သတင်း

ထန်တလန်ပြန်ရပြီဟု စစ်ကောင်စီ ကြွေးကြော်၊ အလိမ်အညာသတင်းဟု ချင်းတပ်များ တုံ့ပြန်

၃ လ ထိုးစစ်အပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်ရဟု စစ်ကောင်စီက ဆိုသည်၊ ချင်းတော်လှန်ရေးအဖွဲ့ကမူ ထက်ဝက်စီ ထိန်းချုပ်ထားသည့် ထိုမြို့တွင် တိုက်ပွဲများမရှိဟု ဆိုသည်။

၃ လကြာ ထိုးစစ်ဆင်ပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ညနေပိုင်းမှ စတင်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းဒေသကာကွယ်ရေးတပ် (CDF) တို့၏ လက်ထဲမှ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ယမန်နေ့ ( အောက်တိုဘာ ၃၀)တွင် ကြေညာခဲ့သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များကမူ စစ်ကောင်စီ၏ အဆိုပါ ထုတ်ပြန်ချက်မှာ ဝါဒဖြန့်ချိရေးသက်သက်ဖြစ်ပြီး ထန်တလန်မြို့တွင် ၎င်းတို့တပ်များ တပ်စွဲထားဆဲဖြစ်ကြောင်း ချက်ချင်းတုံ့ပြန်သည်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုများ ပြင်းထန်ရာ ချင်းပြည်နယ်၊ ဟားခါးခရိုင်ထဲမှ ထန်တလန်မြို့ကို ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားခဲ့ရသည်။

စစ်ကြောင့် မြို့နေလူထုအားလုံး မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ထန်တလန်မြို့တွင်းတွင် လူ ၇၅၀၀ ကျော် နေထိုင်သည်။

စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်များသည် လနှင့်ချီကြာ မြို့တွင်းတိုက်ပွဲများ ဆင်နွှဲပြီး ထန်တလန်မြို့ကို ထိန်းချုပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားခဲ့ကြသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယခုနှစ် သြဂုတ်လမှစတင်ပြီး မြို့ကို ပြန်သိမ်းနိုင်ရေးအတွက် စစ်ဆင်ရေး ၄ ဆင့် ဆောင်ရွက်ခဲ့ရသည်၊ နောက်ဆုံးအဆင့်အဖြစ် ထန်တလန်မြို့ ဆေးရုံကုန်းနှင့် အထက်တန်းကျောင်းအထိ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုအခြေအနေက ထန်တလန်မြို့ တစ်မြို့လုံးကို အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် CNF, CDF တို့နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လူသူလက်နက်များ သိမ်းဆည်းရမိသည်ဟုလည်း စစ်ကောင်စီ ထုတ်ပြန်ချက်က ဆိုသည်။

ချင်းအမျိုးသားတပ်မတော် (CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကမူ စစ်ကောင်စီ၏ ပြောဆိုချက်များကို ပယ်ချလိုက်သည်။

“အခုတစ်လောက ထန်တလန်မှာ ဘာတိုက်ပွဲမှလည်း မရှိဘူး။ အခု နှစ်ဖက်ငြိမ်နေတဲ့အနေအထားမှာ ရှိတယ်။ သူတို့က အဲ့လို ထန်တလန်ပြန်ထိန်းချုပ်နိုင်ပြီဆိုတာက လုံးဝ မမှန်ကန်ပါဘူး” ဟု ဆလိုင်းထက်နီက ဆိုသည်။

ချင်းဒေသကာကွယ်ရေးတပ် (CDF) ပြန်ကြားရေးတာဝန်ခံကလည်း ၎င်းတို့တပ်များ ထန်တလန်တွင် နဂိုအတိုင်း တပ်စွဲထားဆဲဟု ဆိုသည်။

“တစ်မြို့လုံးရဲ့ တစ်ဝက်စီလောက်မှာ နေရာယူထားတယ်။ သူတို့ကလည်း အပေါ်ဘက်မှာ နေရာယူတယ်။ ငါတို့လည်း အောက်ဘက်မှာ နေရာယူတယ်။ သူတို့ တစ်မြို့လုံးတော့ မထိန်းချုပ်ထားပါဘူး” ဟု CDF ပြန်ကြားရေးတာဝန်ရှိသူက Myanmar Now ကို ပြောသည်။

အခြားတစ်ဖက်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထန်တလန်မြို့စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသူများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲပြီး ချင်းတိုင်းရင်းသား ၅ ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖိလစ်ပိုင်တရားရုံးတွင် စစ်ရာဇဝတ်မှုဖြင့် တရားစွဲထားသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့တစ်နေရာကို ၂၀၂၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။( (ဓာတ်ပုံ-Salai Tial Hram Ling)

တရားလိုများမှာ ထန်တလန်မြို့တွင် စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သူတို့၏ မိသားစုဝင်များ၊ နေအိမ် မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်ကြပြီး ထိုလျှောက်ထားမှုကို ဖိလစ်ပိုင်တရားရုံးက ကြားနာရန် လက်ခံ၊ မခံ ဆိုသည်ကိုမူ မသိရသေးပါ။

တရားလိုများ၏ စွပ်စွဲချက်တွင် မြန်မာစစ်တပ်က ထန်တလန်တွင် အရပ်သားများကို သတ်ဖြတ်မှု၊ ကိုယ်လက်အင်္ဂါဖြတ်တောက်မှု၊ နေအိမ်ရာနှင့်ချီ မီးရှို့ဖျက်ဆီးမှု၊ ဘုရားကျောင်းများကို ဖျက်ဆီးမှု၊ အကူအညီပေးရေးပစ္စည်းများကို လက်နက်သဖွယ်အသုံးပြုမှု စသည့် လုပ်ရပ်များ ကျူးလွန်ကြောင်း ပါရှိသည်။

အထက်ပါ တရားလိုများကို အကူအညီပေးခဲ့သည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက်အဖွဲ့၏ အဆိုအရ ၂၀၂၁ မှစတင်ပြီး ထန်တလန်အပါအဝင် ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၀၀၀ ကျော် ဖျက်ဆီးခံရပြီး၊ လူဦးရေ ၂၅၀ ကျော် သတ်ဖြတ်ခံရကာ လူဦးရေ ၆၀,၀၀၀ နီးပါး အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံရထားရသည့် စစ်ကောင်စီခန့် ချင်းဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် (စစ်ဝတ်စုံဖြင့်)။

ဖိလစ်ပိုင်တွင် စစ်ရာဇဝတ်မှုဖြင့် တိုင်ကြားခံထားရသူများ

(၁) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

(၂) စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်

(၃) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်

(၄) အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်

   (လက်ရှိ – အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး)

(၅) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဖြိုးသန့်

  (လက်ရှိ – စကစ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး)

(၆) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်ရှိတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်

  (နမခ တိုင်းမှူးနေရာအတွက် ဗိုလ်ချုပ်ဖြိုးသန့်ထံမှ ဆက်ခံသူ)

(၇) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်

(၈) ချင်းပြည်နယ် ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း

(၉) အမှတ် ၂၆၉ ခြေလျင်တပ်ရင်း၏တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးဇင်ထွန်း

(၁၀) အမှတ် ၂၂၂ ခြေမြန်တပ်ရင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူး နေမျိုးဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button