ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ) ၂၆၉ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ (ဩဂုတ် ၅) ရက် နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်သည်။
အိန္ဒိယ မြန်မာနယ်စပ်၊ ဟားခါးခရိုင်အတွင်းရှိ ထန်တလန်မြို့ပေါ်တွင် စစ်တပ်တပ်စွဲထားသည့် နေရာ ၇ ခုအနက် ခလရ ၂၆၉ အထိုင်စခန်းအပါအဝင် စခန်းအများစုကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ အရာရှိက ပြောသည်။
ကျန်ရှိနေသည့် စခန်းငယ် ၂ ခုကို ဆက်လက် တိုက်ခိုက်နေသည်ဟု ၎င်းက ဆိုသည်။
“ခလရ ၂၆၉ အထိုင်တပ်ကုန်းကြီးကို သိမ်းလိုက်နိုင်ပြီ၊ အဲ့ဒီအနီးအနားမှာရှိနေတဲ့ ကင်းစခန်း အသေး ၂ ခု ကျန်သေးတယ်၊ ဒါပေမဲ့ အထိုင်တပ်ကုန်းကျသွားပြီဆိုတော့ အဲ့ဒါတွေကလည်း မကြာခင်တော့ ကျွန်တော်တို့ စိုမိုးထားလို့ ရတော့မှာပါ” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးမကြာမီ ၂၀၂၁ နှစ်ကုန်ခန့်ကတည်းက စစ်ဘေးကြောင့် မြို့လုံးကျွတ် မီးရှို့ခံခဲ့ရသည့် ထန်တလန်မြို့နှင့် ပြည်နယ်မြို့တော်ဖြစ်သည့် ဟားခါးကြား လမ်းတစ်လျှောက်ရှိ စခန်းငယ်များကို ဇူလိုင်လ ၂၂ ရက်စတင်ကာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထန်တလန်မြို့တွင်းရှိ စစ်တပ်အခြေချနေရာများကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ယနေ့နံနက်တွင် ထန်တလန်မြို့ပေါ်ကို လေတပ်က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထန်တလန်မြို့မှ မိုင် ၂၀ ခန့်အကွာရှိ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီအထိုင်ချ ဗျူဟာတပ်စခန်းကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဆလိုင်းထက်နီက ပြောသည်။
သိမ်းပိုက်လိုက်သည့် ခလရ ၂၆၉ ရှိ တပ်စွဲအင်အား၊ နှစ်ဖက် သေဆုံးမှုနှင့် သိမ်းဆည်းရမိသည့် လက်နက်များကိုမူ အသေးစိတ် မသိရသေးဘဲ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေသည်ဟုလည်း CNA ပြောခွင့်ရက ဆိုသည်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်များတွင် CNA အပါအဝင်၊ ချင်းညီနောင်တပ်ဖွဲ့၊ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပါဝင်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်ပေါ်တွင် တည်ရှိသော ထန်တလန်မြို့သည် ချင်းတော်လှန်ရေးတပ်များအတွက် အရေးပါသကဲ့သို့ စစ်ကောင်စီအတွက်လည်း ပြည်နယ်မြို့တော်ရှိ အခြေချဗျူဟာကုန်း လုံခြုံရေးအတွက် ထန်တလန်ကို နယ်မြေစိုးမိုးနိုင်ရန် အရေးပါသည်။
ထို့ပြင် ဒေသခံများသည် ဟားခါး-ထန်တလန်လမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ သွားလာရာတွင် ထန်တလန်မြို့မှ ဖြတ်သန်း၍ သွားရသည်။
“စစ်ရေးအတွက်သော်လည်းကောင်း၊ ပြည်သူအတွက်သော်လည်းကောင်း အင်မတန်မှ အရေးကြီးတဲ့နေရာပေါ့” ဟု ဆလိုင်းထက်နီက ဆိုသည်။
နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် ထန်တလန်မြို့သို့ စစ်ကူပို့ရာတွင် လေကြောင်းမှ မပို့တော့ဘဲ ဟားခါးဗျူဟာမှတစ်ဆင့် ကုန်းလမ်းမှသာ ပို့နေသည်ဟုလည်း ၎င်းက ဆိုသည်။
ဟားခါး-ထန်တလန် လမ်းကြောင်းပေါ်ရှိ စခန်းများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားသည်ဟု Chinland Information Center က ထုတ်ပြန်ထားသည်။
ထန်တလန်မြို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကိုခံခဲ့ရပြီး နှစ်ရာကျော်သက်တမ်းရှိ ဘုရားကျောင်းများအပါအဝင် အိမ်ခြေ ၁,၀၀၀ ကျော် ပြာကျခဲ့ရသည်။
စစ်ကောင်စီကမူ မီးရှို့မှုမှာ တော်လှန်ရေးအဖွဲ့များ၏လက်ချက်ဟု တုံ့ပြန်ခဲ့ဖူးသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းအများစုကို အမှောင်ချထားလေ့ရှိသည်။ တိုက်ပွဲသတင်း ရံဖန်ရံခါ ထုတ်ပြန်တတ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာတွင် ချင်းပြည်နယ်အကြောင်း သတင်းဖော်ပြခြင်းမပြုသည်မှာ ရက် ၃၀ မက ကြာပြီ ဖြစ်သည်။
အာဏာသိမ်းပြီး ၇ လကျော်အကြာမှစ၍ ထန်တန်မြို့တွင်း တိုက်ပွဲများ စတင်ခဲ့ရာ မြို့ခံလူဦးရေ ၁၀,၀၀၀ နီးပါးမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရသည်။ ဒုက္ခသည်များမှာ ၂ နှစ်ကျော်ကြာသည့်တိုင် နေရပ်မပြန်နိုင်သေးပေ။
ချင်းပြည်နယ် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြို့တို့ကို CNA နှင့် ချင်းပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။ ကျင်ဒွေး၊ မတူပီမြို့တို့ကို ချင်းညီနောင်အဖွဲ့ကာ သိမ်းပိုက်ထားကာ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်။



