် ကူးစက်ခံရသည့် ပထမဆုံးလူနာ ဖြစ်လာသည်။ ၎င်းသည် လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူလျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန် ဗဟန်းမြို့နယ်ရှိ အသက် ၆၀ အရွယ် အဆိုပါဧည့်လမ်းညွှန်အမျိုးသမီးသည် ချောင်းဆိုးခြင်းနှင့် အန်ခြင်း လက္ခဏာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၆ တွင် ရောက်ရှိလာခဲ့ပြီး ယင်းနေ့တွင်ပင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိရသည်။ ၎င်းသည် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားခဲ့သည့် ရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ဧည့်သည်များနှင့်အတူ အလုပ်ခရီးများ သွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးထုတ်ပြန်ချက်ပါ လူနာနောက်တစ်ဦးမှာ ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဝန်ကြီးဌာန၏ မတ် ၂၅ ထုတ်ပြန်ချက်ပါ တတိယလူနာနှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ မတ် ၂၁ တွင် ပြန်လာခဲ့သူဖြစ်ကြောင်း၊ မတ် ၂၆ မှစ၍ ၎င်းကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ထပ်တိုးလူနာ သုံးဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်ဟုလည်း ဝန်ကြီးဌာနက ဆိုသည်။

ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (COVID-19) ရောဂါဖြစ်ပွားသူ ရှစ်ဦးအနက် ခုနစ်ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လာကြသူများ ဖြစ်သည်။ 

ထို့ကြောင့် ကိုရိုနာဗိုင်းရပ်ရှိသည်ဟု ဓာတ်ခွဲအတည်ပြုထားသောလူနာ ရန်ကုန်တွင် ငါးဦး၊ မန္တလေးတွင် တစ်ဦး၊ ချင်းပြည်နယ် တီးတိန်တွင် တစ်ဦးနှင့် နေပြည်တော်တွင် တစ်ဦး ဖြစ်ပြီး အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဖြစ်သည်။ 

 

 

 

 

Show More

Related Articles

Back to top button