သတင်း

စစ်ကောင်စီက CNF ဌာနချုပ်အနီးရှိ ရွာကို ဗုံးကြဲ၊ ကျောင်းဆရာမအပါအဝင် ၂ ဦး သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်နှင့် ခြောက်မိုင်ခန့်သာ ဝေးသည့် ရွာကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၂၇) တွင် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်။

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်း အိမ်ခြေ ၇၀ ခန့်ရှိ တလန်လိုရွာမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။ 

“ရွာလယ်တည့်တည့်မှာ ဗုံးတစ်ကြိမ်ချတယ်။ ကျောင်းဆရာမတစ်ယောက်နဲ့ လူကြီးတစ်ယောက်တော့ သေသွားတယ်”

အသက် ၅၄ နှစ်အရွယ် ဒေါ်နီဒိမ်ဆိုသည့် ကျောင်းဆရာမသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူဖြစ်ကာ အခြားသေဆုံးသူတစ်ဦးမှာ ၄၈ နှစ်အရွယ် ဦးဟရမ်ကျဲအိုဆိုသူဖြစ်ပြီး ၎င်းတို့ကို ညတွင်းချင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရစဉ် ထိခိုက်ဒဏ်ရာရသူ ၇ ဦးရှိပြီး အသက် ၅ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု CNF ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက်စာမျက်နှာဖြစ်သော Chinland Information Center က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် တလန်လိုရွာမှ လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် စုစုပေါင်း အဆောက်အအုံ အလုံး ၃၀ ကျော် ပျက်စီးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်မြို့အကြား သီးမစ်လွင်ပြင်ရှိ စစ်ကောင်စီ၏ ယာယီစခန်းတစ်ခုကို CNA က တိုက်ခိုက်သိမ်းယူပြီး နာရီပိုင်းအတွင်း ၎င်းတို့ဌာနချုပ်အနီးမှ ရွာကို အကြောင်းမဲ့ ဗုံးကြဲခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။​

“သီးမစ်တံတားက စခန်းကို ဝင်သိမ်းလိုက်တဲ့အတွက် အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ အကြောင်းမဲ့ လာတိုက်ခိုက်သွားတာ၊ အဲ့ဒီလိုပဲ မြင်ပါတယ်။ စစ်တပ်ရဲ့လုပ်ရပ်ကတော့ သူတို့အထိနာတိုင်းမှာ ပြည်သူကအစ မခြွင်းမချန်ဘဲနဲ့ ပြောင်ပြောင်တင်းတင်း ရက်ရက်စက်စက်လုပ်တာပါပဲ။ အကြမ်းဖက် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပါပဲ”

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Chinland Information Center)

ချင်းအမျိုးသားတပ်ဦးက သိမ်းယူခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ယာယီစခန်းနှင့် ဗုံးကြဲခံရသည့် တလန်လိုရွာမှာ မိုင် ၃၀ ခန့်ကွာဝေးသည်ဟုလည်း သိရသည်။​

လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် သီးမြစ်ကူးတံတားကို CNA နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ပူးပေါင်းကာ ၂၀၂၁ အောက်တိုဘာလအတွင်း မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဟားခါးနှင့် ထန်တလန်အကြားတွင် ယာယီစခန်း သုံးခုအထိ ချထားခြင်းဖြစ်သည်။​

ယမန်နေ့က သီးမြစ်ကူးတံတားအနီးမှ အင်အား ၂၀ ခန့်ရှိ စစ်တပ်ယာယီစခန်းကို စီးနင်းတိုက်ခိုက်စဉ် လက်နက်တချို့သိမ်းဆည်းရမိသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုသည်။

“ကျွန်တော်တို့ဘက်က ရဲဘော် ၁ ယောက် ကျတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ သူတို့ဘက်က လက်နက် ၃ လက် (ချင်းအဖွဲ့တွေ) ရရှိတယ်။ RPG ရယ်၊ ၆၀ မမ ရယ်၊ ၄၀ မမ ရယ် ရတာပေါ့။ နောက်ထပ်စခန်းနှစ်ခုကို ဝင်စီးမယ်အလုပ်မှာ တိုက်လေယာဉ်လာသွားတဲ့အတွက် ကျွန်တော်တို့ ဆုတ်ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

တောတောင်ထူထပ်သည့် နိုင်ငံအနောက်မြောက်ဘက်ခြမ်း ချင်းပြည်နယ်သည် အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်နေပြီး ထိုဒေသရှိ ခြေကုပ်စခန်းများ စီးနင်းတိုက်ခိုက်ခံရသည့်အခါ စစ်ကောင်စီက နီးစပ်ရာ ကျေးရွာများကို ဗုံးကြဲလေ့ရှိသည်။​

ယခုလဆန်းပိုင်း၌ပင် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ချင်းတော်လှန်ရေးအဖွဲ့များက စီးနင်းသိမ်းပိုက်ပြီး နာရီပိုင်းအကြာတွင် ရွာတစ်ရွာ ဗုံးကြဲခံရကာ အရပ်သား ၉ ဦးအထိ သေဆုံးခဲ့ရသည်။ 

ချင်းပြည်နယ်အတွင်း မတ်လကုန်ပိုင်းမှ ယခုလကုန်ပိုင်းအထိ တစ်လတာအတွင်း စစ်ကောင်စီက ရွာသုံးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၁ ဦးအထိ သေဆုံးခဲ့သည်။ ပြည်နယ်တစ်ခုလုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။​

စစ်ကောင်စီက CNF ဌာနချုပ်ကိုလည်း ယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုစဉ်က CNA တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button